News

ဆီးရီးယားပြည်တွင်းစစ် အစိုးရတပ်ဖွဲ့များ ဓာတုလက်နက်သုံးဟု ဆို

ဒမတ်စကပ်မြို့တော် ဆင်ခြေဖုံး ဒေသတစ်ခုအား ဆီးရီးယား အစိုးရတပ်ဖွဲ့များက သြဂုတ်လ ၂၁ရက်တွင် ဓာတုလက်နက်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ဆီးရီးယား အရေး လှုပ်ရှားသူများက စွပ်စွဲခဲ့ကြသည်ဟု သိရသည်။ ဆီးရီးယား သမ္မတဘာရှားအယ်လ်အာဆတ် သစ္စာခံတပ်ဖွဲ့များ၏ အာရုံကြော အဆိပ်ဓာတ်ငွေ့များဖြင့် တိုက်ခိုက်မှုကြောင့် လူပေါင်း ၂၀၀ကျော် သေဆုံးခဲ့ကြောင်း ဆီးရီးယား အစိုးရ ဆန့်ကျင်ရေးသမားများက ပြောကြားခဲ့ရာ ယင်းသတင်း မှန်ကန်ကြောင်း အတည်ပြုနိုင်ပါက ဆီးရီးယား ပြည်တွင်းစစ်အတွင်း ပေါ်ထွက်ခဲ့သော ဓာတုလက်နက်ဆိုင်ရာ သုံးစွဲမှု သတင်းများအနက် အဆိုးဆုံး သတင်းတစ်ပုဒ် ဖြစ်လာနိုင်ဖွယ် ရှိသည်။

အစိုးရတပ်ဖွဲ့ဝင်များက အဆိပ်ဓာတ်ငွေ့များဖြင့် တိုက်ခိုက်ခဲ့သည်ဆိုသော စွပ်စွဲချက်ကို ဆီးရီးယားနိုင်ငံပိုင် ရုပ်သံဌာနက ငြင်းဆိုခဲ့ပြီး ဆီးရီးယားသို့ ရောက်ရှိနေသော ကုလသမဂ္ဂဓာတုလက်နက်စစ်ဆေးရေးမှုးများ အာရုံလွဲမှားစေရန် လုပ်ကြံဖန်တီးထားသည့် စွပ်စွဲချက်များအဖြစ် ပြောကြားတုံ့ပြန်ခဲ့သည်။ ထိခိုက်ဒဏ်ရာ ရရှိထားသည့် လက္ခဏာ မတွေ့ရသော ရုပ်အလောင်းများ ဓာတ်ပုံကို ရိုက်တာ သတင်းဌာနက ရရှိခဲ့သော်လည်း အဆိပ်ဓာတ်ငွေ့ကြောင့် သေဆုံးရခြင်းဟုတ် မဟုတ် အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

မြို့တော်ဒမတ်စကတ်အနီး ဆင်ခြေဖုံး ဒေသတစ်ခုကို အစိုးရတပ်ဖွဲ့များက အရုဏ်ဦးထိုးစစ်တစ်ရပ် ဆင်နွှဲခဲ့စဉ် အဆိပ်ဓာတ်ငွေ့များပါသည့် ဒုံးကျည်များ အသုံးပြုခဲ့ကြောင်း ဆီးရီးယား အရေးလှုပ်ရှားသူများက ပြောကြားသည်။ ဆီးရီးယား အစိုးရတပ်ဖွဲ့များက ဓာတုလက်နက်များဖြင့် တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူပေါင်း ၁၀၀၀ကျော် သေဆုံးခဲ့ရသည်ဟူသော သတင်းများကို စုံစမ်းစစ်ဆေးသင့်ကြောင်း၊ သို့ရာတွင် ယင်းသို့ စုံစမ်းစစ်ဆေးနိုင်ရန်အတွက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ တောင်းဆိုမှု လိုအပ်ကြောင်း ဆီးရီးယားနိုင်ငံတွင် ရောက်ရှိနေသည့် ကုလသမဂ္ဂလက်နက် စစ်ဆေးရေးမှုးက ပြောကြားသည်ဟု သိရသည်။

နှစ်နှစ်ကျော်ကြာမြင့်နေပြီဖြစ်သည့် ဆီးရီးယားပြည်တွင်းစစ်အတွင်း သူပုန်များကရော၊ အစိုးရတပ်ဖွဲ့ဝင်များကပါ ဓာတုလက်နက်များ သုံးစွဲသည်ဟူသော အပြန်အလှန် စွပ်စွဲချက်များကြောင့် ဆီးရီးယားအရေးနှင့် ပတ်သက်၍ နိုင်ငံတကာအကြား သံတမန်အရေးအရ အငြင်းပွားမှုများ ဖြစ်ခဲ့ရသည်ဟု ဆိုပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *