News

ညနေခင်းသတင်းစာ နှစ်၅၀ကြာမှ ပြန်ဖတ်ရတော့မည်

တော်လှန်ရေးကောင်စီ အစိုးရ အာဏာသိမ်းခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် ထုတ်ဝေမှု ရပ်ဆိုင်းသွားခဲ့သည့် ညနေခင်း ထုတ် ပုဂ္ဂလိက သတင်းစာများကို ပြန်လည် အသက်သွင်းသည့် အနေဖြင့် ပုဂ္ဂလိက ညနေခင်းနေ့စဉ်ထုတ် သတင်းစာ တစ်စောင်ကို နှစ်ပေါင်း ၅၀အတွင်း ပထမဆုံးအကြိမ် ပြန်လည် ထုတ်ဝေမည် ဖြစ်ကြောင်း အဆိုပါ သတင်းစာ၏ အယ်ဒီတာချုပ် ဦးနိုင်မင်းဝေက ပြောကြားသည်ဟု သိရသည်။

အဆိုပါ ညနေခင်း သတင်းစာကို People Powerဟု အမည်ပေးထားပြီး အောက်တိုဘာလ ဒုတိယပတ်အတွင်း စတင်ထုတ်ဝေမည်ဟု မြန်မာဂျာနယ်လစ်ကွန်ရက် (MJN)ရုံးခန်းတွင် အောက်တိုဘာ ၄ရက်က ပြုလုပ်သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့သည်။ People Powerသတင်းစာကို ထုတ်ဝေသူ တေးရေးဆရာ မောင်မောင်ဇံက မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနသို့ လျှောက်ထားပြီး ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖေါ်ဆောင်နေသည့် လက်ရှိ မြန်မာနိုင်ငံတွင် ညနေခင်း၌ ထုတ်ဝေသည့် သတင်းစာ တစ်စောင်မှ မရှိသေးခြင်းနှင့် ပြည်သူများအတွက် နေ့စဉ်ဖြစ်ပျက်သည့် သတင်းများကို နေ့ချင်းညချင်း သိရှိနိုင်စေရန် အဓိက ရည်ရွယ်ကြောင်း ၎င်းကပြောသည်။ သို့ရာတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများရှိနေခြင်းကြောင့် ယင်းသတင်းစာကို ရန်ကုန်မြို့တော်တွင်သာ ဖြန့်ချိသွားမည် ဖြစ်ပြီး တနင်္ဂနွေနေ့တွင် ထုတ်ဝေမည် မဟုတ်ကြောင်း အဆိုပါ သတင်းစာ အယ်ဒီတာအဖွဲ့ထံမှ သိရှိရသည်။

မြန်မာနိုင်ငံတွင် ၁၉၅၃ခုနှစ် ဝန်းကျင်ကတည်းက ပုဂ္ဂလိက ညနေခင်းသတင်းစာများပေါ်ထွက်ခဲ့ဖူးပြီး ရေရှည်တည်မြဲစွာ ထုတ်ဝေနိုင်ခြင်း မရှိပဲ ၁၉၅၆ခုနှစ်ခန့်တွင် ကြက်နီ ပုဂ္ဂလိက ညနေခင်းသတင်းစာ တစ်စောင်သာ တော်လှန်ရေး ကောင်စီ အာဏာသိမ်းခဲ့သည့် ၁၉၆၂ခုနှစ်အထိ တစ်ဆက်တည်း ထုတ်ဝေနိုင်ခဲ့ကြောင်း ရွေနိုင်ငံသစ် သတင်းစာ အယ်ဒီတာချုပ် ဖိုးသောကြာ(ခေတ်+မိုး)က The Voiceသို့ ပြောကြားသည်ဟု ဆိုသည်။ ၁၉၉၀ ပြည့်နှစ်ကလည်း မြို့တော်စည်ပင်သာယာရေးကော်မတီက မြို့တော်သတင်းစာ အမည်ဖြင့် ဒေသန္တရ ညနေခင်း သတင်းစာတစ်စောင်ထုတ်ဝေခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၅၀ကျော် ပိတ်ပင်ထားခဲ့သော ပုဂ္ဂလိက သတင်းစာ ထုတ်ဝေမှုကို ၂၀၁၀ရွေးကောက်ပွဲနှင့်အတူ အစိုးရသစ် တက်လာပြီး နောက်ပိုင်း ၂၀၁၃ခုနှစ်၊ ဧပြီလမှ စတင်၍ ပြန်လည်ထုတ်ဝေခွင့် ပြုခဲ့ရာ ဧပြီလ ၁ရက်နေ့တွင် ပုဂ္ဂလိက သတင်းစာ ၄စောင် စတင်ထွက်ရှိပြီး ယခုလက်ရှိတွင် ပုဂ္ဂလိက သတင်းစာစောင်ရေ စုစုပေါင်း ၂၀ကျော် နေ့စဉ်ထုတ်ဝေလျက် ရှိပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *