News

ကိုယ်ခံပညာပေါင်းစုံ အသုံးပြုယှဉ်ပြိုင်နိုင်သည့် MMA World Seriesပွဲစဉ် မြန်မာနိုင်ငံ၌ ပထမဆုံး ကျင်းပမည်

ကိုယ်ခံပညာရပ်ပေါင်းစုံ အသုံးပြုယှဉ်ပြိုင်နိုင်သည့် MMA (Mixed Martial Arts) ပြိုင်ပွဲကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် လာမည့် သြဂုတ်လ ၃၁ရက်နေ့တွင် အမျိုးသား အားကစား ပြိုင်ပွဲရုံ (၁)၊ သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်မည့် MMA World Series ပွဲစဉ်ကို Bec-Tero၊ Forever ကုမ္ပဏီနှင့် Myanmar Media Groupတို့မှ ပူးပေါင်း စီစဉ်ကျင်းပခြင်း ဖြစ်သည်။ ယင်းပြိုင်ပွဲနှင့် ပတ်သက်၍ စာနယ်ဇင်း ရှင်းလင်းပွဲ တစ်ရပ်ကို ဇူလိုင်လ ၃၁ရက်နေ့ ညနေ ငါးနာရီက ရန်ကုန်မြို့၊ စင်ထရယ်ဟိုတယ်တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး Bec-Tero၊ Forever ကုမ္ပဏီနှင့် Media Groupမှ တာဝန်ရှိသူများ တက်ရောက်ကာ ပြိုင်ပွဲနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်ဟု သိရသည်။

သြဂုတ် ၃၁ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အဆိုပါ ပြိုင်ပွဲတွင် အီရန်၊ ပါကစ္စတန်၊ အမေရိကန်၊ ဂျပန်၊ ဖိလစ်ပိုင်၊ မြန်မာ၊ သြစတြေးလျနှင့် ထိုင်းနိုင်ငံတို့မှ အားကစားများ လာရောက် ယှဉ်ပြိုင် ကြမည်ဖြစ်ပြီး ပွဲစဉ်တွဲဆိုင်း ခုနစ်ဆိုင်း ကျင်းပပြုလုပ်မည် ဖြစ်သည်။ ယင်းပွဲစဉ်များ အနက် ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲ အဖြစ် အီရန်နိုင်ငံသား အက်ကဘာကာရီမီနှင့် ပါကစ္စတန် နိုင်ငံ သား ခန်ဒါဇာတို့ ယှဉ်ပြိုင်မည့် ပွဲစဉ်၊ ဝယ်သာဝိတ်တန်း၊ ကမ္ဘာ့ချန်ပီယံလုပွဲ အဖြစ် ကန်ကိုဆာမူရိုင်း (ဂျပန်)နှင့် ဂျွန်ဖဲလ်ဘရော့တို့ ယှဉ်ပြိုင်မည့် ပွဲစဉ်များလည်း ပါဝင်မည်ဖြစ်သည်။ မြန်မာရိုးရာ လက်ဝှေ့သမားနှစ်ဦးဖြစ်သည့် ထက်အောင်ဦးနှင့် လေးညှို့ရှင်တို့သည် မြန်မာ့ရိုးရာ လက်ဝှေ့ကို သရုပ်ပြ ယှဉ်ပြိုင် တိုးတက်ရန် စီစဉ်ထားပြီး ယင်းပွဲစဉ်အား MMA မြန်မာချန်ပီယံ (၁၃၂ -၁၃၉ ပေါင်) အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။ ၎င်း MMA ပွဲစဉ်များသည် ငါးမိနစ်သုံးချီ ယှဉ်ပြိုင်ရပြီး သံဇကာ ပတ်ပတ်လည် ကာထားသော ကြိုးဝိုင်းအတွင်း ယှဉ်ပြိုင်ရသည့် ပြိုင်ပွဲအမျိုး အစား ဖြစ်သည်။ ထို့အပြင် ပြိုင်ဘက် ကစားသမား လဲကျနေလျှင်လည်း ယှဉ်ပြိုင်မှုကို ရပ်နားခြင်း မပြုပဲ ဆက်လက် ယှဉ်ပြိုင် ထိုးသတ်စေသော ကစားနည်း ဖြစ်သည်။ ယင်း ပြိုင်ပွဲကို အမေရိကန် တရုတ်နှင့် မြန်မာနိုင်ငံတို့တွင် တိုက်ရိုက်ထုတ်လွှင့်ပြသရန်လည်း စီစဉ်ထားကြောင်း သိရသည်။

၎င်းပြိုင်ပွဲ အကြောင်းကြားသိရာတွင် ယခင်က ကြည့်ရှုခဲ့ရသည့် “The Chings of the Square Ring”ဆိုသော ရုပ်ရှင်ကားအကြောင်း သွား၍ သတိရမိသည်။ လက်ဝှေ့ကြိုးဝိုင်းအတွင်း နပမ်း သမားများ တစ်ယောက်နှင့် အသေသတ်နေကြသည့် ပွဲမျိုးဖြစ်နေမည်လား မသိပါ။ အသာစီးရနေသည့် လူက တစ်ဖက် လူ၏ လက်တွေ ခြေထောက်တွေကို လိမ်ချိုးနေတာ၊ လဲနေသည့် လူ၏ ကိုယ်ပေါ်ကို ကြိုးတန်းပေါ် တက်ပြီး ခုန်ချတာ၊ ကြိုးဝိုင်းအပြင်ဘက် ကျသွားတာတောင် သံခေါက်ကုလားထိုင်နှင့် ကိုင်ရိုက်နေတာ၊ ဒိုင်လူကြီးကိုတောင် ထိုးထည့်လိုက်တာ၊ ဘီလူးသရဲကြီးတွေ လိုမျိုး ကြည့်ရတာ အခုထက်ထိ မျက်လုံးထဲမှာ မြင်ယောင်နေဆဲပါ။ နပမ်းသတ်သည့် လူတွေကလည်း သူတို့၏ ခန္ဓာကိုယ်တွေက ရာဘာနှင့်များ လုပ်ထားသလားလို့ ထင်ရအောင် ကိုယ်လဲ နေသည့် အချိန်မှာ ခံနေပြီး ကိုယ်ထနိုင်သည့် အချိန်မှာ တစ်ဖက်လူကို ပြန်လည် ထိုးကြိတ်တာ တွေ့ရပါသည်။ ဘာပဲဖြစ်ဖြစ် သည်းထိတ်ရင်ဖို ခံစားချင်သောလူများ MMA World Servies ကိုသာ စောင့် မျှော်ကြည့်ရှုကြပါဟု……….။
Ref: Daily Eleven

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *