News

ထိုင်းပါလီမန်အတွင်း လွှတ်တော်အမတ်များနှင့် ရဲများ ရုန်းရင်းဆန်ခတ် ဖြစ်ပွား

ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးဆွဲရေးဆိုင်ရာ အငြင်းပွားဖွယ် အဆိုပြုချက်များနှင့် ပတ်သက်၍ ထိုင်းပါလီမန်၌ အချေအတင် ဆွေးနွေးကြစဉ် အတိုက်အခံ လွှတ်တော်အမတ်များနှင့် ရဲတပ်ဖွဲ့ဝင်များအကြား သြဂုတ်လ ၂၁ရက်နေ့က ထိုးကြကြိတ်ကြ ဖြစ်ခဲ့ကြောင်း AFP သတင်းတစ်ရပ်အရ သိရသည်။

ထိုင်းအစိုးရ အတိုက်အခံ ဒီမိုကရက်တစ်ပါတီ လွှတ်တော်အမတ် ၅၇ဦးက ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး အဆိုပြုချက်များကို ကန့်ကွက်ကြောင်း တစ်ပြိုင်တည်း အော်ဟစ်ခဲ့ကြပြီး၊ လွှတ်တော်ဥက္ကဋ္ဌ၏ ဆိတ်ဆိတ်နေရာ မေတ္တာရပ်ခံချက်ကို အာခံရာမှ အစပြု၍ လွှတ်တော်တွင်း ရန်ပွဲစတင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ သတင်းများတွင် ဖော်ပြသည်။ အခင်းဖြစ်ပွားနေစဉ်အတွင်း အတိုက်အခံ နိုင်ငံရေးသမားများကို ရဲတပ်ဖွဲ့ဝင်များက ဖမ်းချုပ်ပြီး လွှတ်တော်ဝင်ပေါက်ဆီသို့ တွန်းထိုးပို့ဆောင်ခဲ့ကြောင်း ရုပ်သံမှတ်တမ်းများတွင် တွေ့မြင်ရသည်ဟု ဆို၏။

ရန်ပွဲဖြစ်ပွားချိန်တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အဆိုပြုချက်များကို ဆွေးနွေးရန် အချိန်တောင်းကြသော်လည်း ငြင်းပယ်ခံခဲ့ရခြင်းကြောင့် အတိုက်အခံအမတ်များ ဒေါသူပုန်ထလျက်ရှိကြောင်း၊ တစ်ချိန်တည်းမှာပင် လွှတ်တော်အတွင်း ရဲတပ်ဖွဲ့ဝင် ၁၀၀ခန့်လည်း ရှိနေကြောင်း သတင်းများတွင် ဖော်ပြထားသည်။

ထိုင်းပါလီမန်လွှတ်တော်၌ ပြုလုပ်သော အချေအတင် ဆွေးနွေးပွဲများသည် ရံဖန်ရံခါ လက်ရောက်ခြေပါဖြစ်တတ်သည့် သမိုင်းမျိုး ရှိခဲ့သည်ဟု သိရသည်။ ၂၀၁၂ခုနှစ် မေလက အစိုးရ အတိုက်အခံ ဒီမိုကရက်တစ်ပါတီ လွှတ်တော်အမတ်များက စက္ကူလုံးများနှင့် ပစ်ပေါက်ရန် ကြိုးစားခဲ့မှုကြောင့် လွှတ်တော်ဥက္ကဋ္ဌကို ရဲတပ်ဖွဲ့ဝင်များက ဝန်းရံကာကွယ်ပေးခဲ့ရဖူးသည်ဟု သိရသည်။

ယခုလ အစောပိုင်းကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးဆိုင်ရာ အချေအတင် ဆွေးနွေးပွဲ ကျင်းပနေစဉ်အတွင်း လွှတ်တော်အတွင်းရှိ ရုပ်သံပိတ်ကားများပေါ်၌ မဖွယ်မရာ ပုံစံပြုလုပ်နေသည့် ဝတ်လစ်စားလစ် အမျိုးသမီး တစ်ဦး၏ ပုံပေါ်လာမှုကြောင့် အမတ်မင်းများနေရထိုင်ရအခက် ဖြစ်ခဲ့ရသည်ဟု သိရပါသည်။

ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်အား စွပ်စွဲထားသည့်အပြစ်များမှ လွတ်ကင်းစေရန်အတွက် သက်ဆင်၏ ညီမဖြစ်သူ လက်ရှိဝန်ကြီးချုပ် ယင်လပ်ရှင်နာတ်က လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်နိုင်ရန် ကြိုးစားနေခြင်းကို အတိုက်အခံများကလည်း လက်မခံချင်ကြသဖြင့် ယခုကဲ့သို့ အချေအတင်ဖြစ်နေကြခြင်း ဖြစ်သည်။ သူတို့ဆီမှာတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မပြင်ချင်။ ဒီမှာတော့ ပြင်ဆင်နိုင်ရန် ကြိုးပမ်းနေကြသည်။ ဘာပဲဖြစ်ဖြစ် တိုင်းပြည်၏ အကျိုးကို မထိခိုက်ဖို့တော့ လိုပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *