Genre – Science Fiction, Action
Studio – Production I.G
No. of Episodes – 13
Score – 4.5 out of 5
Animation Studioတစ်ခုချင်းမှာ သူတို့ရဲ့ အားသာချက်၊ အားနည်းချက်၊ ဒါမှမဟုတ် ပရိသတ်တွေ သတိထားမိတဲ့ အချက်တွေ ရှိကြပြီး Production I.G Studioဆိုရင်တော့ ဇာတ်လမ်းသာ မျှော်မှန်းထား သလောက် ကောင်းချင် ကောင်းမယ် Animation Qualityကတော့ သေချာပေါက် ကောင်းမယ် ဆိုတာ ပရိသတ် သိရှိပြီးသား Studioတစ်ခု ဖြစ်ပါတယ်။ Ghost in the Shell ၊ Guilty Crown ၊ K ၊ Blood: The Last Vampireနှင့် Oblivion Islandအစရှိတဲ့ Series၊ Movieနှင့် OVA တွေမှာ animationပိုင်း အထူး ကောင်းမွန်သလို အခြား ဇာတ်လမ်းတွဲ တွေမှာလည်း Quality ကောင်းမွန်တဲ့ အတွက်ကြောင့် Production I.Gက ဇာတ်လမ်းသစ်တိုင်းကို ပရိသတ်က သတိထားမိခဲ့ကြပြီး ယခု Seriesသစ် Gargantia On The Verdurous Planetကတော့ Production I.Gနှင့်အတူ Puella Magi Madoka Magicaနှင့် Fate/Zeroတို့လို ဇာတ်လမ်းကောင်းမွန်တဲ့ Series တွေရဲ့ စာရေးဆရာ Gen Urobochiတို့ ပူးပေါင်း တင်ဆက်ထားတဲ့ ဇာတ်လမ်းတွဲ ဖြစ်တဲ့ အတွက်ကြောင့် မထွက်ခင် ကတည်းက စိတ်ဝင်စားမှု ရရှိခဲ့တဲ့ Seriesတစ်ခုလို့ ပြောလို့ရပါတယ်။
Gargantia On The Verdurous Planetရဲ့ဇာတ်လမ်းဟာ အနာဂတ် အချိန်မှာ ကမ္ဘာမြေအနေနှင့် အလွန်အေးခဲမှု ဒဏ်ကြောင့် လူသားများ အသက်ရှင် နေထိုင်ရန် မသင့်တော်တော့တ့ဲအတွက် အာကာသစခန်း Colonyများအတွင်း လူသား သန်း 470ကျော် ရွေ့ပြောင်း နေထိုင်ချိန်တွင် စတင် ထားပါတယ်။ ဒါပေမယ့် အာကာသ အတွင်းက လူသားတွေဟာ Hideauzeလို့ခေါ်တဲ့ အာကာသအတွင်း နေထိုင် ရှင်သန်နိုင်တဲ့ ဂြိုဟ်သား မျိုးနွယ်စုရဲ့ရန်ကို ကာကွယ်ရင်း နေ့စဉ် တိုက်ပွဲများ ရင်ဆိုင်နေရပါတယ်။ ဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်ဖြစ်တဲ့ Ensign Ledoကတော့ 16 နှစ်အရွယ် ယဉ်မောင်း တစ်ယောက်ဖြစ်ပြီး Machine Caliberလို့ခေါ်တဲ့ အဆင့်မြင့် Support A.Iသုံး Chamberအမည်ရ Mecha စက်ရုပ်များကို မောင်းနှင်ကာ Hideauzeများကို တိုက်ခိုက်ရသူ ဖြစ်ပြီး တိုက်ပွဲ တစ်ခုအတွင်း မိမိတပ်ဖွဲ့ဖြင့် နေရာကွဲသွားပြီး အာကာသအတွင်း 6လကျော်ကြာ အိပ်ပျော်နေကာ ထူးဆန်းတဲ့ ဂြိုဟ်တစ်ခုပေါ် ရောက်ရှိသွားပုံဖြင့် ဇာတ်လမ်းစတင် ထားပါတယ်။
Ledo နှိုးလာတဲ့အချိန်မှာတော့ သူဟာ နည်းပညာ အထူးမြင့်မားမှု မရှိသေးဘဲ ရေတွေ ပြည့်နေတဲ့ ဂြိုဟ်တစ်ခုပေါ် ရောက်ရှိနေကြောင်း သိရှိခဲ့ရပြီး စက်ရုပ် Chamberရဲ့ တွက်ချက်မှုအရ ရေတွေ ခဲနေလို့ လူသားအများစု စွန့်ခွာခဲ့တဲ့ ကမ္ဘာမြေကို ပြန်လည် ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိခဲ့ ရပါတယ်။ Ledo ရောက်ရှိနေတာဟာ Gargantiaလို့ခေါ်တဲ့ Cargo Shopများ ပေါင်းစပ်ထားတဲ့ Colony အကြီးစား တစ်ခုဖြစ်ပြီး လူသားတွေဟာ ပင်လယ်အတွင်းမှ အစားအသောက်များ၊ ယဉ်ပျက် အတွင်းမှ သယံဇာတများ ရှာဖွေရင်း မြို့ငယ်တစ်ခုကဲ့သို့ နေထိုင်လျှက်ရှိတာကို တွေ့ရှိရမှာပါ။ Ledo အနေနှင့် Gargantiaအတွင်း နေထိုင်သူ Amyအမည်ရ စာပို့လုပ်ငန်း လုပ်ကိုင်တဲ့ ကောင်မလေးနှင့် ရင်းနှီးခဲ့ပြီးနောက်မှာ မိမိရဲ့ Space Colonyထံ ပြန်သွားဖို့ ကြိုးစားရင်း လူနေမှုစနစ် ကွဲပြားတဲ့ Gargantiaမှာ နေထိုင်နိုင်ရန် ကြိုးပမ်းပုံကို Actionနှင့် ဟာသ ဇာတ်လမ်းများ ရောစပ်ထားတဲ့ Episodeများမှတစ်ဆင့် မြင်တွေ့ရမှာ ဖြစ်ပါတယ်။
လှပတဲ့ Backgroundနှင့် Gargantia နယ်မြေအတွင်းမှ အဆောက်အဦးတွေကို အရောင်အသွေး စုံလင်စွာ ကြည့်ကောင်းအောင် ရေးဆွဲထားသလို CGI Graphicsနှင့် 2D Animationကို သဘာဝ ကျကျ ပေါင်းစပ်ထားနိုင်တာ တွေ့ရပါတယ်။ နည်းပညာ အရမ်းကြီး တိုးတက်မှု မရှိပေမယ့်လည်း Yumboroidsလို့ခေါ်တဲ့ အလုပ်ကြမ်းသုံး စက်ရုပ်တွေ Parasailsနှင့် Glidersတွေကို အသုံးပြုနိုင်တာ တွေ့ရပြီး ပေါ့ပေါ့ပါးပါး ဇာတ်လမ်းတွေနှင့်အတူ ပြင်းထန်တဲ့ တိုက်ပွဲခန်းတွေ ပါဝင်ပေမည့် Character Designပိုင်းနှင့် Costume Designပိုင်းတွေကတော့ Japan Anime ဇာတ်လမ်းတွေရဲ့ ထုံးစံအတိုင်း ထူးဆန်းတဲ့ ဝတ်စုံတွေနှင့် မိန်းကလေးဇာတ်ကောင် အများစုကို မိတ်ဆက်ပေးထားတာ တွေ့ရမှာပါ။ Gargantia On The Verdurous Planet ဟာ ဇာတ်လမ်းပိုင်းကော Animation Quality ပိုင်းပါ ကောင်းမွန်တဲ့ Production I.G ရဲ့ Seriesသစ် တစ်ခုဖြစ်ပါတယ်။