နုသောပန်းလေး ဘယ်ကလာ
မာသောမြေကို ထိုးထွက်လာ…။
ရိုးမတောင်ကြီးဘာလို့မြင့် သဲမြေကျောက်ထပ်စုပုံဆင့်
တဖြည်းဖြည်းနဲ့ သင်ယူတာ ပညာလို့ခေါ်တာ။
ကြိုးစားကာ သင်အံပေး..
တို့ပြည်ထောင်စု (ပြန်လည်) စိမ်းလန်းရေး………….။
စာရေးသူတို့ငယ်ငယ်က ရွတ်ခဲ့တုန်းကတော့ ကဗျာလေးရဲ့ အောက်ဆုံးမှာ (ပြန်လည်) ဆိုတာလေး မပါပါဘူး။ ဒါပေမယ့် အခုတော့ အဲဒါလေးထည့်မှ ပိုမှန်မယ်ထင်လို့ပါ။ စာရေးသူတို့မွေးရပ်က ပဲခူးရိုးမနဲ့ နီးပါတယ်။ မြင်နေရပါတယ်၊ ဒါပေမယ့်လည်း သွားမယ်ဆိုရင်တော့ ဆိုင်ကယ်နဲ့ဆို ၁ နာရီလောက် မောင်းရပါသေးတယ်။ ၁ နာရီဆိုပေမယ့်လည်း အရမ်းမဝေးပါဘူး၊ ၅ မိုင်လောက်တော့ရှိပါတယ်။ သို့ပေမယ့် လမ်းကကြမ်းတော့ အချိန်က ၁နာရီလောက် ကြာပါတယ်။ ဒီကဗျာလေးက စာရေးသူတို့နဲ့ နီးစပ်ပါတယ်။ စာရေးသူတို့မိဘတွေက ဝန်ထမ်းတွေဆိုတော့ ရိုးသားကြပါတယ်။ ဒီခေတ်ဝန်ထမ်းတွေလို မဟုတ်ပါဘူး။ အဖေက နေ့တိုင်းရုံးတက်ရပါတယ်။ အမေက စနေ၊ တနင်္ဂနွေ ပိတ်ပါတယ်။ အဖေကို မေးဖူးတယ် အဖေ ဘာလို့ ရုံးမပိတ်တာလဲလိုပေါ့၊ အဖေက “သား၊ အဖေတို့က မွေးမြူရေး စက်ရုံဆိုတော့ ဘယ်ရုံးပိတ်လို့ရမလဲတဲ့၊ အစာနေ့တိုင်း ကြွေးရတယ်”တဲ့။
စာရေးသူတို့နားက ပဲခူးရိုးမကြီးက စာရေးသူငယ်ငယ်က အရမ်းကို လှပါတယ်။ စိမ်းလန်စိုပြေပြီး နေဝင်ချိန်ဆို အရမ်းကြည့်လို့ကောင်းပါတယ်။ စာရေးသူကျောင်းသွားတဲ့ လမ်းတလျှောက်ကို စိမ်းလန်းစိုပြေနေတာပါပဲ။ ညနေဘက်ဆို အမြဲလိုလို အိမ်ရှေ့က အုတ်ခုံမှာထိုင်ပြီး ပဲခူးရိုးမတောင်တန်းကြီးထဲ နေလုံးကြီး တိုးဝင်သွားတာကို ကြည့်ပါတယ်၊ အဲဒီအချိန်မှာ လတ်ဆတ်တဲ့ သစ်ပင်တွေကို ဖြတ်ပြီးလာတဲ့ လေညှင်းလေးကလည်း သစ်ပင်ပန်းမံ ရနံ့မျိုးစုံနဲ့ တကယ်ကို ကြည်နူးစရာပါ။ အဲဒီအချိန်ဆို ဘာကိုလွမ်းလို့ လွမ်းမှန်းကို မသိပါဘူး။ အခုတော့ ရန်ကုန်မှာ အဲဒီအနံ့လေး ရဖို့နေနေသာသာ ကားရဲ့ညှော်စော်တွေ၊ ဆိုင်တွေက အကြော်၊ အလှော် အနံ့တွေနဲ့ စိတ်ထဲမှာ လန်းဆန်းမှုကို ဘယ်လိုယူရမလဲကို မသိပါဘူး။ ဒါပေမယ့် ဒီနေရာက ရန်ကုန်ပဲလေလို့ စိတ်ထဲနယ်က တောင်တန်းကြီးကို လွမ်းမိပါတယ်။ ဒါနဲ့ အမေ့အိမ်လည်း မရောက်တာ ကြာပြီဆိုပြီး ပြန်ဖြစ်ခဲ့တယ်။
အမေနဲ့အဖေက သားဖြစ်သူလာလည်မယ်လို့ ဖုန်းကြိုဆက်ထားတဲ့အတွက် စာရေးသူနှစ်သက်ဖွယ် အရာတွေ ချက်ပြုတ်ပြီး ဝမ်းပန်းတသာနဲ့ စောင့်နေရှာပါတယ်။ စာရေးသူတို့နေရာက ရန်ကုန်-မန္တလေး ကားလမ်း(လမ်းဟောင်း)မကနေပြီး အတွင်းကို ၃ မိုင်လောက်ဝင်ရပါတယ်။ စာရေးသူတို့ လမ်းထိပ်ရောက်တော့ ဆိုင်ကယ်ကယ်ရီဂိတ်ကို လက်လှမ်းပြလိုက်တယ်။ မျက်နှာစိမ်းလူတစ်ယောက် ဆိုင်ကယ်နဲ့ရောက်လာတယ်။ အင်းလေ စာရေးသူလည်း နယ်မရောက်တာကြာတော့ အရာရာ အသစ်ဖြစ်လို့နေပြီပေါ့။ အင်းဒါနဲ့ သူက ကိုယ့်ကိုသိနေတယ်ဗျာ။ စာရေးသူအဖေနာမည်ကို သူကရွတ်ပြပြီး အဲဒီသွားမှာလားလို့ မေးတယ်ဗျ။ အော်ဒါနဲ့ သူဆိုင်ကယ်လေးပေါ်တက်ပြီး လမ်းထိပ်ကနေ ဝင်လာခဲ့ပါတယ်၊ လမ်းတလျောက်မှာ အရင်လိုမဟုတ်ဘဲ အဖု၊ အချိုင့်စုံလင်စွာနဲ့ ဘေးပတ်ဝန်းကျင်မှာ မြက်တွေကလည်း ထိုးထိုးထောင်ထောင်၊ ညနေခင်း ဖြစ်တဲ့အတွက် လမ်းဘေးက လယ်သိမ်းပြန်သူတွေနဲ့ တောဓလေ့ကို စိတ်ထဲပြန်ခံစားမိပါတယ်။ ဒါနဲ့ပဲ သူကိုမေးဖြစ်ခဲ့တယ်၊ ဘာလို့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆိုင်ကယ်ကယ်ရီဆွဲတာလဲပေါ့၊ သူက ပိုက်ဆံမတက်နိုင်လို့တဲ့ ပြန်ပြောပါတယ်။ ဒါနဲ့ စာရေးသူက မင်းကလည်းကွာ ကျောင်းတက်တာ ဘာကုန်တာမှတ်လို့ကွာပေါ့ သူကိုနားချပါတယ်။ သူက ပြောပြတယ်၊ ဆိုင်ကယ်က ငှားဆွဲခြင်းဖြစ်ကြောင်းနဲ့ မဆွဲရင် မဖြစ်တဲ့ အနေထားမို့ပါတဲ့။ သြော်ဒါနဲ့ သူလည်း မပြောချင်လို့နေမှာပါဆိုပြီး ဆက်မမေးဖြစ်ခဲ့ပါဘူး။ အိမ်ရောက်သည်ထိ ကယ်ရီကောင်လေးနဲ့ စကားဆက် မပြောဖြစ်ခဲ့။
အိမ်ရောက်တော့ အဖေနဲ့အမေက တမျှော်မျှော်နဲ့ အိမ်ရှေ့မှာ လမ်းလျှောက်ပြီး စောင့်နေကြတာကို ဆိုင်ကယ်ပေါ်ကနေ ကြိုပြီးတွေ့လိုက်ရတယ်။ မြင်ချင်တဲ့ တောင်တန်းကြီးကိုလည်း ကြည့်မိလိုက်သေးတယ်၊ အရင်နဲ့ မတူတော့သလိုပဲ၊ ဖျတ်ခနဲပဲ ကြည့်ချိန်ရလိုက်တယ် အိမ်ရောက်သွားတယ်။ ဒါနဲ့ကောင်လေးကို ကယ်ရီခ ပေးနေစဉ်မှာပဲ အမေနဲ့အဖေက အေးချမ်းကြည်နူးမှု ပြည့်နေတဲ့ မျက်ဝန်းနဲ့ပြုံးပြတယ်။ ဒါနဲ့ စကားတွေပြောကြပြီး အနည်းငယ်ကြာသွားတယ်။ ဒါနဲ့ခဏနေတော့ နေဝင်တော့မယ် သားအိမ်ရှေ့ခဏ ထွက်လိုက်အုံးမယ်ဆိုပြီး ပြောလိုက်တော့ သားရေ အရင်လို မဟုတ်တော့ပါဘူးဆိုပြီး အမေက လှမ်းပြောတယ်။ ဘာမှန်းသေချာ မသိတဲ့အတွက် အိမ်ရှေ့ကိုထွက်လိုက်ပြီး အိမ်ရှေ့အုတ်ခုံရောက်တော့ သြော်အမေက ဒါကြောင့်ပြောတာကိုးပေါ့။
တောင်တန်းကြီးထဲကို နေက တုံးတိကြီးဝင်သွားတယ်။ ဘာလို့လည်းဆိုတော့ သစ်ပင်တွေရဲ့ အထိုးအထောင်တွေ မရှိတဲ့အတွက် နေက အဲလိုဝင်သွားတာဖြစ်မယ်။ စာရေးသူလည်း ခဏတော့ မှင်သက်မိသွားတယ်။ ဒါပေမယ့်လည်း ချက်ချင်းဆိုသလို လေအေးအေးနဲ့ သစ်ပင်ပန်းမံရနံတွေက တိုးဝင်လာတဲ့အတွက် နယ်အနံ့အသက်ကို ပြန်ရလိုက်တယ်။ အရမ်းအေးချမ်းသွားပြီး အရင်တုန်းက ဘာကိုသတိရမှန်းမသိတဲ့ ခံစားချက်မျိုးကို ပြန်ခံစားမိလာတယ်။ တောင်တန်းကြီးအတွက်တော့ စိတ်မကောင်းဘူးပေါ့လေ။ ဒါကြောင့် ကဗျာလေးရဲ့နောက်ဆုံးမှာ ပြန်လည်ဆိုတဲ့ စာသားလေး ထည့်မိတာပါ။ အမှန်တကယ်ဆိုရင်တော့ ကဗျာလေးကို အစကနေ ရှင်းရမှာ။ ပြန်လည် ဆိုတဲ့ စကားလုံးကို ပြောချင်အားများပြီး နောက်ဆုံးကို အရင်ပြောဖြစ်သွားတယ်။ ဒီကဗျာလေးရဲ့ မူလရည်ရွယ်ရင်းက ပညာ ကိုဆိုချင်တာပါ။ အဲဒီပညာနဲ့ပဲ ပြည်ထောင်စုကြီးကို စိမ်းလန်းအောင် စောင့်ရှောက်ကြဖို့ ဖြစ်ပါတယ်။ ဒါဆို ပညာ အကြောင်းကို ဆက်ပြောကြပါစို့။ “အစစ်အမှန် ပညာရေးစနစ် တကယ်လိုပြီ” ဆိုတဲ့ ခေါင်းစဉ်မှာ ကဗျာလေးရဲ့ အပေါ်ဘက်က ပညာအပိုင်းကို ဆက်ပါဦးမည်။
ခုဆိုရင် နေရာတော်တော်များက တောင်တွေက ကတုံးတွေ ဖြစ်နေကြပြီ။ ဒါကြောင့် စာရေးသူတို့ရဲ့ မျိုးဆက်သစ် ကလေးတွေက ပညာတွေ သင်ယူပြီး ပြည်ထောင်စုကြီးကို တဖန် စိမ်းလန်းစိုပြည် သာယာအောင် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများက ဝိုင်းဝန်းပြီး စောက်ရှောက်ကြမယ်ဆို အနှေးနဲ့အမြန် တချိန်က ကမ္ဘာ့အလယ်မှာ တင့်ခဲ့တဲ့အတိုင်း ရွှေခေတ်ကြီး ဖြစ်လာမယ်လို့ ယုံကြည်ရင်း ရေးသားတင်ပြလိုက်ရပါတယ်။