News

ဂျာမနီ၀န်ကြီးချူပ် မာကယ် တတိယသက်တမ်းအတွက် မဲအပြတ်အသတ်နိုင်

ဥရောပတွင် ကြေွးမြီပြဿနာ ကြုံတွေ့ရချိန်၌ ဥရောပထိပ်တန်း စီးပွားရေးနိုင်ငံ ဂျာမနီကို ထိခိုက်မှုမှ ရှောင်လွှဲနိုင်ရန် ဦးဆောင်နိုင်ခဲ့သည့် ဂျာမနီ၀န်ကြီးချူပ် အင်ဂျလာမာကယ်သည် စက်တင်ဘာ ၂၂ရက်တွင် ပြုလုပ်ခဲ့သော ရွေးကောက်ပွဲ၌ အပြတ်အသတ် အနိုင်ရခဲ့သဖြင့် တတိယမြောက် သက်တမ်းထမ်းဆောင်ခွင့် ရတော့မည်ဖြစ်သည်ဟု သိရသည်။

ကနဦး ထုတ်ပြန်ခဲ့သော နောက်ဆုံးရလာဒ်အရ မာကယ်၏ ကွန်ဆာဗေးတစ်ဝါဒီ Christian Democrats (CDU)သည် မဲ ၄၁ ဒသမ ၅ရာခိုင်နှုန်း ရရှိခဲ့သဖြင့် အမတ်အများဆုံး ပမာဏပြည့်မီရန် အနည်းငယ်သာ လိုအပ်သည်ဟု ဆိုသည်။ သို့ရာတွင် အာဏာခွဲဝေရေး အကျပ်အတည်း ကြုံနေရသော မာကယ်၏ မဟာမိတ် ပါတီငယ်ဖြစ်သည့် စီးပွားရေး ဦးစားပေး Free Democrats (FDP) ပါတီမှာမူ မဲ ၄ဒသမ ၈ရာခိုင်နှုန်းသာ ရှိခဲ့သဖြင့် ဒုတိယကမ္ဘာစစ်အပြီး ပါတီထူထောင်ပြီးချိန် နောက်ပိုင်း ပထမဆုံးအကြိမ် ပါလီမန်မှ ဖယ်ထုတ်ခံရခြင်း ဖြစ်ခဲ့သည်။ သို့အတွက် အသက် ၅၉နှစ်ရှိ မာကယ်သည် သူ၏ အဓိကပြိုင်ဘက် Social Democrats (SPD) ပါတီနှင့် ညွန့်ပေါင်းအစိုးရဖွဲ့ရန် အခြေအနေ ဖြစ်လာခဲ့သည်ဟု သိရသည်။

ယခုရွေးကောက်ပွဲတွင် မဲပေးသူ ၇၃ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး ၂၀၀၉ခုနှစ်ကထက် နှစ်ရာခိုင်နှုန်း ပိုများသည်။ SPDသည် မဲ ၂၆ရာခိုင်နှုန်းအောက်သာ ရရှိခဲ့သဖြင့် စစ်အပြီးနောက်ပိုင်း ဒုတိယမြောက်ရလာဒ် အဆိုးရွားဆုံး ဖြစ်ခဲ့သည်။ ဂျာမနီ နေ့စဉ်ထုတ်သတင်းစာ Der Spiegelက “နောက်ဆုံးမှာတော့ ဂျာမနီဟာ အင်ဂျလာမာကယ်ရဲ့ နယ်မြေဖြစ်သွားပါပြီ”ဟု ရေးသားခဲ့သည်။

ယခုရလာဒ်မှာ ၁၉၉၀ပြည့်နှစ်တွင် ဂျာမနီ ပြန်လည် ပေါင်းစည်းခဲ့ပြီးနောက်ပိုင်း မာကယ်၏ ကွန်ဆာဗေးတစ်တို့အတွက် အကောင်းမွန်ဆုံး ရလာဒ်ဖြစ်ခဲ့သည်။ ထို့အပြင် လွန်ခဲ့သော ၅၆နှစ်ခန့်က ပထမကမ္ဘာစစ်အလွန် ဂျာမနီခေါင်းဆောင် Konrad Adenaver နောက်ပိုင်းမာကယ်သည် အမတ်နေရာ အများဆုံး အနိုင်ရခဲ့သော ပထမဆုံး ၀န်ကြီးချူပ်ဖြစ်လာရန် နီးစပ်လာခဲ့သည်။ မာကယ်သည် ဂျာမနီပြန်လည် ပေါင်းစည်းရေး ဖခင် Helmut Kohlနှင့် Adenaverတို့ပြီးလျှင် ဂျာမနီတွင် တတိယမြောက်သက်တမ်းအတွက် ထမ်းဆောင်ခွင့်ရသည့် ပုဂ္ဂိုလ်အဖြစ် မှတ်တမ်းထိုးနိုင်မည် ဖြစ်သည်။

မာကယ်သည် ၂၀၁၇ခုနှစ်အထိ ထမ်းဆောင်ခွင့်ရလျှင်ပင် ဗြိတိန်၀န်ကြီးချူပ်အဖြစ် ၁၁နှစ် ထမ်းဆောင်ခဲ့သော မာဂရက်သက်ချာထက် ကျော်လွန်ပြီး ဥရောပတွင် သက်တမ်းရှည် အမျိုးသမီးခေါင်းဆောင်အဖြစ်လည်း မှတ်တမ်းတင်နိုင်မည် ဖြစ်သည်။ ဥရောပဏ္ဍရေး အကျပ်အတည်းအတွင်း မာကယ်မှာ ဂျာမနီလူကြိုက်အများဆုံး ခေါင်းဆောင်ဖြစ်ခဲ့သော်လည်း အိုင်ယာလန်၊ ပေါ်တူဂီ၊ အီတလီ၊ ဂရိ၊ စပိန်နှင့် ပြင်သစ်စသော နိုင်ငံများတွင် ခေါင်းဆောင်များ အပြောင်းအလဲ ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *