News

ရေလွှမ်းနိုင်သည့်နေရာ ၂၀ခန့်ရှိနေဟု ဒေါက်တာထွန်းလွင်ပြောကြား

မြန်မာနိုင်ငံတွင် ရေဖုံးလွှမ်းနိုင်ခြေ မြင့်မားလျက်ရှိသည့် နေရာပေါင်း ၂၀ခန့် ရှိနေကြောင်း မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်ဟု သိရသည်။ အဆိုပါ ရေဖုံးလွှမ်းခံရမှု အခြေအနေ မြင့်မားနေဆဲ ဒေသများမှာ ဧရာ၀တီတိုင်း အရှေ့တောင်ပိုင်း၊ ရန်ကုန်တိုင်း အရှေ့တောင်ပိုင်း၊ ပဲခူးတိုင်း တောင်ပိုင်းစွန်းတို့ဖြစ်ပြီး ဧရာ၀တီတိုင်းတွင် (ပုသိမ်ဒေသ၌ တစ်နေရာ မအူပင်ဒေသ၌ ခြောက်နေရာ) ပဲခူးတိုင်းတွင် ရှစ်နေရာနှင့် ရန်ကုန်တိုင်းတွင် ငါးနေရာခန့်တို့ ဖြစ်သည်ဟု ဆိုသည်။

“မြန်မာနိုင်ငံမြောက်ဖျားကို မုန်တိုင်းအကြွင်းအကျန်တွေ ၀င်လာမှာမို့လို့ အထက်ပိုင်းတွေ မိုးပိုမယ်။ အောက်ပိုင်းကတော့ မုတ်သုံက ပြန်တော့ထွက်နေပြီ။ ဒါပေမယ့် မုတ္တမကွေ့မှာတော့ မိုးကောင်းနေတုန်းပဲ။ ရေကြီးတာတွေက ဒီလို မိုးကောင်းနေလို့ပဲ။ အရင်နှစ်တွေထက် မိုးပိုလည်း နည်းနည်းပဲ။ ဒီနှစ်ထက် ပိုဆိုးတဲ့ အခြေအနေတောင် ရှိခဲ့သေးတယ်”ဟု ဒေါက်တာထွန်းလွင်က ထပ်မံပြောကြားသည်။

စက်တင်ဘာ ၂၃ရက် သန်းခေါင်အချိန် တိုင်းထွာချက်များအရ ၂၄နာရီ မိုးရေချိန်ရရှိမှု (တစ်လက်မခွဲ)နှင့်အထက် ရရှိခဲ့သည့် ဒေသများမှာ တနင်္သာရီ၊ မကွေး၊ ရန်ကုန်၊ မွန်ပြည်နယ်၊ မန္တလေးတိုင်းနှင့် ကချင်ပြည်နယ်တို့ဖြစ်ကာ ယင်းဒေသများတွင် နေရာကွက်၍ မိုးကြီးခဲ့ကြောင်း၊ ယင်းကဲ့သို့ မိုးရွာသွန်းမှုမြင့်မားခဲ့ခြင်းကြောင့် ရေဖုံးလွှမ်းမှု အခြေအနေများ ဖြစ်ပေါ်ခြင်းဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်းမှ ဒေသခံတစ်ဦးက “လက်ရှိ ကျွန်တော်တို့ ဒေသမှာ ရေကြီးနေပါတယ်။ ၂၂ရက်နေ့က စရွာတဲ့မိုးက အခုချိန်အထိပဲ။ ကယ်ဆယ်ရေးတွေကို အသင့်အနေအထား စောင့်ကြည့်ခိုင်း ထားရတယ်။ နေ့ဘက်လည်း စောင့်တယ်။ ညဘက်လည်း စောင့်ခိုင်းထားတယ်။ လူတွေ ရွှေ့ပြောင်းရလောက်တဲ့အထိတော့ အခြေအနေ မဆိုးသေးဘူး”ဟု ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးမှ ဒေသခံတစ်ဦးက တာမွေ မေတ္တာညွန့်နှင့် တာမွေယုဇနပလာဇာ ရှေ့ကားလမ်းများတွင် ရေကြီးနေကြောင်း၊ ၂၃ရက်နေ့တွင် ခြေထောက် မြှုပ်ရုံသာရှိသော်လည်း ၂၄ရက် နံနက်ပိုင်းတွင် ဒူးဆစ်အထိ ရေများရောက်ရှိလာကြောင်း၊ ကားလမ်းများလည်း ရေကြီးမှုကြောင့် ယာဉ်ပိတ်ဆို့ခြင်းများလည်း ဖြစ်နေကြောင်း ပြောသည်။

“၂၃ရက် ညက မိုးတော်တော်ရွာလို့လား မသိဘူး။ ရေတော်တော်တက်လာတယ်။ မိုးက ဒီအတိုင်းသာ ဆက်ရွာနေရင်တော့ ရေတက်တာ ပိုဆိုးလာလိမ့်မယ်လို့ ထင်တယ်”ဟု ပြောသည်။ မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း ရေကြီးမှုဘေးကို ကြုံတွေ့ရသည်မှာ ယခုအကြိမ် အပါအ၀င် သုံးကြိမ်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *