Opinion

နှစ်ဟောင်း အကြေွး နှစ်သစ် မသယ်နဲ့

ဘာလိုလိုနဲ့ တစ်နှစ်ကုန်လို့ တစ်နှစ် ရောက်လာသလို အသက်လည်း တစ်နှစ်ပို ကြီးလာပြန်တာပေါ့။ တစ်နှစ်အတွက် စကားလက်ဆောင် လေးတွေ ပေးလိုက်ပါတယ်။ နှစ်သစ်ရဲ့ နေ့စွဲတွေ တဖြည်းဖြည်း ၀င်ရောက် ချည်းနင်းလို့ လာနေပါပြီ။ ဒီလိုပါပဲ နှစ်ဟောင်းက နှစ်သစ်ထဲကို ကျွန်မတို့ရဲ့ မျှော်လင့်ချက်တွေကလည်း အတူ လိုက်ပါလာကြတယ်။ ကျွန်မတို့ မျှော်လင့်ခြင်း၊ အောင်မြင်ခြင်း ဆိုတဲ့ အရာတွေ ဘာတစ်ခုမှ ဖြစ်မလာသေးတော့ အသက်ရှင်နေသမျှ ကာလပတ်လုံး နှစ်သစ်တိုင်း၊ နှစ်သစ်တိုင်း အဲဲဒီ အရာ အားလုံးကို နှစ်သစ်ထဲ ဆက်လက် ခေါ်ဆောင်သွားကြရမှာ အသေအချာပါပဲ။ ဒါတွေက ဘာတွေလဲ၊ ကျွန်မတို့ လုပ်ခဲ့ပြီးတဲ့ အရာတွေကလည်း ကျွန်မတို့ရဲ့ နောက်ကနေ အရိပ်တွေလို ထပ်ကြပ်မကွာ ကပ်ပါလာကြပြန်တယ်။ ကောင်းမှုတွေ လုပ်ခဲ့သလား၊ မကောင်းမှုတွေ ကျွန်မတို့ ဖန်တီးခဲ့သလား၊ သိရဲ့နဲ့ လုပ်ခဲ့တာလား၊ မသိလို့ လုပ်ခဲ့မိသလား ဆိုတာ အသေအချာ မသိပေမယ့် အဲဒီ အကျိုးဆက်တွေကိုတော့ ကျွန်မတို့တွေ နှစ်ဟောင်းထဲမှာ ထားခဲ့လို့ မရပါဘူး။ ဗုဒ္ဓဘာသာ၀င်တွေပီပီ ကံကံ၏ အကျိုးကို လက်ခံ ယုံကြည် သက်၀င်တယ် ဆိုရင်ဖြင့် ကိုယ်လုပ်ခဲ့တဲ့ ကောင်းမှုတွေကို ခံစားဖို့နဲ့ ကိုယ်လုပ်ခဲ့တဲ့ မကောင်းမှုတွေအတွက် ပြန်ပြီး ၀ဋ်ခံရမယ်ဆိုတာ ကျွန်မတို့တွေ ကြိုတင် တွေးထားသင့်ပါတယ်။

နှစ်သစ်ရဲ့ အကောင်းဆုံး အချိန် ကာလတွေကို ဖန်တီးမှုအတွက် ကျွန်မတို့ရဲ့ စိတ်တွေကို သန့်စင်ထား ကြရပါမယ်။ ကျွန်မတို့ ဖြတ်သန်းခဲ့တဲ့ အချိန်ကာလတွေက အတိတ်ဆိုတဲ့ အမည်နာမ တစ်ခုအဖြစ်နဲ့ နှစ်ဟောင်းမှာ ကျန်ခဲ့မှာ ဖြစ်ပေမယ့် အဲ့ဒီ အတိတ်ဆိုတာတွေကပဲ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ သမိုင်းဆိုတဲ့ မှတ်တိုင် အသစ်တစ်ခုနဲ့ အားလုံးရဲ့ မျက်မှောက်မှာ ပြန်လည် ပေါ်ထွက်လာမယ်ဆိုတာ ကျွန်မ မြင်ယောင်နေမိပါတယ်။ သမိုင်းရဲ့ စာမျက်နှာတွေမှာ ဘာတွေ တင်ကျန်ရစ်ခဲ့သလဲ ဆိုတာဟာ မျက်မှောက်ခေတ်က လူတွေ သူတို့ရဲ့ အချိန် ကာလတွေကို ဘယ်လို ကုန်ဆုံး စေကြပြီး ဘာတွေကို ဖန်တီးနေကြသလဲ ဆိုတဲ့အပေါ်မှာ အများကြီး မူတည် နေပါတယ်။ ကျွန်မတို့တွေ အချိန် ကာလတွေကို အကောင်းဆုံး ဖန်တီးနိုင်ဖို့ ဆိုတဲ့ နေရာမှာလည်း အရေးအကြီးဆုံး အချက်ကတော့ စိတ်တွေ သန့်စင် မွန်မြတ် ကြည်လင် အေးချမ်းနေကြဖို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဆရာတော်ကြီးများရဲ့ ဆုံးမ စကားလေးလည်း နားထဲမှာ ကြားယောင် နေမိပါသေးတယ်။ စိတ်ကောင်းရှိဖို့ ပထမ၊ စိတ်ကောင်းရှိဖို့ ဒုတိယ၊ စိတ်ကောင်းရှိဖို့ တတိယ ဆိုတဲ့ စကားလေးတွေပါပဲ။

စိတ်ဓာတ် အောက်တန်းကျသူများ နေလို့ ကတော့ အချိန်ကာလတွေက ညစ်ပေ မှောင်မှိုင်းနေမှာ ဖြစ်သလို အဲဒီခေတ်ရဲ့ ရွေ့လျားနေတဲ့ သမိုင်းကြောင်းကြီး ဟာလည်း နှောင်းလူတွေရဲ့ ခေတ်က ရိုင်းစိုင်းနေမယ်ဆိုတာ ပြောစရာ မလိုဘူး မြင်မိပါတယ်။ သင်ဟာ အေးစက်ခြင်းနဲ့ နွေးထွေးခြင်း ဘယ်အရာကို မဆို ရယူနိုင်အောင် ထိန်းကွပ်နိုင်တဲ့ တစ်ဦး တည်းသောသူ ဖြစ်ပါတယ်။ လောကဟာ ဆန့်ကျင်ဘက်တွေ များစွာနဲ့ သက်၀င် လှုပ်ရှားနေတဲ့ လူတို့ရဲ့ အသိုင်းအ၀န်း တစ်ခုပါ။ အကောင်းလား….. အဆိုးလား၊ အနိုင်လား…. အရှုံးလား၊ အချစ်လား….. အမုန်းလား၊ လောဘ၊ ဒေါသ၊ မောဟတွေ ဖုံးလွှမ်းနေသလား၊ ဘယ်အရာကို သင်ရနေသလဲ ဆိုတာဟာ သင့်ရဲ့ လက်ထဲမှာပဲ ရှိတဲ့ သင် တစ်ယောက်တည်း ပိုင်တဲ့ ရွေးချယ်မှုပဲ ဖြစ်ပါတယ်။ ဒါကြောင့် စကားပုံ တစ်ခုတောင် ရှိသေးတာပဲ။ ဘာတဲ့ ဘယ်သူမပြု မိမိမှုတဲ့။ ဒါကြောင့် သင်ရနေတဲ့ အဆိုးအကောင်း၊ အကျိုး အပြစ်တွေအတွက် ဘယ်အရာကိုမှ လွှဲချမနေပါနဲ့… ဒါတွေ အားလုံးဟာ သင်ကိုယ်တိုင် ရွေှွးချယ်ခဲ့တာတွေပါပဲ။

နှစ်သစ် တစ်ခုဆိုတာ အချိန်ကာလကို ကျွန်မတို့ တန်ဖိုးထားတတ်စေဖို့ ကျွန်မ တို့ကို သတိပေးတဲ့ အရာတစ်ခုပါပဲ။ ဟုတ်ပါတယ်။ တစ်ခါ တစ်ခါမှာ ဘ၀ထဲမှာ ရုန်းကန် လှုပ်ရှားနေရလို့ပဲ ဖြစ်ဖြစ်၊ ဘ၀ရဲ့ အနှစ်သာရတွေမှာ ပျော်ပါး ယစ်မူးနေလို့ပဲ ဖြစ်ဖြစ်၊ ဘ၀ရဲ့ လှိုင်းကြား အလူးအလိမ့် ခံနေရတာပဲဖြစ်ဖြစ် ကျွန်မတို့တွေဟာ အချိန်ကာလဆိုတာနဲ့ သေခြင်းတရား ဆိုတာကို မေ့လျော့ နေတတ်ကြပါတယ်။ နှစ်သစ်တစ်ခုကို ကူးရာမှာ သြော် ဘာလိုလိုနဲ့ တစ်နှစ် ကုန်သွားပါရာလား။ သြော်….. ငါတို့တောင် သေဖို့ တစ်နှစ် ပိုနီးလာပြီပဲ ဆိုတာမျိုးကို သတိရတတ်ကြတာပါ။ အိမ်မှာ အဘိုး ရှိစဉ်အခါက ညရောက်ပြီ ဆိုရင် ဘုရားခန်းရှေ့ ဘုရား ကန်တော့ပြီ ဆိုရင် ငါသည် မနက်ကထက် ဒီနေ့ သေဖို့တစ်ရက် နီးလာပြီဆိုတဲ့ ကန်တော့နဲ့ အကျယ်ကြီး အကြာကြီး ရှိခိုး တတ်ပါတယ်။ သူတို့ခေတ် အချိန် ကာလက သီလ၊ သမာဓိ၊ ဉာဏ်ပညာ၊ စိတ်ကောင်း နှလုံးကောင်း သန့်စင် မွန်မြတ် ခဲ့ကြပေလို့လား အသက် ၉၉ နှစ်မှာ ဘ၀တစ်ပါး ကူးပြောင်းသွားကြပါတယ်။ အခုခေတ်က ဆုတ်ခေတ်လား။ ဒီလို အရာတွေ မတည်မြဲလို့လား။ သက်တမ်း တိုလာနေတာကို သတိထားမိလာပါတယ်။

တစ်ခါတလေ နှစ်သာ ပြောင်းတယ်။ ရည်မှန်းချက်၊ ရည်ရွယ်ချက် ဘာဆိုတာကို ရေရေရာရာ မသိသေးပဲ ေ၀ဝါးနေတာကို အားမလို အားမရ ဖြစ်မိပါတယ်။ ပြောင်းလဲမှုတိုင်းဟာ ကျွန်မတို့ လိုချင်တာတွေနဲ့ အမြဲ ထပ်တူ ကျချင်မှ ကျမှာပါ။ အရာရာ ပြောင်းလဲနေတဲ့ လောကကြီးမှာ အချို့သော ပြောင်းလဲမှုတွေက ကျွန်မတို့ ဖြစ်စေချင်တာနဲ့ ထပ်တူကျ မနေတာ မျိုးတွေ အများကြီး ဖြစ်နိုင်ပါတယ်။ ဒါဟာ သဘာ၀တရား ဆိုတာကို ကျွန်မတု့ိ လက်ခံထားဖို့ လိုပါတယ်။ ဘ၀ရဲ့ ပြဿနာ ဆိုတာဟာ သချၤာ ပုစ္ဆာတစ်ပုဒ်လို ပုံသေနည်းတွေထဲ ထည့်တွက်လို့ ရတဲ့ အရာတွေ မဟုတ်ပါဘူး။ ဖော်မြူလာ မှားခဲ့ရင် လိုချင်တဲ့ အရာများဟာ ချွတ်ချော်မှုတွေ ရှိလာနိုင်တယ်ဆိုတာ သိမြင်ထားဖို့နဲ့၊ ဘ၀မှာ နေတတ်ဖို့နဲ့၊ သေတတ်ဖို့ကို ကျင့်ကြံ နေထိုင်သွားဖို့ အများကြီး လိုသေးပါလားလို့ ကျွန်မ ယူဆမိရင်း နှစ်သစ်အတွက် စကားလက်ဆောင်တွေ ပေးလိုက်ပါရစေရှင်။ နှစ်ဟောင်းမှာ ကျွန်မ ပြုပြုခဲ့သမျှ ကာယကံ ၊ ၀စီကံ၊ မနောကံ ကံသုံးပါးနဲ့ ပြစ်မှားမိခဲ့ရင် ကျွန်မထက် ငယ်သည်ပဲ ဖြစ်စေ၊ ကြီးသည်ပဲ ဖြစ်စေ အားလုံး အားလုံးကို ဒီနေရာလေးကနေ တောင်းပန်လိုက်ပါတယ်….. ။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *