Featured, Gadgets, News, Review

CNNက သတင်းရယူတင်ဆက်ဖို့အတွက် Dronesများကို စမ်းသပ်အသုံးပြုခွင့်ရပြီ

CNNက သတင်းရယူတင်ဆက်ဖို့အတွက် Dronesများကို စမ်းသပ်အသုံးပြုခွင့်ရပြီ

Federal Aviation Agency(FAA)က သတင်းရယူတင်ဆက်ဖို့အတွက် ကင်မရာတပ်ဆင်ထားတဲ့ Drone ယာဉ်ပျံငယ် လေးများကို စမ်းသပ်အသုံးပြုခွင့်ကို CNNသတင်းဌာနကို ခွင့်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒါဟာ ဒီလို အစီအစဉ်ထဲမှာတော့ ပထမဆုံး ဖြစ်ပါတယ်။

စီအန်အန်က အစီအစဉ်အတွက် ဒေတာကောက်ယူဖို့ Georgia Tech Instituteနဲ့ ပူးပေါင်းထားပါတယ်။ FAAက သတင်း ရယူဖို့အတွက် ယာဉ်ပျံငယ်တွေကို အသုံးပြုတာနဲ့ ပတ်သက်ပြီး စည်းမျဉ်းတွေကို ရေးဆွဲဖို့ အဲဒီသတင်း အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာမယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ယာဉ်ပျံငယ်တွေကို အပျော်သဘော အသုံးပြုတာထက်ကျော်လွန်ပြီး လုပ်ငန်းတွေမှာ အသုံးပြုဖို့နဲ့ အရည်အသွေးမြင့် ဗီဒီယို သတင်းထောက်တွေ ထုတ်လုပ်ဖို့အတွက် နည်းလမ်းတွေကို ရှာဖွေဖော်ထုတ်ဖို့ ဖြစ်ပါတယ်။“ လို့ စီအန်အန်ရဲ့ အကြီးတန်း ဒုတိယ ဥက္ကဌ David Vigilanteက ပြောပါတယ်။

သူက အခုစမ်းသပ်တဲ့ အစီအစဉ်ဟာ အမေရိကန် ဝေဟင်မှာ Droneအသုံးပြုမှု ပိုမို ကျယ်ပြန့်လာစေဖို့နဲ့ လုံခြုံစိတ်ချရဖို့ကို ဦးတည်တယ်လို့ ပြောပါတယ်။

FAAက ယာဉ်ပျံငယ်တွေဟာ လေယာဉ်ပျံကြီးတွေနဲ့ ထိခိုက်မိမှာကို စိုးရိမ်ပြီး အမေရိကန်မှာ ယာဉ်ပျံငယ် အသုံးပြုမှုကို ပိတ်ပင်ထားပါတယ်။ ယာဉ်ပျံငယ်တွေဟာ ပျက်ကျပြီး မြေပြင်ကလူတွေကို ထိခိုက်ဒဏ်ရာရမှုတွေ ဖြစ်နိုင်လို့လည်း ဖြစ်ပါတယ်။

ယာဉ်ပျံငယ်မောင်းနှင်မှုအတွက် လိုင်စင်လည်း မရှိသေးပါဘူး။ ယာဉ်ပျံငယ် အနည်းငယ်ဟာ လေယာဉ်ပျံကြီးတွေနဲ့ ထိလုနီးပါး ဖြစ်ခဲ့တာတွေလည်း ရှိပါတယ်။ အောက်တိုဘာလမှာ လေယာဉ်မှူး ၄၁ ယောက်ဟာ ပျံသန်းစဉ် ယာဉ်ပျံငယ်တွေကို တွေ့ရတယ်လို့ FAAကပြောပါတယ်။

ရလဒ်အနေနဲ့ FAAက အမေရိကန်နိုင်ငံတစ်လွှားမှာ ယာဉ်ပျံငယ်တွေကို စီးပွားရေးအတွက် အသုံးပြုလို့မရတဲ့ နယ်မြေတွေကို ကြေညာခဲ့ပါတယ်။ လက်ရှိမှာတော့ အေဂျင်စီဟာ ပေလေးရာ အမြင့်အထိ ပေါ့ပါးတဲ့ ယာဉ်ပျံငယ်တွေကို စီးပွားရေးအတွက် အသုံးပြုခွင့်ပေးထားပါတယ်။

ယာဉ်ပျံငယ် နည်းပညာကို နယ်ပယ်စုံမှာ အသုံးပြုလာတဲ့အတွက် အေဂျင်စီဟာ ဒီနှစ်မှာတော့ စည်းမျဉ်းတွေကို လျှော့ချပေး တော့မယ့်ပုံ ပေါ်ပါတယ်။ ယာဉ်ပျံငယ်တွေကို ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး အစီအစဉ်တွေမှာ အသုံးပြုနိုင်သလို အန္တရာယ်ရှိတဲ့ နေရာတွေကို စေလွှတ်ပြီး အများပြည်သူအတွက် သတင်းထုတ်လွှင့်ပေးဖို့ အသုံးပြုနိုင်ပါတယ်။

“ လူမဲ့ ယာဉ်ပျံငယ်တွေဟာ သတင်းဌာနတွေအတွက် ကြီးမားတဲ့ အခွင့်အရေးကို ပေးစွမ်းနိုင်ပါတယ်။ စီအန်အန်နဲ့ သဘောတူညီမှု အပါအ၀င် အခြားသတင်းဌာနတွေနဲ့ ပြုလုပ်တော့မယ့် အလုပ်ဟာ လူမဲ့ သတင်းရယူတဲ့နည်းပညာကို လုံခြုံစွာ ပေါင်းစပ်ဖို့နဲ့ နိုင်ငံရဲ့ လေကြောင်းစနစ်မှာ လုပ်ဆောင်မှုအသစ်တွေကို ဖြည့်တင်းပေးဖို့ ကူညီပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ “ လို့ FAAရဲ့ ညွှန်ကြားရေးမှူး Michael Huertaက ပြောပါတယ်။

ကုမ္ပဏီတော်တော်များများကလည်း ယာဉ်ပျံငယ်နည်းပညာမှာ ရင်းနှီးမြှပ်နှံမှုများစွာ ပြုလုပ်နေပါတယ်။ Facebookက ယာဉ်ပျံငယ်အဖွဲ့အတွက် လူငှားရမ်းနေပါတယ်။ အမေဇုန်က ခရီးတိုအတွင်းမှ ဖောက်သည်တွေမှာယူတဲ့ သေးငယ်တဲ့ ကုန်ပစ္စည်းတွေကို ယာဉ်ပျံငယ်တွေနဲ့ ပို့ဆောင်ပေးဖို့လည်းကြိုးစားနေပါတယ်။ Googleက မြင့်မားတဲ့ ကောင်းကင်မှာ ပျံသန်းနိုင်တဲ့ နေရောင်ခြည်စွမ်းအင်သုံး ယာဉ်ပျံတွေကို တည်ဆောက်တဲ့ Titan Aerospaceကို ၀ယ်ယူထားပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *