News

Gravityဇာတ်ကား သီတင်းတစ်ပတ် လက်မှတ်ရောင်းချမှု ဝင်ငွေစာရင်း၌ ဦးဆောင်

အာကာသယာဉ်မှုးနှစ်ဦး၏ စွန့်စားမှုအကြောင်းကို ရိုက်ကူးထားသည့် စိိတ်ကူးယာဉ် သိပ္ပံဇာတ်ကား Gravityသည် သီတင်းတစ်ပတ် လက်မှတ်ရောင်းချမှု ဝင်ငွေစာရင်းတွင် ဦးဆောင်နေခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၄ရက်တွင် အမေရိကန်၌ ပွဲဦးထွက် ပြသခဲ့သည့် Gravity ဇာတ်ကားသည် ပထမ သီတင်းပတ်တွင် လက်မှတ်ရောင်းချမှုဝင်ငွေ (Box Office)ဒေါ်လာ ၅၅ဒသမ ၆သန်း ရရှိခဲ့သည်ဟု ဆိုသည်။ ယင်းဇတ်ကား၏ ပွဲဦးထွက် ပြသသည့် သီတင်းတစ်ပတ် လက်မှတ်ရောင်းချမှု ဝင်ငွေသည် ၂၀၁၁ခုနှစ် အောက်တိုဘာလတွင် ပွဲဦးထွက်ပြသခဲ့သည့် Paranormal Activity 3ဇာတ်ကား၏ စံချိန်ကို ချိုးဖျက်နိုင်ခဲ့သည်ဟု သိရသည်။

သြဂုတ်လတွင် ကျင်းပခဲ့သည့် အကြိမ် ၇၀မြောက် ဗင်းနစ် ရုပ်ရှင်ပွဲတော်ဖွင့်ပွဲကို အဆိုပါ ဇာတ်ကားဖြင့် ဖွင့်လှစ်ခဲ့သည်။ ဒါရိုက်တာ အယ်လ်ဖွန်ဆိုရာရွန်၏ Gravityဇာတ်ကားတွင် အော်စကာဆုရ သရုပ်ဆောင်များ ဖြစ်သည့် ဂျော့ကလူနီနှင့် ဆန်ဒရာဘူးလော့ဂ်တို့က အာကာသယာဉ်မှုးများအဖြစ် သရုပ်ဆောင်ထားသည်။ ယင်းဇာတ်ကားတွင် ဂျော့ကလူနီနှင့် ဆန်ဒရာဘူးလော့ဂ်တို့၏ သရုပ်ဆောင်မှုများနှင့် အထူးပြုလုပ်ချက်များကို ရုပ်ရှင် ဝေဖန်သူများက ချီးမွမ်းခဲ့ကြသည်။

ပြီးခဲ့သည့် သီတင်းပတ် Box Officeတွင် နံပတ်တစ်နေရာ၌ ဖေါ်ပြခံခဲ့ရသည့် Cloudy with a Chance of Meatballs 2 အန်နီမေးရှင်း ဇာတ်ကားမှာ ဒေါ်လာ ၂၁ဒသမ ၅သန်းဖြင့် ဒုတိယနေရာတွင် ဖေါ်ပြခံခဲ့ရသည်ဟု ဆိုသည်။ ဘင်အက်ဖ်ဖလက်နှင့် ဂျက်စတင်တင်းဘားလိတ်ခ်တို့ ပါဝင်သည့် အွန်လိုင်းလောင်းကစားလောက အကြောင်း ရိုက်ကူးထားသည့် Runner Runner  အမည်ရ ဒရာမာဇာတ်ကားသစ်သည် ဝင်ငွေ ၂၁ဒသမ ၅သန်းဖြင့် Box Officeတွင် တတိယနေရာ၌ ရှိကြောင်း သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *