Featured, News, Opinion

နောက်တစ်လှမ်း လှမ်းကြပါစို့

နောက်တစ်လှမ်း လှမ်းကြပါစို့
စာရေးသူ စာမရေးဖြစ်တာ တော်တော်ကြာသွားပါပြီ။ ကြားထဲမှာ အလုပ်တွေမပြတ်တာရယ်ကြောင့် စာမရေးဖြစ်လိုက်ဘူး။ အခုတော့ ခေါင်းထဲမှာ ရေးမယ်လို့ ကြံရွယ်ထားတဲ့အထဲက တစ်ခုကို အမှတ်မထင် မနေ့က ကိုယ်တွေ့ တွေ့လိုက်တဲ့အတွက် စာရေးသူ ရေးဖြစ်အောင်ရေးမယ်ဆိုပြီး ဒီစာကိုရေးဖြစ်တာပါ။ စာရေးသူတို့ နိုင်ငံဟာ အခုချိန်မှာ ဒီမိုကရေစီ စနစ်ကို ကူးပြောင်းစ နိုင်ငံဖြစ်တဲ့အတွက် ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရကလည်း ဒီမိုကရေစီစနစ်ကို ပိုမိုအားသန်အောင် ကြိုးစားနေကြပါတယ်။ ဒီအချိန်မှာ လက်ရှိအစိုးရဟာ ယခုထမ်းဆောင်နေတဲ့အတောအတွင်းမှာ ပြောင်းလဲသင့်သလောက် မပြောင်းလဲဘူး၊ ယခုချိန်ထဲ ဘာမှ ထဲထဲဝင်ဝင် တိုးတက်တာမတွေ့ရဘူးလို့ အတိုက်ခံပါတီတွေကလည်း ဝေဖန်ထောက်ပြကြပါတယ်။ ဒါပေမယ့် စာရေးသူအမြင်ပြောရရင် ဒီလိုမျိုး တစ်ယောက်တစ်မျိုးပြောနေကြတာဟာ မြန်မာပြည်မှာ ဒီမိုကရေစီစနစ်နဲ့ ကျင့်သားမရသေးတာလို့ မြင်မိပါတယ်။ လွန်ခဲ့တဲ့တစ်နှစ်လောက်က စာရေးသူရဲ့ ဖေ့ဘွတ်ခ်ထဲက အသိတစ်ယောက်က သူ့ရဲ့ အမြင်ကို အမြင်အတိုင်းမပြောဘဲ အကြောင်းအရာတစ်ခုခုကို အတင်းကြီး သူထင်တဲ့အတိုင်း ဝါဒဖြန့်နေတဲ့ ပုံစံရေးထားတာ တွေ့တဲ့အတွက် စာရေးသူ စိတ်ထဲတစ်မျိုး ဖြစ်မိပါတယ်၊ သူရေးထားတဲ့အကြောင်းအရာက မြန်မာပြည် ဒီမိုကရေစီစနစ် အပြည့်အဝမရသေးဘူးတဲ့… အဲဒီ့ကစတာပါ။ သူရေးထားတာကတော့ အရှည်ကြီးပေါ့။ သူရေးထားတာတွေ ဖတ်ကြည့်တော့ ဘုန်းကြီးတွေက ဿသနာမလုပ်ဘဲနဲ့ မျိုးစောင့်ဥပဒေအတွက် ကြိုးပမ်းနေကြတာကို သူက ပြင်းပြင်းထန်ထန်ပြောထားပါတယ်။ ဒါကလည်း သူရေးထားတဲ့ တစ်ပိုင်းပေါ့လေ။
 အဲဒီအကြောင်းစာရေးသူပြောရရင် စာရေးသူအခုရေးမယ့် လမ်းကြောင်းပြောင်းသွားမှာစိုးလို့ နောက်မှပဲထပ်ရေးတော့ပါမယ်။ ကဲဒါနဲ့ သူရေးထားတဲ့ ဒီမိုစနစ် အပြည့်မရသေးဘူးဆိုတဲ့ အကြောင်းလေးနဲ့ ဆက်စပ်ပြီးတော့၊ စာရေးသူ ချက်ချင်းပဲ အဲဒီတုန်းက စာရေးသူရဲ့ ဖေ့စ်ဘွတ်ခ်ဝေါပေါ်မှာ တင်လိုက်တယ်။ စာရေးသူက ယခင်က ဖေ့စ်ဘွတ်မှာ တစ်ခုခုရေးရရင် တိုတိုနဲ့ထိထိမိမိ ရေးရတာကို ပိုမိုနှစ်ခြိုက်တဲ့အတွက် တိုတိုတုပ်တုပ်ပဲရေးလိုက်တယ်။ (အိုင်စီတီမှာရေးတော့ ဘယ်လိုချဲ့ပြီးရေးရမှန်း မသိတော့ဘူး)။ ဒီမိုကရေစီစနစ်အတွက်ကော ပြည်သူတွေက အဆင့်သင့်ဖြစ်နေပြီလားလို့ပေါ့။ သူ့ကို ရည်ရွယ်ပြီးရေးတာပါ။ ဒါကို စာရေးသူရဲ့ အကောင့်ထဲမှာရှိတဲ့ နည်းပညာတက္ကသိုလ်က စာရေးသူရဲ့ ဆရာဟောင်းက တွေ့သွားပြီးတော့ ပြည်သူတွေမှာ အပြစ်မရှိဘူးလို့ ထပြောကော။ ဒါနဲ့တစ်ယောက်တစ်လှည့်စီ ထောက်ပြကြတာပေါ့၊ နောက်ဆုံး လဖ္ဘက်ရည်ဆိုင်မှာတောင် ချိန်းပြီး ပြောဖြစ်တယ်။ ဆရာက ငါ့တပည့် မင်း ပထမဆုံးပဲ ငါ့ကို ပြန်ပြောတာတဲ့၊ ငါက တပည့်တွေကို အဲလိုမျိုးဖြစ်စေချင်တာတဲ့။
 စာရေးသူ ရည်ရွယ်ပြီးရေးတဲ့သူက ပြန်ပြီးကွန်မန့်၀င်တယ်၊ ဆရာနဲ့စာရေးသူ အပြန်အလှန်ဆွေးနွေးတာကို ကြည့်ပြီးတော့ သူကဟာသနှောပြီး “ခုတ်ရာတစ်ခြား ရှာရာတစ်လွဲတော့ ဖြစ်ကုန်ပါပြီ” တဲ့ဗျာ။ သူနဲ့လည်း အဲဒီနောက်အပြင်မှာတွေ့တော့ အဲဒီအကြောင်းလည်း မပြောဖြစ်ပါဘူး။ ဒါနဲ့စာရေးသူနဲ့ဆရာ ဆွေးနွေးခဲ့တာက ဆရာပြောသလို ပြည်သူတွေ အပြစ်မရှိဘူးဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် အခုချိန်မှာ မြန်မာပြည်ဟာ နိုင်ငံတကာအသိုင်းအဝိုင်းမှာ အရမ်းကို ခေတ်နောက်ကျလွန်းနေပြီးတော့ ဒေသတွင်းအိမ်နီးချင်း နိုင်ငံအတွင်းမှာတောင် အရမ်းကိုနိမ့်ကျနေပြီ။ ဘယ်လိုကွာလည်းဆိုရင် စာရေးသူ ဒီလိုမျိုး နှိုင်းယှဉ်ပြပါ့မယ်၊ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က တရုတ်မှာ အချမ်းသာဆုံးစာရင်းရဲ့ ထိပ်ကိုရောက်လာတဲ့ သူတစ်ယောက်ကတော့ Alibaba ဆိုတဲ့ဆိုက်ဒ်ကို လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က တည်ထောင်ခဲ့တဲ့ သူပဲဖြစ်ပါတယ်။ စာရေးသူ နာမည်တော့ မမှတ်မိတော့ပါ၊ တရုတ်လူမျိုးပါ။ သူ့ရဲ့ ဆိုက်ဒ်က ဘီတူဘီ Business to Business စတဲ့ transaction ပေါင်းများစွာကို လုပ်ဆောင်နေတဲ့ ဆိုက်ဒ်ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အွန်လိုင်းမောလ် ကြီးလိုမျိုးဖြစ်ပါတယ်။ အခုဆိုရင် သူ့ရဲ့ transaction က ဘီလီယံနဲ့ချီပါတယ်။ Facebook ၊ Amazon နဲ့ eBay ဆိုက်ဒ်တွေထက်ကို ကြီးပါတယ်။ သူအဲဒိဆိုက်ဒ်ကို စတင်မတည်ထောင်ခင် တစ်နှစ်အလိုက သူ့တို့နိုင်ငံ(တရုတ်)မှာ အင်တာနက်ဝက်ဘ်ဆိုက်ဒ်တစ်ခုကို ခေါ်ရင် နာရီဝက်လောက် ကြာပါတယ်တဲ့။ ပြီးတော့ အဲဒိအချိန်ဟာ အင်တာနက်အဲဒီလောက်နှေးပြီးတော့ online banking စနစ်လည်း စတင်ပေါ်လာတဲ့ခေတ်လည်း ဖြစ်ပါတယ်။ ဒါကြောင့် သူဒီစီးပွားရေးကို စလုပ်တာပါ။ ဆိုလိုချင်တာက အဲဒါက တရုတ်ပြည်မှာ လွန်ခဲ့တဲ့ ၁၅ နှစ် အခြေအနေပါ။ ဒါဆိုလက်ရှိ မြန်မာပြည်မှာကော online banking စနစ်ကိုလုပ်ဖို့အတွက် e-government တောင်မရှိသေးပါဘူး။ အင်တာနက်အမြန်နှုန်းကလည်း တရုတ်ပြည်မှာ လွန်ခဲ့တဲ့ ၁၅ နှစ်အခြေအနေလောက်နဲ့ သိပ်မကွာပါဘူး။ တချို့နည်းပညာ တိုးတက်တဲ့ ပြည်တွင်းဘဏ်တွေကတော့ ဗဟိုဘဏ်ကခွင့်ပြုရင် အွန်လိုင်းဘန်းကီးကို စဖို့အတွက် အဆင်သင့်အခြေအနေကိုတောင် ရောက်နေပြီလို့ ကြေညာထားပါတယ်။ ဒါဆိုရင် စာဖတ်သူအနေနဲ့ မြန်မာပြည်ဟာ ဘယ်လောက်ကွာနေလဲ မစဉ်းစားပဲနဲ့ သိနိုင်ပါတယ်။ ဒါကြောင့် မြန်မာပြည်ဟာ အရမ်းကို အရေးကြီးတဲ့ အခြေအနေရောက်နေတယ်လို့ စာရေးသူ မြင်မိပါတယ်။ တစ်ကယ်လို့ ဒီအခြေအနေမှာ အသည်းအသန် တစ်နိုင်ငံလုံး လိုက်ပြီးကြိုးစားရင်တောင် သူတို့နောက်ကပဲဖြစ်နေမှာပါ။ ဘာလို့လည်းဆိုတော့ တစ်ခြားနိုင်ငံတွေက ပညာရှင်တွေကလည်း ငုတ်တုတ်ထိုင်နေတဲ့လူ တစ်ဦးတစ်ယောက်မျှ မရှိပါဘူး။
 ဒါကြောင့် စာရေးသူက မြန်မာပြည်ဟာ အရမ်းကိုကြိုးစားဖို့ လိုအပ်နေတာကြောင့် ဝမ်းနည်းနည်းနဲ့ ပြည်သူတွေဟာ ဒီမိုကရေစီစနစ်အတွက် အဆင်သင့်မဖြစ်သေးဘူးလို့ ရေးမိတာပါ၊ ဆိုလိုချင်တာက ခုချိန်ခါဟာ လက်ရှိထမ်းဆောင်နေတဲ့ အစိုးရပဲဖြစ်ဖြစ်၊ ဘယ်ပါတီပဲဖြစ်ဖြစ်၊ ဘယ်ပါတီကပဲ မဲနိုင်ပြီး အစိုးရတက်လုပ်လုပ် သမ္မတကြီးအိုဘားမား ပြောခဲ့သလိုပဲ တစ်နိုင်ငံလုံးရဲ့အားနဲ့ ကြိုးစားကြရမှာပါ။ သူပြောခဲ့တာက နိုင်ငံတစ်ခုလုံးအတွက် အစိုးရကြီးပဲ ဦးဆောင်ပြီးလုပ်နေလို့မရပါဘူး၊ ပြည်သူတွေကပါ ဉာဏ်စွမ်းကိုယ်စွမ်းနဲ့ လိုက်လုပ်ကြရမှာပါ။ ဒီလိုရေးလိုက်တဲ့အတွက် စာဖတ်သူအနေနဲ့ ဒေါသထွက်မိမှာပဲ၊ ငါတို့ဘယ်လိုကြိုးစားကြိုးစား အရာမထင်ဘူးလို့ ပြောကြမှာပဲ။ စာရေးသူ ကိုယ်ချင်းစာပါတယ် ဘာလို့လည်းဆို​တော့ စာရေးသူက ပြည်သူတစ်ယောက်ဖြစ်နေလို့ပါပဲ။ ဒါပေမယ့်လည်း အဲလိုမျိုးဒေါသထွက်ပြီး ထိုင်နေရင် စာရေးသူတို့နိုင်ငံက ပိုပြီးဆိုးဖို့ပဲ ရှိပါတယ်။ စာရေးသူတို့ရဲ့ အသိဉာဏ်တွေကို နိုင်ငံတကာက လူတွေနဲ့ ရင်ဘောင်တန်းနိုင်အောင် မြှင့်တင်ဖို့လိုအပ်ပါတယ်။ စာရေးသူတို့ဟာ နိုင်ငံတကာက လူတွေနဲ့ မွေးကတည်းကိုက ကွာပါတယ်။ မိဘကွာတယ်၊ အစိုးရကွာတယ်၊ ပတ်ဝန်းကျင်ကွာတယ် စသည်ဖြင့် အစစအရာရာ အများကြီး ကွာပါတယ်။ မိဘကွာတယ်ဆိုတာက မိဘမေတ္တာကို ပြောတာမဟုတ်ပါဘူး၊ ကလေးတစ်ယောက်ကို ဘယ်လိုထိန်းရမလဲဆိုတဲ့ နည်းပညာကွာတာပါ။ သူတို့နိုင်ငံတွေမှာက မိဘတစ်ယောက်ဖြစ်တော့မယ်ဆိုရင် ကလေးကို ဘယ်လိုထိန်းကျောင်းရမယ်၊ မိဘက ကလေးကို ဘယ်လိုဆက်ဆံရမလဲဆိုတဲ့ သင်တန်းတွေကို အစိုးရက အခမဲ့ပို့ချနေပါတယ်။ တစ်ချို့နိုင်ငံတွေဆို မတက်မနေရဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ အထူးပြောစရာမလိုပါဘူး။ ကလေးတစ်ယောက်က အရမ်းအရေးကြီးလို့ပဲ ဖြစ်ပါတယ်။ ဘယ်လိုအရေးကြီးလဲဆိုရင် စာရေးသူ နှိုင်းယှဉ်ပြပါမယ်၊ စာရေးသူတို့ရဲ့ နိုင်ငံဟာ တစ်ချိန်က အာရှရဲ့စပါးကျီဖြစ်ခဲ့တယ်။ အဲဒိအချိန်တုန်းက အိမ်နီးချင်းနိုင်ငံတွေဟာ မြန်မာကို အရမ်းအားကျကြတယ်။ ယခုအချိန်မှာ အိမ်နီးချင်း ထိုင်းနိုင်ငံဟာ တစ်နေ့ကို ကမ္ဘာ့တစ်ဝန်းလုံးကို ကြက်ကောင်ရေပေါင်း ၇ သန်းတင်ပို့နေတယ်။ ဒါဆိုစဉ်းစားကြည့်ကြရအောင် ဒီလိုမျိုးကြက်ကောင်ရေ ၇ သန်းအတွက်၊ သူတို့ ဘယ်လိုမျိုး စီစဉ်ထားလဲ၊ သူတို့မှာ မနက်ဖြစ်ပို့ဖို့အတွက် ကြက်ကောင်ရေ ၇ သန်းထက်မနည်း ရှိကို ရှိရမယ်၊ ဒါဆို တစ်ဆင့်ချင်းဆီ နောက်ဆုတ်သွားနော် ရက် ၃၀ ထိ။ ထိုင်းမှာ နိုင်ငံတစ်ကာကို ပိုဖို့အတွက် အဆင်သင့်ဖြစ်အောင် တစ်လတိတိ ကြက်ကိုမွေးတယ်၊ ဒါဆိုရင် နေ့တိုင်း ကြက်ကောင်ရေ ၇ သန်းပို့ဖို့အတွက် သူတို့ဆီမှာ တစ်နေ့စီအတွက် ကြက်ကောင်ရေ ၇ သန်းကို တစ်လစာရှိကိုရှိရမယ်။ အဲဒိထဲမှာ ကြက်မကြီးကနေ၊ ကြက်သေးသေးလေးတွေ နဲ့နောက်ဆုံး ပိုဖို့အဆင်သင့်ဖြစ်တဲ့အထိ ကြက်တွေပါတယ်။ အရွယ်အစုံအတွက်ကို အနည်းဆုံး ၇ သန်းဆီ ရှိမှရမယ်။ အဲဒိတော့ ဒီလိုမျိုးပို့ဖို့အတွက်ကို အဲဒီကြက်မျိုးဆက်မှာ ဘယ်အကောင်လေးတွေက အရေးကြီးဆုံးဖြစ်ပြီး အဓိကကျလဲဆိုတာ အရမ်းရှင်းပါတယ်။ ကြက်ကလေးတွေနဲ့ ကြက်ကလေးတွေကို မွေးမည့် ကြက်မကြီးတွေပဲပေါ့။ ဒါကြောင့် စာရေးသူတို့နိုင်ငံမှာလည်း နေရာအသီးသီးမှာ ထမ်းဆောင်နေတဲ့ တာဝန်ရှိတဲ့လူတွေဟာ ဘယ်ကဆင်းသက်လာတာလဲဆိုတော့ ဘယ်ကမှလာတာ မဟုတ်ပါဘူး၊ ဒီမြန်မာပြည်ကပဲ ထွက်တာပါ။ ဒါကြောင့် နိုင်ငံတစ်ကာမှာ ကလေးအတွေကို အရမ်းကို အရေးပေးပြီး အမျိုးမျိုးသော နည်းပညာတွေနဲ့ သင်ကြားနေတာဖြစ်ပါတယ်။ မြန်မာပြည်မှာ ကြားနေကျအသံတစ်ခုကတော့ ကလေးဆိုတာ ဒီလိုပဲ ဆိုတာသာ အများဆုံးဖြစ်မှာပါ။ ကလေးက သူ့ရဲ့ပတ်ဝန်းကျင်က လူတွေရဲ့ အကျင့်စရိုက်ကို သင်ယူတာပါ။ ဒါကြောင့် ကလေးရဲ့ ဝန်းကျင်က လူတွေကလည်း မပြုမူသင့်တာတွေ မပြုမူဖို့ လွန်စွာမှ အရေးကြီးပါတယ်။ ဆက်ရေးရင်တော့ ကလေးအကြောင်းတွေနဲ့ ခေါင်းစဉ်နဲ့လွဲသွားမှာစိုးလို့ စာရေးသူ ဒီလောက်နဲ့ပဲ ကလေးအကြောင်းကို ရပ်ပါမယ်။ ဒါက မိဘကွာတယ်ဆိုတဲ့ အချက်ပေါ့။ အစိုးရကွာတာကတော့ သိပ်ပြောစရာမလိုပါဘူး။ ပတ်ဝန်းကျင်ကလည်း ပြောရရင် အရှည်ကြီးပေါ့။ အဲဒီလိုတွေကွာတာကြောင့် စာရေးသူတို့ မြန်မာပြည်က လူတွေ အရမ်းကို ကြိုးစားကြဖို့ လိုအပ်ပါတယ်။
ခုနက စာရေးသူ အထက်မှာ ဖော်ပြခဲ့တဲ့ ပြည်သူတွေကပါ ဉာဏ်စွမ်းကိုယ်စွမ်းနဲ့ လိုက်လုပ်ကြရမယ်ဆိုတာက ဘယ်လိုလဲဆိုတော့ စစ်ပွဲတစ်ပွဲမှာ ခေါင်းဆောင်ကပဲ ရှေ့ကတိုက်လို့မရပါဘူး၊ လက်အောက်ငယ်သားတွေကလည်း စစ်ရေးစစ်ရာမှာ ကျွမ်းကျင်ပြီး အမှုထမ်းတစ်ဦးချင်းဆီက ကိုယ်ကျွမ်းကျင်ရာ လက်နက်ကို ကိုင်တွယ်ပြီး အရည်အချင်းပြည့်ဝနေမှ အစစအရာအရာ သာလွန်နေတဲ့ တစ်ဖက်ရန်သူကို ခုခံနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် စာရေးသူတို့အားလုံး ကြိုးစားကြဖို့ လိုအပ်ပါတယ်။ စာရေးသူတစ်နေ့တစ်နေ့ ကားစီးရင်းနဲ့ မြို့တော်ခန်းမရှေ့က ပန်းခြံကို ပြုပြင်လိုက်တာကို တွေ့ရတယ်၊ နည်းနည်းတော့ကြာပါပြီ၊ နေဝင်လို့ညနေဆောင်းသွားရင် မီးရောင်စုံနဲ့ ပန်းခြံက ပိုပြီးတော့ အသက်ဝင်ပါတယ်။ တစ်ခါတစ်လေ နေ့လယ်ဖြတ်သွားရင်လည်း လူတွေအများကြီး အပန်းလာဖြေကြတာတွေ့ရတယ်။ အရမ်းကို ကြည်နူးစရာပါ။ အနည်းငယ်ကျဉ်းပေမယ့် အပန်းဖြေစရာလေးတစ်ခုတော့ ရတာပေါ့။ အင်း ဒါနဲ့ စာရေးသူတို့ရုံးနားက ဒဂုံပန်းခြံကိုလည်း ပြန်လည်ပြင်ဆင်လိုက်တာ အခုဆိုပြီးသွားလို့ စာရေးသူတို့ နေ့လယ်စာသွားစားရင် ဖြူစိမ်းလေးတွေနဲ့ ဆော့ကစားနေတာကို ကြည်နူးဖွယ်တွေ့ရပါတယ်။ ဒါလည်း မြို့ရဲ့အင်္ဂါရပ် တစ်ခုပေပဲပေါ့။ ဒါနဲ့စာရေးသူ ပထမဆုံးအပေါ်မှာ ရေးထားတာလေးကို ပြန်ဆက်ပါ့မယ်၊ စာရေးသူ ကိုယ်တိုင်ကြုံတွေ့တာလေးဆိုတာ။ စာရေးသူ မနေ့က စာရေးသူရဲ့ ကလေးကို ကစားကွင်းလိုက်ပို့ဖို့ ကန်တော်ကြီး မျှော်စင်ကျွန်းကို သွားခဲ့ပါတယ်။ အများသူငါရုံးပိတ်ရက်ဆိုတော့လည်း ပန်းခြံမှာ ကလေးတွေကို ဆော့ဖို့လာပို့တဲ့ မိဘတွေကလည်း ကစားကွင်းတစ်ခုလုံးကို ပြည့်လို့နေပါတယ်။ ဒါနဲ့စာရေးသူလည်း ကလေးကို ချီရင်းနဲ့ ဘယ်နေရာလွတ်မလဲ ကြည့်နေတာ တစ်နေရာမှ မလွတ်တာနဲ့ အမျိုးသမီးနဲ့အတူ ပေါက်ပေါက်သွားဝယ်စားပါတယ်။ ဒါနဲ့ပြန်လာတော့လည်း ကလေးတွေက ကစားနေလိုက်တာ နေရာလွတ်တောင် မရှိပါဘူး။ တစ်ကယ်တော့ ကလေးကို လိုက်ပို့ပေမယ့် စာရေးသူရဲ့ ကလေးက ကစားရမယ့်အရွယ်မရောက်သေးပါဘူး။ သူကိုတမင်တကာ လိုက်ပြတာပါ။ အဲဒီအချိန်မှာ စာရေးသူ တစ်စုံတစ်ခုကို သတိထားမိလိုက်တယ်။ မျှော်စင်ကျွန်းမှာ ကလေးကစားတဲ့ လျှောစီးကစားစရာ များများစားစား မရှိပါဘူး။ စာရေးသူ မြင်လိုက်တာကတော့ ဒန်းလေးတွေကို မျှော်စင်ကျွန်းစည်းရိုးနဲ့ နီးကပ်စွာ တပ်ဆင်ထားတဲ့ နေရာလေးနားကဖြစ်ပါတယ်။ အဲဒိလျှောလေးတွေနဲ့ တစ်ခြားခိုစီးတဲ့အရာလေးတွေအောက်မှာ ကတီပါမြက်လိုလိုခင်းထားပါတယ်။ အဲဒိမှာ ကလေးတွေ နေစရာမရှိအောင် ဆော့နေတဲ့ကြားက နောက်ကြောခံကျောက်တုံးလေးတွေကို မှီပြီး လူလတ်ပိုင်းအရွယ် အမျိုးသား ၅ ယောက်လောက် ဝိုင်းဖွဲ့ပြီး အရက်သောက်နေတာကို တွေ့လိုက်တယ်။ စာရေးသူ မြင်မြင်ချင်း စိတ်ထဲဒေါပွသွားတယ်၊ တော်တော်သောက်စရာရှားလို့။ အများသူငါအပန်းဖြေတဲ့ ပန်းခြံလိုနေရာမျိုးဖြစ်တဲ့အပြင်ကို အထူးသဖြင့် ကလေးတွေရဲ့ ရှေ့မှာမှ ဒီလိုမျိုး သောက်နေတာဟာ အရမ်းကို မဖြစ်သင့်တဲ့အရာ တစ်ခုပါ။ တစ်ကယ်ဆို ဒီလိုမျိုး လူတွေကို အရေးယူသင့်ပါတယ်။ တစ်ကယ်ဆို ပြည်သူတွေအပန်းဖြေတဲ့ ပန်းခြံတိုင်းမှာကို အဲလိုမျိုးတွေ မရှိသင့်ပါဘူး။ ပြည်သူတွေ အပန်းဖြေဖို့ ဖန်တီးပေးထားတဲ့ အဲလိုမျိုး ပန်းခြံတွေမှာ အရက်သောက်ချင်တဲ့ လူတွေက မသောက်ကြဘဲ အရက်ဆိုင်မှာပဲ အေးအေးလူလူသောက်ကြမယ်ဆိုရင် အပန်းဖြေတဲ့လူတွေအနေနဲ့လည်း စိတ်အနှောက်အယှက် ကင်းကင်းနဲ့ အနားယူနိုင်မယ်။ ဒါကြောင့် စာရေးသူတို့ရဲ့နိုင်ငံက အရက်သောက်ချင်လှပါပြီဆိုတဲ့ အမျိုးသားတွေ၊အမျိုးသမီးတွေဟာ ပန်းခြံတွေ၊ အများသူငါ အနားယူတဲ့နေရာတွေ နဲ့ ကလေးတွေ ရှိတဲ့နေရာမှာ မသောက်ကြဘဲ စိတ်လေးကို တင်ပြီး ဆိုင်မှာပဲ သောက်ကြမယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲဗျာ…..။
author-avatar

About Kaung Sint Aung

ခင်ဗျားမှာ ခံယူချက်ဆိုတာ မရှိသေးသရွေ့တော့ ဘယ်အရာကမှ အရေးကြီးမှာ မဟုတ်ပါဘူး။ ခံယူချက်ဆိုတာရှိနေပြီဆိုရင်တော့ အဲဒိခံယူချက်လောက် ဘယ်ဟာကမှ အရေးမကြီးတော့ပါဘူး။ Nothing really matters unless you have a code! May be sharing the things what I know to the audiences to be pleased is my code! Sincerely I am not a writer or author, I am learning how to write and sharing or translating what's going on over the world! Sometimes I combined my opinions or thinking to that articles. I'm really welcome of your some advises or opinions as your perspective about my articles, just point me out! It can really drive home to be a better writer or author to me! Thanks!

Leave a Reply

Your email address will not be published. Required fields are marked *