Health, Opinion

သံသရာ

“ဒီတစ်ခေါက်တော့ ခွင့်လွှတ်လိုက်မယ် ကဲမောင်ရင် ကိုယ့်ရှေ့ကအမြန်ထွက်သွားတော့”

ကံမင်းစိတ်ထဲတွင် ခံပြင်းစိတ်တထောင်းထောင်းထွက်လာသော်ငြား အားမတန်မာန်လျှော့ခဲ့ရသည်။

“ငါလုံး၀မကျေနပ်ဖူးကွာ လူတိုင်းလုပ်နေတာ ငါ့ကျမှ”

ထိုနေ့ကအဖြစ်အပျက်ကို ယနေ့တိုင်မကျေနပ်နိုင်။ House Surgeon ဖြစ်ကတည်းက အပြောအဆိုမခံရအောင် တတ်နိုင်သမျှရှောင်ကြဉ်ဖွယ်တို့ကို ရှောင်ခဲ့ပြီး လိုက်နာစရာများ လိုက်နာခဲ့သူတစ်ဦး။

OG wards posting တုန်းက HS Best performance ဆုကိုရရှိခဲ့ဖူးပြီး OG မမများ၏ချီးမွှမ်းမှုကိုမခံရသော Duty နေ့ဟုမရှိခဲ့သူ၊ ယခု Child posting ရောက်မှ warning အပေးခံရသည်။

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

“ဆရာ အခုရောက်တဲ့ House တွေက အရမ်းပျင်းတာ Monitoring တွေမလုပ်ကြဘူး”

လက်ထောက်ဆရာ၀န်မလေး မေဟန်နီကတိုင်သည်။ ဒေါက်တာကံမင်းခေါ်မဆူလို့ မဖြစ်တော့၊

ခေါ်ဆူပြန်တော့ ထို House Surgeon ကမကျေနပ်၊ ဂျစ်ကန်ကန်နှင့် တစ်ခွန်းမျှပြန်မပြောသော်လည်း သူ၏မျက်နှာ ကတင်းမာ နေသည်။

“မင်းတို့က အပြောခံရလို့မကြိုက်ဖူးဆိုတာ ငါသိပါတယ်၊ ငါလည်းဘယ်ပြောချင်ပါ့မလဲ၊ ဒါပေမယ့် မင်းတို့ကိုခုအချိန်မှ မပြောထားရင် တကယ်ပြသာနာတက်လာတဲကအချိန်ကျ ဘယ်သူမှမကယ် နိုင်ဘူးဖြစ်မှာစိုးလို့”

“လွန်ခဲ့သောနှစ်နှစ်ဆယ်တုန်းကလဲ မင်းတို့လိုပဲငယ်ရွယ်တက်ကြွတဲ့ House Surgeon တစ်ယောက်ရှိခဲ့ဘူးတယ်”

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

“ဟေ့ကောင် ကံမင်း ဒီနေ့ မင်း Duty မလား ငါလည်းဒီနေ့ Duty ပဲ အားရင် ငါ့ဆီထွက်ခဲ့ကွာ ဟိုတနေ့က မကျေပွဲလေးနွှဲကြတာပေါ့”

“ဒီည bed 2 နဲ့ 6 တွေက I ll ဖြစ်တယ် ကောင်းကောင်းသတိထားနော်” ပထမ လက်ထောက်ဆရာ၀န်မမက သတိပေးသည်။ ၅ နာရီ၊ ၆နာရီ၊ ၇နာရီ၊ ၈နာရီ အထိ Stable ဖြစ်နေသည်။

“ဟေ့ကောင်ထားလိုက်စမ်းပါကွာ  ဘာမှမဖြစ်လောက်ပါဘူး၊ တစ်ခုခုဖြစ်ရင် Ph ဆက်လို့ သူနာပြုဆရာမကိုမှာထားခဲ့”

မိမိကိုယ်တိုင်က စိတ်ပါခဲ့သဖြင့် နှစ်ခါမခေါ်ခဲ့ရ၊ ည ၉ နာရီမှ မိုးလင်းသွားသည်။ Ward ထဲမှလည်း Ph ဆက်မခေါ်၊ မနက် ၆ နာရီဆေးထိုးပြီးလျှင် အားလုံးအဆင်ပြေဖို့သာရှိသည်၊ ၅ နာရီခွဲ Ward ထဲပြန်ရောက်သည်၊ စောသေးသည်ဟုယူဆကာ တခဏအညောင်းဆန့်မည် ဆုံးဖြတ်လိုက်မိသည်က မိမိအမှား၊ မနက် ၈ နာရီထိုးခါနီးမှနိုးသဖြင့် Injection အကုန်မပြီး၊ မပြီးလည်းကိစ္စ မရှိပါ။ နောက် Duty ၀င်သူများကိုဆက်ထိုးရန် Over ပေးခဲ့မည်။ သူများ Duty တွင်လည်း injection များလျှင်မနိုင်၊ ထိုသို့ပင်လွှဲခဲ့ကြသည်။ သို့သော်……..

“ bed 6 က ကလေးကို ဒီမနက် Digoxin ထိုးပေးမထားဘူးလား မနေ့ညနေကရော ပေးထားရဲ့လား” ပြသနာပေါ်ချေပြီ…

“ ညက House Surgeon ကို မပြန်ခိုင်းနဲ့ဦး  ဆရာကြီးကတွေ့ဦးမယ်တဲ့”

“မုန့်ဟင်းခါး အကြော်နဲ့”

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

“မုန့်ဟင်းခါး အကြော်နဲ့”  ထိုသို့သောအသံမျိုးကို ဆေးလောကသားများ မကြားလိုကြ။ အကြောင်းမှာ ပြင်းထန်စွာ သတိပေးခံရတော့မည်ဟု ကြိုတင်အသိပေးလိုက်သကဲ့သို့ ဖြစ်သောကြောင့်တည်း။

ဒီတခါကြားရသည်မှာတော့ အမှန်အကန် မုန့်ဟင်းခါးအကြော်နှင့်၊ House Surgeon နှုတ်ဆက်ပွဲ အနေဖြင့် တာ၀န်ခံသမားတော်မမကြီးက ကိုယ်တိုင်ချက်ကျွေးခြင်းတည်း။

“ကံမင်း ကံမင်း ဟိုနားကအဒေါ်ကြီးတစ်ယောက်က မင်းနဲ့တွေ့ချင်လို့တဲ့”

“ဟာကွာ လာနောက်မနေစမ်းနဲ့ ငါ့မှာ ဘယ်အသိမှမရှိဘူး”

ထိုနေ့က House Surgeon ဘ၀ နောက်ဆုံးနေ့အထိမ်းအမှတ်အဖြစ် ပျော်ကြရွှင်ကြနှင့် အိမ်ပြန်နောက်ကျ ခဲ့သည်။ ထိုနောက်ကျခြင်းသည်ကား ကံမင်းဘ၀ အတွက် မည်သို့မျှတန်ဖိုးမဖြတ်နိုင်သော နောက်ကျခြင်း၊ ဆုံးရှုံးခြင်း ဖြစ်ခဲ့သည် ကိုသိလိုက်ရသော အချိန်တွင်တော့ နောင်တရရုံ အပြင် မတတ်နိုင်ချေတော့။

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

“လောကကြီးက ဆန်းကျယ်တယ် ဆိုတာ မင်းတို့ကို ငါပြောပြမယ်။ မင်းတို့ပေါ့ပေါ့တန်တန် ပြုမူခဲ့တာ က လူတစ်ဘက်သားအပေါ်ထိခိုက်နစ်နာမှုရှိခဲ့ရင် တနေ့နေ့တချိန်ချိန် မင်းတို့ဆီပြန်လာတတ်တယ်ကွ၊ မယုံ မရှိနဲ့။”

မိမိ၏ တာ၀န်ပေါ့လျော့မှုကြောင့် ကလေးတစ်ဦးအသက်ဆုံးရှုံးခဲ့ရဖူးသည်၊ ခြောက်လပင်မခြား။ မိမိနှင့်အရွယ်တူ လူငယ်တစ်ဦး၏ ပေါ့လျော့မှုကြောင့် မိမိချစ်ရသောညီငယ်လေးဒုက္ခိတဘ၀ရောက်ကာ နောက်ဆုံး တိမ်းပါးခဲ့ရသည်။ ညနေကျောင်းမှအပြန် ကျောင်းကားနောက်ဖုံးတံခါးပွင့်ကျပြီး ခါးရိုးကျိုး ကိုယ်တစ်ပိုင်းသေခဲ့သည်။ ဆေးရုံရောက်တော့ သတိလစ်နေဆဲ။ ထိုခေတ်က ယခုကဲ့သို့ Hand Phone များမရှိသေး၊ အဖေနှင့်အမေ က ညီလေးနားမှခွါ မရသဖြင့် အိမ်နီးချင်းအဒေါ်ကြီးက မိမိကိုလာရှာသေး သည်တဲ့။ “ဒီဆေးရုံမှာ ဆရာ၀န် ကံမင်းဆိုတာမ ရှိဘူး” ဟုပြောလိုက်ကြသည်တဲ့။

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဆရာ၀န်လူငယ်များကို ဆုံးမရင်း မိမိ၏ အသိစိတ်တို့ကအတိတ်ဆီသို့ လွင့်လွင့်သွားသည်။

“ဆရာအားတဲ့တစ်နေ့မင်းတို့ကို ဆရာကြုံခဲ့ ရတာလေးတွေပြောပြပါ့မယ်။ ခုလိုမင်းတို့ကိုခေါ်ပြောရတာက တို့ဆရာ၀န်အလုပ်ဆိုတာ အသက်နဲ့လဲလုပ်ရတာမို့ပြောတာ၊ အဲဒီအသက်က သူများအသက်ပဲလို့မထင်နဲ့။ ကိုယ့်အသက်၊ ကိုယ့်မိသားစုအသက်လဲ ဖြစ်သွားနိုင်တယ်”

ဆရာ၀န်လူငယ်များ၏မျက်နှာတွင် စိုးရိမ်ပူပန်သော၊ ကရုဏာသက်သောအရိပ်ရောင်များ သန်းလာသည်၊ တင်းမာ မှုများမရှိတော့သလို ၎င်းတို့၏ ပေါ့လျော့မှု အမှားကိုလည်း မြင်လာပုံရသည်။

“ဆရာ ကျွန်တော်တို့နောင်ဆို တာ၀န်ကျေအောင် ကြိုးစားပါ့မယ်”

ကျိုခဲ့ဖူးသောအရိုးသည် ပြန်ဆက်သည့်တိုင် ဒဏ်ရာရှိမြဲ။ ထို့ထက်ဆိုးသည်ကလူတို့၏ နှလုံးသားတွင် ထိခိုက်ခဲ့သောဒဏ်ရာ (သို့မဟုတ်) Psychological Trauma ၊ မိမိ၏ Junior  များကိုမကြုံတွေ့စေလို။

ထက်ကောင်းကင်၌ အလင်းအားတို့ဖျော့လာချေပြီ။ သူရိန်နေမင်းကြီးလည်း တနေ့တာ တာ၀န်ပြီးဆုံးသဖြင့် အနားယူရန် မြစ်ကမ်းနဖူး၌ မေးတင်နေချေပြီ။ အနားမရသည်ကတော့ လောဘ၊ ဒေါသ၊ မောဟများနှင့် လူသားတို့၏စိတ်အစဉ်တည်း။

author-avatar

About Dr. PTS

အမည်ရင်းမှာ သူရဇော်ဖြစ်ပြီး ကျန်းမာရေးဆောင်းပါးများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *