Featured, How-to, Lifestyle, Travel

ခရီးသွားနေစဉ် အင်တာနက်မှ အဆက်အသွယ်များကို မှန်ကန်စွာ ဖြတ်တောက်နည်းများ

ခရီးသွားနေစဉ် အင်တာနက်မှ အဆက်အသွယ်များကို မှန်ကန်စွာ ဖြတ်တောက်နည်းများ

ခရီးသွားမယ်ဆိုရင်တော့ အင်တာနက်မှ အဆက်အသွယ်များကို ဖြတ်တောက်ထားမှသာ ပျော်စရာကောင်းတဲ့ အပန်းဖြေခရီး တစ်ခုဖြစ်မှာပါ။ ဒါပေမယ့် အင်တာနက် တစ်ခုလုံးကို ဖြတ်တောက်ဖို့ မဆိုလိုပါဘူး။ တကယ်တော့ ခရီးသွားနေစဉ်မှာ အလုပ်က လူတွေကလွဲပြီး မိသားစု၊ သူငယ်ချင်းများနဲ့ ထိတွေ့နေရင် ပိုမိုပျော်စရာကောင်းမှာပါ။

ဒီလိုလုပ်ဖို့ ကြိုတင်စီစဉ်မှု၊ နည်းပညာလှည့်ကွက်တွေနဲ့ သင်ကိုယ်တိုင် စည်းကမ်းလိုက်နာမှုလည်း လိုပါတယ်။ တကယ့်ကမ္ဘာ မှာတော့ အလုပ်နဲ့ ပတ်သက်တဲ့ ကိစ္စတွေပြောမယ့် အဆက်အသွယ်တွေ ၀င်ရောက်လာခြင်း မရှိဘဲနဲ့ သင့်ရဲ့ ဖုန်း၊ ကွန်ပျူ တာနဲ့ အင်တာနက်ကို အသုံးပြုနိုင်ဖို့ဆိုတာ အင်တာနက်ကို လုံး၀ပိတ်ထားရမှာပါ။

ဒါပေမယ့်  ကျွန်တော်တို့ အများစုဟာ အင်တာနက်ကို လုံး၀မသုံးဘဲ နေနိုင်လောက်တဲ့ အခြေအနေမှာ မရှိကြပါဘူး။ အဲဒီအတွက် သင်ဟာ တတ်နိုင်သလောက် အလုပ်မှ အဆက်အသွယ်တွေကို ဖြတ်တောက်ဖို့ကို စဉ်းစားရမှာပါ။ ဒီလိုလုပ်မှသာ အလုပ်နဲ့ ပတ်သက်တဲ့ ကိစ္စတွေ၀င်လာတဲ့ အကြိမ်အရေအတွက်နဲ့ ကြာချိန်ကို လျှော့ချနိုင်မှာပါ။ နောက်ပြီး အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ အတွက် နည်းပညာ အသုံးပြုမှုကို ခွဲခြားထားဖို့လည်း လိုအပ်ပါတယ်။

ခရီးမသွားမီ စီစဉ်ပါ။

သင့်အလုပ်က အဆက်အသွယ်တွေကို လုံး၀ဖြတ်တောက်ဖို့ စီစဉ်နေတာပဲဖြစ်ဖြစ်၊ အနည်းငယ်လျှော့ချဖို့ စီစဉ်နေတာပဲဖြစ်ဖြစ် ခရီးသွားနေစဉ်မှာ သင့်ရဲ့ Deviceတွေကို ဘယ်လို အသုံးပြုမလဲဆိုတာ ပြတ်သားတဲ့ အစီအစဉ်ရှိဖို့ လိုပါတယ်။ ဒီမေးခွန်းတွေကို သင့်ကိုယ်သင်မေးပါ။

ခရီးသွားစဉ်မှာ အလုပ်မှ ဆက်သွယ်မှုတွေ ဘယ်လောက် အနည်းဆုံး ရှိရမလဲ။ သင့်အလုပ်ရဲ့ သဘောသဘာ၀ကို နားလည်ပြီး သင့်ရဲ့ စိုးရိမ်မှုနဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ မျှော်လင့်မှုကို ခွဲခြားထားပါ။ သင့်အလုပ်မှ အီးမေးအားလုံးကို လျစ်လျူ ရှုဖို့ပြုလုပ်ခြင်းက သင့်ကို စိတ်ပူစေတယ်ဆိုရင် ဒါဟာ သင်ကိုယ်တိုင်က ဆက်သွယ်ချင်နေတာလား ဒါမှမဟုတ် အဆက်အသွယ် ဖြတ်ရင် သင့်အလုပ်ပြုတ်နိုင်လို့လားဆိုတာ စဉ်းစားပါ။ သင့်အလုပ်က အနည်းဆုံး ဆက်သွယ်မှု အတိုင်းအတာ ဘယ်လောက်ကို လက်ခံလဲဆိုတာ စဉ်းစားပါ။

ခရီးသွားစဉ်မှာ နည်းပညာတွေကို ဘာလို့ သုံးချင်နေသေးတာလဲ။ ခရီးသွားစဉ်မှာ သင့်ဖုန်း၊ တက်ဘလက်နဲ့ ကွန်ပျူ တာ တွေကို သုံးချင်တဲ့ နည်းလမ်းတွေကို စာရင်းပြုစုပြီး အဲဒီစာရင်းက အတိုင်း နည်းပညာ အသုံးပြုမှုကန့်သတ်သတ်ပါ။ (ဒါဟာ ရှောင်ရှားရမယ့် အွန်လိုင်းလှုပ်ရှားမှုတွေရဲ့ စာရင်းကို ပြုလုပ်တာထက် သင့်ရဲ့ နည်းပညာအသုံးပြုမှုကို ပိုမိုထိရောက်စွာ အာရုံစိုက် ကန့်သတ်နိုင်မှာပါ။) ဥပမာအနေနဲ့ ကျွန်တော်က မိသားစု ခရီးသွားမှတ်တမ်းနဲ့ လှုပ်ရှားမှုတွေကို စီမံခန့်ခွဲဖို့ အလွန်ကောင်းတဲ့ RoadTrippers Appကို အသုံးပြုပါတယ်။ ခရီးသွားလမ်းညွှန်အဖြစ် Evernote Notebook၊ ခရီးသွား ဂျာနယ်အနေနဲ့ Yelpနဲ့ သူငယ်ချင်းတွေနဲ့ ဆက်သွယ်ဖို့ Facebookတို့ကို အသုံးပြုမှာပါ။

ဘယ်အကောင့်တွေကို ဖြတ်တောက်ရမလဲ။ စဉ်းစားကြည့်မယ်ဆိုရင်တော့ အလုပ် အဆက်အသွယ်တွေကိုသာ ဖြတ်တောက်ခြင်းထက် အဆက်အသွယ်အားလုံး သို့မဟုတ် အကောင့်အားလုံးကို ဖြတ်တောက်တာက လွယ်ကူပါတယ်။ သင်ဘာတွေကို ဆက်သွယ်ချင်သလဲဆိုတာနဲ့ ဘယ်အကောင့်တွေကို ဆက်သွယ်မှုဖြတ်ရမလဲဆိုတာကို သိပြီဆိုရင်တော့ ခရီးသွားနေကြောင်း အသိပေးစာ သို့မဟုတ် အချက်ပေးမှုတွေကို လိုအပ်ရင် ပြုလုပ်ပါ။ ကိုယ်ရေးကိုယ်တာနဲ့ အလုပ်အတွက် အီးမေး၊ လူမှုကွန်ရက်နဲ့ Messagingအားလုံးကို အသုံးပြုရင်တော့ ဘယ်အရာကို အလုပ်အတွက်သုံးလဲ၊ ဘယ်အရာကို ကိုယ်ရေးကိုယ်တာအတွက် သုံးလဲဆိုတာ ရှင်းရှင်းလင်းလင်းသိအောင်လုပ်ပါ။

သင်နဲ့ ခရီးသွားဖော်တွေ အတူတကွ ညှိနှိုင်းပါ။ သင့်အလုပ်မှ လုပ်ဖော်ကိုင်ဖက်တွေကိုသာ စဉ်းစားရမှာ မဟုတ်ပါဘူး။ သင်ဟာ သူငယ်ချင်း၊ မိသားစုတွေနဲ့ ခရီးသွားမယ်ဆိုရင် သင်တို့ရဲ့ နည်းပညာ အသုံးပြုမှုကို ရှေ့တန်းက ညှိနှိုင်းရမှာပါ။ ဘယ်အချိန်မှာ သင်တို့ရဲ့ Deviceတွေကို အသုံးပြုမလဲ၊ ဘယ်အချိန်မှာ အသုံးမပြုဘူးလဲဆိုတာ သဘောတူညီထားရမှာပါ။ ဥပမာ အနေနဲ့ မနက်စာစားချိန်မှာ တက်ဘလက်၊ စမတ်ဖုန်းတွေကနေ မနက်ခင်းသတင်းတွေဖတ်ဖို့ကို သင်တို့ သဘောတူညီကောင်း တူညီနိုင်ပါတယ်။ ဒါပေမယ့် ညစာစားချိန်မှာ အားကစားပွဲ ရလဒ်တွေကို မကြည့်ရင်တော့ ကောင်းမှာပါ။ သင်နဲ့ ခရီးသွားဖော်တွေမှာ အင်တာနက် ဒါမှမဟုတ် ကိရိယာတွေကို အသုံးမပြုစေချင်တဲ့ ကလေးတွေ ပါလာရင်တော့ နည်းပညာအသုံးပြုမှုနဲ့ ပတ်သက်ပြီး အတူတကွ သဘောတူညီမှုတွေပြုလုပ်ခြင်းက အလွန်အရေးကြီးပါတယ်။

ခရီးထွက်ဖို့ ပြင်ဆင်ပါ။

ခရီးမသွားမီမှာ အဆက်အသွယ်တွေကို ဖြတ်တောက်ခြင်းက အဆင်ပြေစေမှာပါ။ ဒီမှာတော့ အင်တာနက် အဆက်အသွယ်အားလုံးကို မပြတ်တောက်စေဘဲ ပိုမိုထူးခြား စေမယ့် နည်းပညာတွေကို Setup ပြုလုပ်ခြင်းကို ပြောပြမှာပါ။

လိုင်းမမိတဲ့ ၀န်ဆောင်မှုကို ရွေးချယ်ပါ။ ဝိုင်ဖိုင် အခမဲ့ အသုံးပြုနိုင်တဲ့ လေယာဉ်ပေါ်မှာ နာရီအနည်းငယ် လိုက်ပါစီးနင်းတာဖြစ်ဖြစ်၊ လုံး၀လိုင်းမမိတဲ့ ၀န်ဆောင်မှုကို အသုံးပြုတာပဲဖြစ်ဖြစ် သင့်ခရီးရဲ့ အစိတ်အပိုင်းအချို့မှာ အဆက်အသွယ်ပြတ်တောက်နေတာ ကောင်းပါတယ်။ ဒါဟာ သင် Check-in ပြုလုပ်တဲ့ အကြိမ်အရေအတွက်ကိုထိန်းချုပ်ရာမှာ လွယ်ကူစေပြီး စိတ်ပိုင်းဖြတ်နိုင်မှာ ဖြစ်ပါတယ်။

ခရီးသွားအီးမေးလိပ်စာတစ်ခု ပြုလုပ်ပါ။ သတင်းအချက်အလက်တစ်ချို့ ရရှိဖို့ အီးမေးကသာ သင့်ရဲ့ တစ်ခုတည်းသော နည်းလမ်း ဆိုရင် ဒါမှမဟုတ် အဓိက ဖောက်သည်တစ်ယောက်နဲ့ အရေးကြီး ဆက်သွယ်မှုလုပ်ရတော့မယ့် အချိန်ဆိုရင် သင့်ရဲ့ အလုပ်အီးမေးကို ရှောင်လွှဲဖို့ဆိုတာ ခက်ခဲပါတယ်။ ခရီးသွားနေစဉ်မှာ အီးမေးအကောင့်အသစ်တစ်ခု ပြုလုပ်ခြင်းဖြင့် ဒီပြဿနာတွေကို ဖြေရှင်းနိုင်မှာပါ။ အဲဒီအီးမေးလိပ်စာကို သင်တကယ် အဆက်အသွယ်ရချင်သူတွေကိုသာ ပေးထားပါ။ ( ဥပမာ ခင်ပွန်း၊ ဇနီး၊ အိမ်အကူ၊ ခရီးသွားဖော်) ခရီးနဲ့ ပတ်သက်တဲ့ အီးမေးတွေ( လေယာဉ်ခရီးစဉ် အတည်ပြုခြင်း)နဲ့ အဓိက အီးမေးများ ( ဥပမာ အဓိကဖောက်သည် ၊ အလုပ်မှ စီအီးအို)ကို အီးမေးအသစ်သို့ အလိုအလျှောက် ပေးပို့စေဖို့ အလုပ်အီးမေးမှာ Rules , Filtersတွေကို အသုံးပြုပါ။ သင့်ရဲ့ လျှို့ဝှက်အီးမေးကနေ စာပြန်တာ မလုပ်မိဖို့နဲ့ သင့်ရဲ့ ရည်ရွယ်ချက်ကို ထိခိုက်စေမယ့် လူတွေကို အီးမေးအသစ်ကို မပေးမိဖို့ ဂရုစိုက်ပါ။

ခရီးသွားနေကြောင်း အလိုအလျှောက် ပြန်စာ ပြုလုပ်ပါ။ သင့်ရဲ့ အလုပ်အီးမေးမှာ ခရီးသွားနေကြောင်း အလိုအလျှောက် ပြန်စာကို ပြုလုပ်ထားတဲ့အခါမှာ သင့်ထံအီးမေးပေးပို့သူတွေက သင်ခရီးသွားနေတဲ့အတွက် အီးမေးများကို မဖတ်နိုင်ကြောင်းနဲ့ ဘယ်နေ့မှာ ပြန်ရောက်မလဲဆိုတာ သိနိုင်ပါတယ်။ အဆင်ပြေစေဖို့အတွက် သင့်ရဲ့ လက်ထောက် ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်ကို ဆက်သွယ်နိုင်မယ့် နည်းလမ်းကို ပံ့ပိုးပေးထားသင့်ပါတယ်။ နောက်နည်းတစ်ခုက သင့်အလုပ်အီးမေးမှာပဲ ဖိုဒါတစ်ခုပြုလုပ်ပြီး Rules, Filtersများကို အသုံးချရင် သင်ခရီးသွားနေစဉ်မှာ ရရှိတဲ့ အီးမေးတွေကို အဲဒီဖိုဒါကို ပို့ပေးအောင်ပြုလုပ်ပါ။ အဲဒီအတွက် ခရီးသွားနေစဉ်မှာပဲ အလုပ်အီးမေးရဲ့ Inboxကို ဖွင့်ပြီး အီးမေးအားလုံးကို ကြည့်စရာမလိုဘဲ ပြုလုပ်ထားတဲ့ ဖိုဒါကိုသာ စစ်ဆေးနိုင်မှာပါ။

ခရီး သတင်းအချက်အလက်များကို အီးမေးပြင်ပသို့ ပို့ပါ။ TripItက သင့်ရဲ့ အီးမေးအကောင့်ကို တိုက်ရိုက်ချိတ်ဆက် နိုင်တဲ့ ခရီးသွား မှတ်တမ်း မန်နေဂျာတစ်ခု ဖြစ်ပါတယ်။ သူက ခရီးသွား အတည်ပြုမှုလို အီးမေးတွေကို ၀င်လာတဲ့ အီးမေးတွေမှာ ရှာဖွေပေးပြီး ဖုန်း၊ တက်ဘလက်မှ TripIt App ဒါမှမဟုတ် ၀က်ဆိုက်ကနေ အသုံးပြုသူက ကြည့်နိုင်မယ့် မှတ်တမ်းကို ပြုလုပ်ပေးနိုင်ပါတယ်။ သင့်ရဲ့ အီးမေး Inboxကို စစ်ဆေးစရာ မလိုသလို ခရီးသွားတဲ့ သတင်းအချက်အလက် တွေကို ခြေရာခံရာမှာ ပိုမိုအဆင်ပြေစေတဲ့ နည်းလမ်းကို ပံ့ပိုးပေးသလို သင့်ရဲ့ ခရီးသွားဖော်တွေကို သတင်းအချက်အလက် တွေကို မျှဝေနိုင်ပါတယ်။

အချိန်ဇယား သတ်မှတ်ပါ။ သင့်ရဲ့ ခရီးစဉ်မှာ စီးပွားရေး အီးမေးတွေ ၊ Voicemailတွေကို စစ်ဆေးချင်ရင်တော့ အချိန်ဇယား သတ်မှတ်ပါ။ ဥပမာ အနေနဲ့ မနက်တိုင်း ၁၅ မိနစ်လောက် အီးမေးစစ်တာ ၊ ကလေးတွေ အိပ်ယာ၀င်ပြီးနောက်မှာ တစ်ပတ်ကို နှစ်ကြိမ် အီးမေးစစ်တာတို့ ဖြစ်ပါတယ်။ သင့်ရဲ့ ခရီးသွားဖော်တွေက သင်အလုပ်လုပ်တဲ့ အချိန်ကို သိအောင် အဲဒီအချိန်ဇယားကို သင့်ရဲ့ ခရီးသွားဖော်တွေကို ပြောပြထားပါ။ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း အချိန်ဇယားကို ပြောပြထားခြင်းဖြင့်  သူတို့က သင့်အလုပ်အီးမေးတွေ စစ်မယ့် အချိန်ကို သိနိုင်မှာပါ။

ကိုယ်ရေးကိုယ်တာ Deviceတွေကိုသာ ယူသွားပါ။ ခရီးသွားစဉ်မှာ အလုပ်ကို ရှောင်ရှားနိုင်မယ့်  အလွယ်ဆုံးနည်းက အလုပ်ဖုန်း၊ အလုပ်ကွန်ပျူ တာတွေကို ရုံးမှာ ထားခဲ့ပါ။ ဖုန်းအသစ် ၀ယ်သလို ဟက်ဒ်ဝဲအသစ်တွေ ၀ယ်ဖို့ ပြောတာ မဟုတ်ပါဘူး။ ဥပမာ အားဖြင့် ခရီးစဉ်အတွက် ကြိုက်သလောက်သုံး ကျသလောက်ရှင်းနိုင်တဲ့ SIM Cardတွေကို ၀ယ်ယူခြင်းဖြင့် အလုပ်ဖုန်းနံပါတ်ကို သုံးစရာမလိုဘဲ Deviceကို အသုံးပြုနိုင်မှာပါ။ အလားတူပဲ သင့်ရဲ့ ကွန်ပျူ တာမှာ သီးခြား User Profile , Accountတွေ ပြုလုပ်နိုင်ပါတယ်။ နောက်ထပ်တစ်နည်းက Walkie Talkiesတွေကို အသုံးပြုတာပါ။ ဒီအတွက် သင်ဟာ ဖုန်းပိတ်ထားရင် ဒါမှမဟုတ် ဖုန်းလိုင်းမမိတဲ့အချိန်မှာ ကျန်တဲ့ ခရီးသွားဖော်တွေနဲ့ ဆက်သွယ်နိုင်မှာပါ။

ခရီးသွားစဉ်မှာ ချိန်ညှိပါ။

သင့်ရဲ့ ခရီးစဉ်စတာနဲ့ သင့်ရဲ့ Deviceတွေကို အောက်ပါအတိုင်း ချိညှိခြင်းဖြင့် သင့်ရဲ့ အဆက်အသွယ်ဖြတ်တောက်မှု အစီအစဉ်ကို အကောင်အထည်ဖော်ပါ။

Notificationsတွေကို ပိတ်ပါ။ သင့်ရဲ့ ခရီးစဉ်တစ်လျှောက်လုံး သင့်ရဲ့ ဖုန်းနဲ့ ကွန်ပျူ တာမှာ အလုပ်နဲ့ ပတ်သက်တဲ့ Notificationတွေကို ပိတ်ထားပါ။ Macနဲ့ iOS Deviceမှာတော့ Appတစ်ခုချင်းစီအတွက် Notificationကို ပိတ်နိုင်သလို Do Not Disturbကို သုံးနိုင်ပါတယ်။ Android Userတွေအတွက်လည်း Appတစ်ခုချင်းစီအတွက် Notificationများကို ပိတ်နိုင်သလို Notificationအားလုံးကို ပိတ်နိုင်တဲ့ Appကို အသုံးပြုနိုင်ပါတယ်။ ၀င်းဒိုး အသုံးပြုသူတွေအတွက် ကွန်ပျူ တာမှာ သီးခြား User Accountတစ်ခု အသုံပြုခြင်း၊ Outlookလို Appများမှ Reminderများကို ပိတ်ခြင်းဖြင့် Notificationများကို ဖယ်ရှားနိုင်ပါတယ်။ အီမေးနဲ့ ကလင်ဒါ အချက်ပေးမှုတွေကိုသာ လုပ်နိုင်တာ မဟုတ်ပါဘူး။ Evernote Notebookကို လုပ်ဖော်ကိုင်ဖက်များနဲ့ ပူးတွဲ အသုံးပြုတယ်ဆိုရင် ခရီးသွားစဉ်မှာ အချက်ပေးမှုများ ၀င်လာတဲ့အတွက် ပိတ်ထားနိုင်ပါတယ်။

အလုပ်နဲ့ ပတ်သက်တဲ့ အကောင့်တွေကို ကန့်သတ်ပါ။ Notificationတွေ ပိတ်ပြီးပြီဆိုရင် နောက်ဆက်လုပ်ရမှာက အချို့အကောင့်တွေကို အဆက်အသွယ်ဖြတ်ဖို့ပါ။ ဥပမာ အနေနဲ့ ကျွန်တော့်ရဲ့ အလုပ်နဲ့ ပတ်သက်တဲ့ လူမှုကွန်ရက် အကောင့်တွေ အားလုံးကို HootSuiteနဲ့ ချိတ်ဆက်ထားတဲ့အတွက် ခရီးသွားနေစဉ်မှာ HootSuiteကို Sign Outလုပ်ထားပြီး ကိုယ်ရေးကိုယ်တာ Twitterအကောင့်ကို အသုံးပြုဖို့ အခြား Appတစ်ခုကို သုံးပါတယ်။ ကိုယ်ရေးကိုယ်တာ အကောင့်ကိုပဲ သုံးတာပါ။

ခရီးစဉ်စပါ။

အဆက်အသွယ်ဖြတ်တောက်မှုရဲ့ အကြီးဆုံး အဟန့်အတားက နည်းပညာမဟုတ်ပါဘူး။ သင့်ရဲ့ အလုပ်အပေါ်ထားတဲ့ ခံယူချက်ပါပဲ။ သင်ဟာ တစ်ပတ်ကို နာရီ ရှစ်ဆယ်၊ တစ်နှစ်ကို ရက်သတ္တပတ် ငါးဆယ် အလုပ်လုပ်ရင် သင့်ရုံးခန်းထဲက ထွက်ဖို့တောင် ခက်ခဲမှာပါ။ အဲဒီအတွက် ခရီးသွားစဉ်မျာ သင့်ရဲ့ Deviceတွေကို အဆက်အသွယ်ဖြတ်ဖို့ နည်းလမ်းတွေကို ရှာဖွေရမှာပါ။ အလုပ်တွေအားလုံး၊ အဆက်အသွယ်တွေ အားလုံးကို ဖြတ်တောက်စရာမလိုဘဲ တတ်နိုင်သလောက် အနည်းဆုံး အဆက်အသွယ်တွေကိုပဲ ထားရှိရမှာပါ။ ဒီလိုလုပ်ဖို့ နည်းပညာ အကူအညီကို ရယူရမှာပါ။

နည်းပညာတွေကို Set Upလုပ်ပြီးပြီဆိုရင်တော့ ခရီးသွားစဉ်မှာ အလုပ်မှ အဆက်အသွယ် ဖြတ်တောက်ထားမှုအတွက် သာမက မိသားစုတွေ၊ သူငယ်ချင်းတွေ၊ ခရီးသွားဖော်တွေနဲ့ အွန်လိုင်းဆက်သွယ်မှုတွေကနေ အကောင်းဆုံး အကျိုးကျေးဇူးတွေ ရရှိနိုင်မှာပါ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *