Opinion

မီတာခ ဋီကာ

မီတာခတွေမတက်သေးဘူးတဲ့၊ မတက်တော့ဘူးပြောတာမဟုတ်ဖူးနော်၊ မတက်သေးဘူးပြောတာ၊ အခုကျင်းပနေတဲ့ ပြည်ထောင်စုလွှတ်တော်ကိုပေးပို့တဲ့ နိုင်ငံတော်သမ္မတရဲ့ သ၀ဏ်လွှာမှာကို ဒီလိုပါတယ်။

“လျှပ်စစ်ဓါတ်အားခများတိုးမြှင့်ကောက်ခံရန် စီစဉ်ဆောင်ရွက်ရခြင်းသည် နိုင်ငံတော်တစ်၀န်းတွင်နေထိုင်ကြ သောပြည်သူအများ မျှမျှတတခံစားခွင့်ရရှိရန်နှင့်နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရန်တို့အတွက် ရေရှည်စီမံချက်ဖြင့် သုံးသပ်ဆောင်ရွက်ခြင်းဖြစ်ပါ၍ ၂၀၁၄-၂၀၁၅ ဘဏ္ဍရေးနှစ်အစတွင် တိုးမြှင့်ကောက်ခံရေး စတင်ဆောင်ရွက် မည်” လို့ပါရှိတယ်။ ဘာပဲဖြစ်ဖြစ် အတိုင်းအတာ တစ်ခုအထိတော့ ကိုဘအေးတို့အဖို့သက်သာသွားတာပေါ့။

လျှပ်စစ်စွမ်းအား၀န်ကြီးဌာနကနေ မီတာခတွေတိုးကောက်မယ်။ အိမ်သုံးမီတာကို ယူနစ်၁၀၀အထိမူလနှုန်း ၃၅ ကျပ်ပဲ ကောက်မှာဖြစ်ပြီး ယူနစ် ၁၀၀ ကျော်ရင်ကျပ်၅၀နှုန်း၊ လုပ်ငန်းမီတာကို ယူနစ် ၅၀၀၀ အထိကို ၁၀၀ ကျပ်နှုန်းဖြစ်ပြီး ၅၀၀၀ ကျော်ရင် ၁၅၀ ကျပ်နှုန်းကောက်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီသတင်းဟာ တစ်နိုင်ငံလုံးကို ပွက်လောရိုက်သွားပါတယ်။ ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ လူထုဆန္ဒပြပွဲ တွေပြုလုပ်ကြတယ်။ ရန်ကုန်မြို့မှာ နို၀င်ဘာ ၆၊ ၇၊ ၈ နဲ့ မန္တလေးမြို့ မှာနို၀င်ဘာ ၈ရက်၊ ၉ရက်၊ တို့မှာ ဆန္ဒပြပွဲ တွေလုပ်ကြတာတွေ့ရတယ်။ ညပိုင်းမှာဖယောင်းတိုင်တွေထွန်းပြီး ဆန္ဒပြကြတာ။(ဖယောင်းတိုင်တွေတော့ အတော်ရောင်းလိုက်ရမှာပဲ) တောင်းဆိုချက်တွေကတော့ “ပြည်သူလူထုအားငဲ့ညှာကြပါ၊” “လျှပ်စစ်မီတာတိုးမြှင့် ကောက်ခံခြင်းအလိုမရှိ” “မီတာခတက်လျှင် ကုန်ဈေးနှုန်းတွေဒီထက်ပိုတက်မယ်” “ပြည်သူတွေဒီထက်ပိုပြီး ဘ၀ပျက်မယ်” စတဲ့ဆိုင်းဘုတ်တွေ ကိုင်ဆောင်ချိတ်ဆွဲပြီး ဆန္ဒပြကြတယ်။ အစောပိုင်းတုန်းကတော့ လျှပ်စစ်၀န်ကြီးနှုတ်ထွက်လို့ တောင်းဆိုတာတွေတောင်ရှိတယ်။

ဒီ မီတာခတွေကိစ္စက ကျင်းပနေဆဲလွှတ်တော်အစည်းအဝေးတွေမှာလည်း အဆိုတင်သွင်းကြ၊ ဆွေးနွေးညှိနှိုင်း ကြနဲ့ အလုပ်တွေရှုပ်သွားကြတယ်။ မီတာခတွေ လျှော့ချပေးဖို့၊ ယူနစ် ၁၀၀အ စား ၂၀၀၊ ၃၀၀ အထိထားပေးဖို့၊ ပြည်ထောင်စုလွှတ်တော်ရဲ့ နောက်ထပ်အတည်ပြုချက်မရမချင်း လက်ရှိနှုန်းအတိုင်း ထားပေးဖို့ စသဖြင့် ဆွေးနွေးကြတယ်လို့သိရတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ (ကောလိပ်ဂျင်နေ၀င်း လေသံနဲ့) ရန်ကုန်မြို့တော်လျှပ်စစ်ဓါတ်အားပေးရေး အဖွဲ့ ဥက္ကဌ ရဲ့ တုန့်ပြန်မှုကတော့ နည်းနည်းပြင်းထန်တယ်။ သူက “ပြည်သူကိုသာ ကိုယ်စားပြုရင် ထိုင်ပြီးရှိခိုးလိုက်မယ်။ သူတို့က  ဘယ်သူကို ကိုယ်စားပြုပြီး ဆန္ဒပြမှာလည်း။ အစိုးရကဘာပဲလုပ်လုပ် အမြင်ကပ်တဲ့အနေနဲ့ပြမှာ လား။ ဘယ်သူကိုကိုယ်စားပြုသလဲ ဆိုတာစဉ်းစားဖို့လိုတယ်။ ဒီလိုလုပ်တာက ကိုယ်ကျိုးအတ္တသမားတွေကလုပ် တာပါ။ သူတို့ကပြည်သူနာမည်ကို ကိုင်ရိုက်နေတာ”ဟုလည်းကောင်း၊ “အမှန်အတိုင်းပြောရရင်ဒီလိုမျိုးမီတာ ခ နှုန်းထားတွေ တက်သင့်တယ်လို့ တင်ပြခဲ့တာ ၆လလောက်ရှိပြီ။ ကျန်ခဲ့တဲ့ တစ်လနှစ်လလောက်ကတည်းက ပြောသင့်မှန်းသိပေမယ့် ပြောရင်စိတ်ဆင်းရဲမှာစိုးလို့ မပြောဖြစ်ခဲ့တာ “လို့ပြောကြားခဲ့တယ်။

ဆက်လက်ပြီး ၄င်းကပြောကြားရာမျာ စီးပွားရေးလုပ်ငန်းရှင်တွေက ထုတ်လုပ်မှုစရိတ်မြင့်တက်လာတယ်လို့ ပြောပေမယ့် လုပ်ငန်းရှင်တွေပြောတဲ့ မီတာခနှစ်ဆနီးပါးတက်တယ်ဆိုတာ ရန်ကုန်မြို့မှာရှိတဲ့ အကြီးစား လုပ်ငန်း ၄၀၀၀ ကျော်အတွက်သာဖြစ်ပြီး ကျန်စီးပွားရေး လုပ်ငန်းများမထိခိုက်ကြောင်း၊ လုပ်ငန်းရှင်များက အစိုးရရဲ့ လျှပ်စစ်မီးမရတဲ့ အချိန်မှာ ကိုယ်ပိုင်မီးစက်နဲ့ လည်ရတဲ့အတွက် မီးစက်နဲ့လည်တဲ့ ကုန်ကျစရိတ် နဲ့တိုးမြှင့်ကောက်ခံတဲ့ မီတာခနှုန်းထားတွေကို တွက်ချက်နှိုင်းယှဉ်ကြည့်နိုင်ကြောင်း ဆိုပါတယ်။လုပ်ငန်းရှင်တွေ အနေနဲ့ကတော့ မီတာခတိုးကောက်တာ ဘာမှ မပြောလိုဘူး။ ဒါပေမယ့်မီးအားပြည့်ပြည့်နဲ့ မှန်မှန်လာစေချင်တယ်လို့ ဆိုပါတယ်။

လျှပ်စစ်မီတာခများတက်ရခြင်းမှာ……ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ်ကို လျှပ်စစ်၀န်ကြီးဌာနနဲ့ မပတ်သက်တဲ့ ပြည်သူတစ်ယောက်က ဆိုပြီးနို၀င်ဘာ ၁၂ရက်နေ့ထုတ်ကြေးမုံ သတင်းစာမှာ ရေးသားထားတာ ဖတ်လိုက်ရပါတယ်။ သူ့ဆောင်းပါးမှာက အများမီးပျက်ရင် ကိုယ်လည်းပျက်။ တစ်ယူနစ် ၅၀ ဆိုရင်ကျွန်တော် လည်း ၅၀ပါပဲ။ မီတာခဈေးတက်တာ ကျွန်တော်လည်းဘယ်ကြိုက်ပါမလဲ။ ကိုယ့်အိတ်ထဲက ပိုက်ဆံထွက်တာ ကို ကြိုက်တဲ့သူ ဘယ်သူမှမရှိ။ ဒါပေမယ့် လျှပ်စစ်ဓာတ်အားခတွေတက်တယ်ဆိုတာ သာမာန်တော့မဟုတ်နိုင်ဘူး။ အင်မတန်ခိုင်လုံတဲ့ အကြောင်းတော့ရှိရမယ်ဆိုပြီး ၀န်ကြီးဌာနက ခင်မင်တဲ့မိတ်ဆွေတစ်ယောက်ကို မေးကြည့်တဲ့အခါမှာတော့ အင်မတန်ခိုင်မာတဲ့အချက်အလက်တွေ ရခဲ့တယ်။ စိတ်ကူးနဲ့မှန်းပြီးရေးတဲ့ အချက်အလက်တစ်ခုမှမပါဘဲ ၀န်ကြီးဌာနမှာလည်း စုံစမ်းလို့ရပါတယ်လို့ ဆိုပါတယ်။

ဆိုလိုရင်းကတော့ လျှပ်စစ်စွမ်းအား၀န်ကြီးဌာနဟာ အရှုံးနဲ့လည်ပတ်နေရတဲ့ ဌာနဖြစ်ကြောင်း၊ လက်ရှိအနေအထားအရ ၀န်ကြီးဌာနက တစ်နှစ်ကို ၁၈၅ ဘီလျံကျပ်အရှုံးနဲ့ ပြည်သူတွေကို မီးပေးနေရကြောင်း။ မင်းတို့အစိုးရပဲကွာ၊ ပြည်သူကိုမီးပေးလို့ ရှုံးတာတိုင်းပြည်အတွက်ပဲ၊ မင်းတို့ရှုံးလေ ပြည်သူတွေအကျိုးရှိလေပဲ၊ ရှုံးပါစေလို့ ပြောမယ်ဆိုရင်လည်းဖြစ်ကြောင်း၊ ပြီးတော့ မင်းတို့မီးကလာတစ်ချက်၊ မလာတစ်ချက်နဲ့၊ မီးတောင်နပ်မှန်အောင် မပေးနိုင်ပဲနဲ့များ ဈေးကတက်လိုက်ချင်သေးတယ်လို့ ပြောမယ်ဆိုရင်လည်း ပြောလို့ရပါကြောင်း၊ ဒါတွေဟာအမှန်တွေပါပဲ။

ဒါပေမယ့် တစ်ဖက်ကလည်း ဌာနဘက်ကို ငဲ့စောင်းကြည့်သင့်ကြောင်း၊ လူတစ်ယောက် သို့မဟုတ် အိမ်တစ်အိမ်မှာ အကြွေးတွေ ပွနေရင် ဘယ်လိုမှ ကြီးပွားတိုးတက်ဖို့မရှိသလို ၀န်ကြီးဌာနမှာလည်း အခုလို အရှုံးတွေခံ အကြွေးတွေ ဗရပွဖြစ်နေရင် အဲဒီ၀န်ကြီးဌာနဟာ တိုင်းပြည်ထူထောင်ရေးကို ဘယ်လိုမှမထောက်ပံ့နိုင်ကြောင်း ပြည်သူတွေရဲ့အဆဲကို ဘယ်သူမှမခံချင်ကြောင်း၊ ဌာနအနေနဲ့ ထိုက်သင့်တဲ့ငွေကြေးကို ရှာရမှာဖြစ်ကြောင်း၊ လက်ရှိမီတာခဟာ အခုတိုးမြှင့်ကောက်ခံတဲ့ ဈေးနှုန်းနဲ့ကို တွက်ကြည့်ရင် အာဆီယံနိုင်ငံတွေထဲမှာ ဈေးအနည်းဆုံးဖြစ်နေသေးကြောင်း၊ အာဆီယံနိုင်ငံတွေထဲမှာ မီတာခဈေးအကြီးဆုံးက ဖိလစ်ပိုင်ဖြစ်ပြီး တစ်ယူနစ်ကို ၂၇ဒသမ ၈ဆင့်ကျကြောင်း၊ တစ်ဒေါ်လာမှာ ၁၀၀ဆင့် ရှိကြောင်း၊ ဈေးအနည်းဆုံးက မြန်မာနဲ့ ကမ္ဘောဒီးယားတို့ဖြစ်ပြီး အခုတိုးမြှင့်တဲ့ဈေးနှုန်းကို ကိုယ့်ဘာသာတွက် ကြည့်ကြစေချင်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ တစ်၀န်းလုံးရဲ့ ၃၀ရာခိုင်နှုန်းပဲ လျှပ်စစ်ဓာတ်အားသုံးနိုင်သေးပြီး နိုင်ငံရဲ့ ၇၀ရာခိုင်နှုန်းဟာ လျှပ်စစ်မီးမရှိသေးကြောင်း၊ မြို့ပေါင်း ၃၉၆ မြို့မှာ ၂၂၄ မြို့ပဲပေးနိုင်သေးတဲ့အတွက် ကျန်၁၇၂မြို့ကို မီးမပေးနိုင်သေးကြောင်း (ဒီနေရာမှာ ကိုဘအေးသိရတဲ့ စာရင်းတစ်ခု ထပ်ထည့်ချင်ပါတယ်။ ရွာပေါင်း ၆၄၃၄၆ ရွာမှာ ၂၁၆၇၅ရွာပဲ မီးရရှိသေးပြီး ကျေးရွာ ၄၂၆၇၁ ရွာဟာ လျှပ်စစ်သုံးစွဲနိုင်မှု မရှိသေးပါဘူး) အဲဒီအတွက် လျှပ်စစ်ဓာတ်အားမရသေးတဲ့ အရပ်ဒေသတွေကို မီးပေးနိုင်ဖို့ ပိုက်ဆံလိုတဲ့အတွက် အရှုံးကြီးရှုံးနေရတဲ့ ဘ၀ကနေ အရှုံးလေးဖြစ်အောင် မဖြစ်မနေလွန်းလို့ မီတာခနည်းနည်းတိုးလိုက်ရတာ ဖြစ်တယ်လို့ဆိုပါတယ်။ ပြီးတော့ ၃၀ရာခိုင်နှုန်းသော ပြည်သူတွေရဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှုနှုန်းတွေကို တွက်ပြထားပါတယ်။ အားလုံးကိုလည်း ကိုဘအေးပြန်လည်ရေးပြနိုင်စွမ်း မရှိတဲ့အတွက် အဲဒီဆောင်းပါးရှင် အောင်ဇေရဲ့ ဆောင်းပါး (သတင်းစာတစ်မျက်နှာ နီးပါးရှိတယ်)ကို အကျိုးသင့်အကြောင်းသင့် ဆင်ခြင်နိုင်စွမ်းရှိတဲ့သူတွေ ရှာဖတ်ကြည့်စေချင်ပါတယ်။

နောက်တစ်ခုက ဒီလိုမီတာခတက်တာဟာ ၀န်ကြီးတစ်ယောက်ထဲရဲ့ သဘောနဲ့လုပ်တာမဟုတ်ပဲ မြန်မာနိုင်ငံထဲက စီးပွားရေးပညာရှင်တွေ၊ အတတ်ပညာရှင်တွေ၊ World Bank၊ ADB၊ JICA တို့က ပညာရှင်တွေ လေ့လာသုံးသပ် တင်ပြချက်တွေကို ထည့်သွင်းစဉ်းစားဆောင်ရွက်ခဲ့တာဖြစ်ပြီး အစိုးရအဖွဲ့ကို တင်ပြလို့ အစိုးရအဖွဲ့ရဲ့ အတည်ပြုချက်နဲ့ လုပ်ခဲ့တာလို့ သိရပါတယ်။ နောက်ပိုင်းမှာတော့ ဒီလို မီတာခတွေ တိုးမြှင့်ကောက်ခံခဲ့တာနဲ့ ပတ်သက်ပြီး လျှပ်စစ်၀န်ကြီးကလည်း ပြည်သူတွေကို ပြန်ပြီးတောင်းပန်ခဲ့တာတွေ့ရပါတယ်။ နောင်ခါလာ နောင်ခါဈေး ဆိုသလိုပဲ လောလောဆယ်တော့ နားအေးသွားတာပေါ့။ ဆီးဂိမ်းကလည်း ရှိသေးတယ်လေ။ ပြီးတော့ ထစ်ခနဲဆို ဆန္ဒပြပြနေတာကလည်း နိုင်ငံရဲ့ပုံရိပ် မကောင်းနိုင်ပါဘူး။ အဖက်ဖက်က စဉ်းစားပြီးမှ လုပ်ကြတာကောင်းပါတယ်။

မီတာခတက်တာ၊ ဘာခညာခတက်တာ၊ ကိုဘအေးလည်းမလိုလားပါ။ အထူးသဖြင့် ပင်စင်စားဖြစ်နေတဲ့ ကိုဘအေးအဖို့ အစစအရာရာ ချွေတာ သုံးစွဲနေရတာပါ။ ဒါတောင် ဒီလ မီတာခအနေနဲ့ ၀န်ဆောင်ခ ၅၀၀ ကျပ်အပါအ၀င် ခုနစ်ထောင်ကျော် ကျနေပါတယ်။ ၁၉၇ ယူနစ် သုံးထားတာတွေ့ရပါတယ်။ ဒီနေရာမှာ မီတာခနောက်ဆုံးထားပေးဆောင်ရမယ့်ရက် သတ်မှတ်ထားတာလေးပြောချင်ပါတယ်။ လစဉ်၂၁ရက်နေ့ကို နောက်ဆုံးရက်သတ်မှတ်ထားပါတယ်။ (ယုဇနမှာတုန်းက ၁၇ရက်နောက်ဆုံးထားပေးရပါတယ်) လခစား၀န်ထမ်းတွေအနေနဲ့ အဲဒီရက်ဟာ ပြတ်တုန်းလပ်တုန်း၂၃လို့ ပြောနေရတဲ့ကာလတွေပါ။ ပင်စင်စားတွေဆိုရင်လည်း ပင်စင်လခကို ၂၁ရက်နေ့မှစထုတ်ရပါတယ်။ ပင်စင်ထုတ်ပြီးတာနဲ့ EPC ရုံးကို တန်းပြေးရမလို ဖြစ်နေပါတယ်။ ဒါကြောင့်ဒီနေရာကနေ ကိုဘအေး အကြံပြုချင်တာကတော့  မီတာခ ပေးဆောင်ရမယ့်ရက်ကို လဆန်း ၁ ရက်၊  ၂ ရက်လောက် သတ်မှတ်ပေးနိုင်ရင် ကောင်းမယ်ဖြစ်ပါကြောင်းနဲ့ အဲဒီလို သတ်မှတ်ပေးမယ်ဆိုရင်တော့ ကိုဘအေးတစ်ယောက် ရေးရကျိုးနပ်ပါပြီ။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

One thought on “မီတာခ ဋီကာ

  1. Sam says:

    သူတို့ ရောင်းစာဒါတွေ ..ဘယ်ေ၇ာက်ကုန်ပီလဲ???? သိချင်လို့..အရင်ကတော့ ပိုလို့.. Market အရေ၇ာင်းတယ်..ဆို.. အမျိုးမျိုးပဲနော်..

Leave a Reply

Your email address will not be published. Required fields are marked *