Featured, News, Review

စမတ်ကျလှတဲ့ စိုက်ခင်း

စမတ်ကျလှတဲ့ စိုက်ခင်း

အင်တာနက် ချိတ်ဆက်နိုင်တဲ့ နာရီ၊ မျက်မှန်၊ လက်ပတ် စတဲ့ ပစ္စည်းတွေကို စမတ်အသုံးအဆောင်ပစ္စည်းများလို့ ခေါ်ပါတယ်။ စမတ် အသုံးအဆောင်ပစ္စည်းများ တစ်ခုနဲ့တစ်ခု ချိတ်ဆက်အလုပ်လုပ်ကြတာကိုတော့ Internet of Things(IOT)လို့ ပညာရှင်တွေက ခေါ်ဆိုကြပါတယ်။ နောင်တစ်ချိန်မှာ ပစ္စည်းအားလုံးဟာ အင်တာနက် ချိတ်ဆက်နိုင်တဲ့ Internet of Everythings(IOE)များဖြစ်လာအောင် တီထွင်နေကြပါတယ်။

အခုတစ်ခါမှာတော့ ကုမ္ပဏီတစ်ခုက အင်တာနက်ချိတ်ဆက်နိုင်တဲ့ စမတ်ကျလှတဲ့ စိုက်ခင်း Edynကို တီထွင်လိုက်ပါတယ်။ စိုက်ခင်းရဲ့ မြေအခြေအနေကို ခွဲခြားသုံးသပ်နိုင်ပြီး သီးနှံများ ပိုမိုကြီးထွားစေနိုင်တဲ့အပြင် ရေကို ချွေတာပေးနိုင်တဲ့ ရေလောင်းတဲ့ နည်းစနစ်များ ပါရှိပါတယ်။

ပရင့်စတန်တက္ကသိုလ်ထွက် မြေသြဇာ သိပ္ပံပညာရှင် Jason Aramburuက ကုမ္ပဏီကို တည်ထောင်ထားတာဖြစ်ပါတယ်။ Edyn စမတ်စိုက်ခင်းကို Jawbone, Ouya, August, SodaStreamတို့လို ကုမ္ပဏီများအတွက် ဒီဇိုင်းရေးဆွဲပေးသူ နာမည်ကျော် ဒီဇိုင်နာ Yves Beharက ရေးဆွဲပေးထားတာပါ။

Edynရဲ့ အလုပ်လုပ်ပုံက ဒီလိုပါ။ စိုက်ခင်းမှာ တပ်ဆင်ထားတဲ့ နေရောင်ခြည်စွမ်းအင်သုံး Sensorများက မြေဆီကို ခွဲခြမ်းစိတ်ဖြာပေးပြီး စိုထိုင်းမှု၊ နေရောင်ခြည်၊ အာဟာရဓာတ် ရရှိမှုနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်များကို စိုက်ပျိုးသူဆီသို့ အချိန်နဲ့တစ်ပြေးညီ ပံပိုးပေးမှာ ဖြစ်ပါတယ်။ နေရောင်ခြည်စွမ်းအင်သုံး ရေဖြန်းစနစ်ကလည်း အထိရောက်ဆုံး အသုံးချနိုင်ပါတယ်။

ကုမ္ပဏီက သူတို့ရဲ့ နည်းပညာကို ရောင်းချဖို့ Kickstarter၀က်ဆိုက်မှာ ဒေါ်လာ တစ်သိန်း ရန်ပုံငွေကောက်ခံလျှက်ရှိပါတယ်။ စိုက်ပျိုးမှု အတတ်ပညာ မရှိဘဲ နေအိမ်များမှာ သီးနှံများစိုက်ပျိုးချင်သူများအတွက် အဲဒီနည်းပညာက အထောက်အကူပြုမှာ ဖြစ်ပါတယ်။

အဲဒီလို နည်းပညာများကို စိုက်ပျိုးရေးကဏ္ဍမှာ အသုံးပြုနေတာ ကြာပြီဖြစ်ပေမယ့် နေအိမ်များမှာ စိုက်ပျိုးချင်သူများအတွက်တော့ အလှမ်းဝေးနေခဲ့တာဖြစ်ပါတယ်။ Edynနည်းပညာဟာ အဲဒီကန့်သတ်မှုကို ချိုးဖျက်ပေးမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ လူအတော်များများဟာ နေအိမ်စိုက်ခင်းများရဲ့ အခြေအနေကို သိမြင်သဘောပေါက်မှုနည်းပါးကြလို့ ဖြစ်ပါတယ်။ ဒါ့အပြင် မှားယွင်းမှု အနည်းငယ်ဟာ စိုက်ခင်းကို ဆိုးရွားစွာ ထိခိုက်စေပါတယ်။ စိုက်ခင်းရဲ့ အခြေအနေပေါ်မူတည်ပြီး ရေဖြန်းတဲ့ နည်းစနစ်ဖြစ်တဲ့အတွက် ရေကုန်ကျသက်သာစေပြီး ထိရောက်မှာ ဖြစ်ပါတယ်။ အမေရိကန် သဘာ၀ ပတ်၀န်းကျင် ကာကွယ်ရေး အေဂျင်စီရဲ့ အဆိုအရ စိုက်ခင်းများမှာ ရေဖြန်းတဲ့အခါမှာ အကျိုးထိရောက်မှု မရှိဘဲ များစွာ ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

စမတ်နည်းပညာကို စိုက်ခင်းများဆီသို့ ယူဆောင်လာတဲ့ ကုမ္ပဏီဟာ Edynတစ်ခုထဲမဟုတ်ပါဘူး။ Rachioဆိုတဲ့ ကုမ္ပဏီကလည်း ရေကုန်ကျမှုကို သက်သာစေတဲ့ စမတ်ကျတဲ့ ရေဖြန်းစနစ်ကို မကြာမီက ပြသခဲ့ပြီးပါပြီ။

ဒါပေမယ့် Edynရဲ့ နည်းစနစ်က ပိုမိုကောင်းမွန်ပြီး မြေဆီကို ခွဲခြမ်းစိတ်ဖြာပေးနိုင်ပါတယ်။ စိုက်ပျိုးသူက စိုက်ခင်းရဲ့ သတင်းအချက်အလက်များကို iOS Appကနေသိနိုင်မှာ ဖြစ်ပါတယ်။ စိုက်ပျိုးသူက စိုက်ခင်းရဲ့ အခြေအနေကို အချိန်နဲ့တစ်ပြေးညီ သိနိုင်ပြီး ရေဖြန်းစနစ်ကိုလည်း ဖုန်းကနေ ထိန်းချုပ်နိုင်ပါသေးတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *