News, Opinion

ခွင့်လွှတ်ခြင်းနဲ့ ချစ်ခြင်းမေတ္တာ

pardon and love

ကိုဘအေးရဲ့ ခရစ်ယာန်မိတ်ဆွေတစ်ယောက်က ဖိတ်လို့ ခရစ္စမတ်အကြိုပွဲလေးတစ်ခု တက်ခဲ့ရပါတယ်။ ခါတိုင်းနှစ်တွေမှာတော့ ခါတိုင်းနှစ်တွေဆိုတာက ကိုယ်တို့ကိုသူဖိတ်တာ သုံးလေးနှစ်လောက်ရှိပြီ။ ပထမတစ်နှစ် နှစ်နှစ်က ရွှေဘုံသာလမ်းက သူ့အိမ်မှာ ပဲလုပ်တာ၊ အိမ်မှာဆိုတော့၊ နေရာကကျဉ်းတာပေါ့။ နောက်နှစ်တွေမှာတော့ ၄၉လမ်းက ဘုရားကျောင်းမှာ လုပ်တယ်။ Church မှာလုပ်တာဆိုတော့ သူ့အစီအစဉ်နဲ့သူ အစီအစဉ်တကျလုပ်လို့ရတာပေါ့လေ။ အရင်နှစ်တွေတုန်းက သားအမိ သားအဖတွေ သုံးယောက်စလုံး သွားကြတယ်။ သူကလည်း သုံးယောက်စလုံးလာမှ ကြိုက်တယ်။ သူကအကျွေးအမွေးအပြင် ခရစ္စမတ် လက်ဆောင်ပါပေးတယ်။ Note book လေးတွေ ၊ ဘောပင်လေးတွေ၊ ကီးချိန်းလေးတွေစသဖြင့်ပေါ့။ ကိုယ်က ခရစ္စမတ် လက်ဆောင်ပေးတာကိုတော့ သူကလက်မခံဘူး။ ဖိတ်ရင်းနဲ့ လက်ဆောင်မယူလာခဲ့ဖို့ တခါတည်းမှာတယ်၊ ကိုယ့်မှာက အပေါင်းအသင်း မိတ်ဆွေတွေက ခရစ်ယာန်တင်မကဘူး။ အစ္စလာမ် ဘာသာဝင်တွေ၊ ဟိန္ဒူ တွေ ရှိပါတယ်။

အဲဒီတော့ သူတို့လုပ်တဲ့ပွဲလေးတွေကို ဖိတ်တဲ့အခါလည်း သွားရတာပဲ။ သူငယ်ချင်း တစ်ယောက်ရဲ့ရည်းစားဆိုရင် ကရင်မ၊ ခရစ်ယာန်ပေါ့။ အဲဒီတုန်းက ကိုယ်တွေလည်း အိမ်ထောင်မကျသေးဘူး။ သူတို့လည်းမယူရသေးဘူး။ တွဲနေတုန်းအချိန်ပဲ။ ကိုယ်လည်း သူငယ်ချင်းနဲ့အတူ သူ့ရည်းစားတက်တဲ့ ဘောက်တော်က Church မှာ လိုက်တက်ဖူးတယ်။ သူတို့က အဲဒီမှာ ကျမ်းသစ် ကျမ်းဟောင်းဆိုတာရှိတယ်။ ကျမ်းသစ်က ဘယ်လောက်၊ ကျမ်းဟောင်းက ဘယ်လောက်ဆိုပြီး ရှေ့ကဘုတ်မှာ ရေးထားတယ်။ ကိုယ့်ရှေ့ထိုင်ခုံရဲ့ နောက်ကျောက အံခွက်လေးထဲမှာ စာအုပ်တွေထည့်ထားတယ်။ အဲဒီစာအုပ်လေးတွေယူပြီး သီချင်းဆိုကြရတာ။ သူညွှန်းထားတဲ့ စာမျက်နှာအရ လိုက်ဆိုကြရတယ်။ သူတို့က bapits church ပါ။ နှစ်ခြင်းပေါ့။ ဓမ္မတေး တစ်ပုဒ်ဆိုပြီးရင် ဘုရားသခင်ရဲ့ အသွေးတော် အသားတော်ဆိုပြီး လက်မလောက်ရှိတဲ့ ပေါင်မုန့်လေးတစ်တုံးနဲ့ ခွက်သေးသေး လေးနဲ့ ဝိုင်တစ်ခွက်တိုက်တယ်။ ကိုဘအေးတို့ကိုတော့ (နှစ်ခြင်းခံ မထားတော့)မတိုက်ဘူးပေါ့။ ပြီးရင် အလှူ ခံထည့်ရတယ်။

ဘုရားရှိခိုးကျောင်းတက်တဲ့လူတွေက အလှူ ခံထည့်ဖို့ ကျပ်တန်လေးတွေ ဖျက်ထားရတယ်။ အဲဒီတုန်းက ကိုဘအေးတို့တောင် 320 scale ပဲဆိုတော့ ကျပ်တန်က အသုံးဝင်တယ်၊ သုံးလို့ရသေးတယ်။ အဲဒီလိုပဲ သီချင်းလေးတစ်ပုဒ်ဆိုလိုက် ဝိုင်နဲ့ပေါင်မုန့် ကျွေးလိုက် ၊ အလှူ ခံလိုက်နဲ့ သုံးလေးခါလောက်တော့ရှိမလား ကိုယ်လည်း မမှတ်မိတော့ဘူး။ တခြား church တွေတော့ တခြား church တွေဆိုတာက catholic တွေ ဘာတွေရှိတယ်လေ။ ဒီလိုပဲလားဆိုတာ ကိုယ်လည်း မရောက်ဘူးတော့ မသိဘူး။ အခု ကိုဘအေး ခရစ္စမတ်အကြိုပွဲလေးသွားရတဲ့ ဘုရားကျောင်းက ချင်းနှစ်ခြင်း ခရစ်ယာန်ကျောင်းပါ။ မနှစ်ကနဲ့ဆို နှစ်ခေါက် ရှိပြီပေါ့။ ခါတိုင်းမိသားစုသုံးယောက် သွားနေကျဟာ အဲဒီနေ့မှာ သမီးကလည်း ကျူ ရှင်ရှိတယ်၊ ဖျက်လို့မရဘူး။

မဒမ်ဘအေးကလည်း ကလေးတွေ စာမေးပွဲရှိလို့ သူ့တပည့်တွေကို ကျူ ရှင်ခေါ်ထားတယ်။ ဒါနဲ့ ကိုယ်တစ်ယောက်ထဲပဲ ဒိုးရတော့တာပေါ့။ ခရစ္စမတ်ဖိတ်တဲ့ မိတ်ဆွေကိုလည်း အကျိုးအကြောင်းပြောပြပြီး တောင်းပန်ရတယ်။ သူကတော့ ဖိတ်ရင် လာစေချင်တယ်။ ဒီပွဲမှာ ဧည့်သည် ၈၀လောက်ပဲဖိတ်တာလို့ အဲဒီနေ့နောက်ဆုံး အစီအစဉ်အနေနဲ့ သူစကားပြောတဲ့ အထဲမှာ ထည့်ပြောပါတယ်။ ၄ ယောက်မလာဘူးလို့ သိရပါတယ်။ ဒါပေမယ့် သူစကားပြောနေတဲ့အချိန်မှာပဲ တစ်ယောက်ဝင်လာပါတယ်။ အကျွေးအမွေးအစီအစဉ်ကိုတော့ မီသွားတာပေါ့။ မိတ်ဆွေဖြစ်သူ စကားပြော Merry Christmas လုပ်ပြီးတဲ့အခါကျတော့ ဧည့်သည်တွေကို ခရစ္စမတ်လက်ဆောင်လေးတွေ ဝေပေးပါတယ်။ အမျိုးသမီးတွေကို ဆွဲခြင်းလေးတွေပေးပြီး အမျိုးသားတွေ ကိုတော့ နှစ်ထပ်ပန်းကန်စင် အသေးလေးတွေ ပေးပါတယ်။ ပါလာတဲ့ကလေးတွေကိုလည်း အထုပ်ကလေးတွေ ပေးတာ တွေ့ရတယ်။ ဘာလဲတော့မသိဘူး။ နောက်နှစ်မှာတော့ အစီအစဉ်တစ်မျိုးအနေနဲ့ ဧည့်သည်အချင်းချင်း လက်ဆောင် ဖလှယ်ရအောင်လို့ နှစ်ထောင်တန်ပစ္စည်းတစ်ခုခု ယူခဲ့ဖို့ မှာပါတယ်။ လက်ဆောင်တွေပေးပြီးတဲ့ အခါကျတော့ နေ့လည်စာ ထောပတ်ထမင်းနဲ့ ရေခဲမုန့်နဲ့ ကျွေးမွေးဧည့်ခံပါတယ်။

ကိုဘအေးရဲ့ မိတ်ဆွေဖြစ်သူ မအေးလေးနဲ့ သိကျွမ်းခင်မင်ခဲ့တာ နှစ်ပေါင်းနှစ်ဆယ်လောက်ရှိပါပြီ။ ဘယ်တော့လောက် ကလည်းဆိုတာ သေချာမမှတ်မိတော့ဘူး။ ၁၉၈၉ နောက်ပိုင်းလောက်ကတည်းက ဖြစ်လိမ့်မယ်ထင်ပါတယ်။ ကိုဘအေးတို့ ဘွဲ့ထူးဂုဏ်ထူးပေးဖို့အတွက် ဂုဏ်ပြုစာလွှာ(ဂုဏ်ပြုလက်မှတ်ကတ်ပြားများ) ထည့်ပေးဖို့ ယွန်းကျည်တောက်တွေလိုပါတယ်။ ကိုဘအေးနဲ့ စီနီယာဦးစီး တို့နှစ်ယောက်သား ဗိုလ်ချုပ်ဈေးကိုသွားပြီး ယွန်းထည်ဆိုင်တွေကို စုံစမ်းပါတယ်။ အဲဒီမှာ မအေးလေး တို့ဆိုင်မှာ ယွန်းကျည်တောက်တွေ တင်ထားတာတွေ့လို့ ဝင်မေးရင်းနဲ့ သူ့ဆီမှာပဲ မှာဖြစ်ပါ တယ်။ ဆိုင်မှာကတော့ နိုင်ငံခြားသားတွေ အနေနဲ့ အမှတ်တရဝယ်နိုင်ဖို့ တခြားယွန်းပစ္စည်း အမျိုးအစားတွေနဲ့အတူ အနည်းအကျဉ်းပဲ တင်ထားတာပါ။ ကိုယ်တွေလိုချင်တာက ရာဂဏန်းလောက်ဆိုတော့ ဈေးနှုန်းညှိ အချိန်ညှိပြီး အဆင်ပြေကြတာနဲ့ မအေးလေးတို့ဆိုင်မှာပဲ မှာဖြစ်ခဲ့လိုက်ပါတယ်။

အဲဒီအချိန်တုန်းက မှတ်မိသလောက် ရွှေပန်းချီရေး ယွန်းကျည်တောက်တစ်ခုဟာ ၄၅၀၀ ကျပ်ပဲရှိပါတယ်။ အခုဆိုရင် ခြောက်ထောင်ကျော်လောက် ဖြစ်နေပါပြီ။ အဲဒီအချိန်ကစပြီး ယွန်းကျည်တောက်တွေလိုအပ်ရင် မအေးလေးတို့ဆီမှာပဲ မှာဖြစ်ပြီး အခုအချိန်အထိ မိတ်ဆွေအရင်းအခြာတွေ ဖြစ်သွားတာပါ။ မအေးလေးဟာ စိတ်သဘောထားကောင်းပြီး သူတစ်ပါးကို ကူညီတတ်တဲ့သူပဲဖြစ်ပါတယ်။ သိပ်ပြီး စိတ်မညစ်တတ်ဘူး။ ပျော်ပျော်ပဲနေတတ်ပါတယ်။ ပေါင်းသင်းဆက်ဆံရေး လည်း ကောင်းပါတယ်။ ဒါ့ကြောင့် သူ့မှာ မိတ်ဆွေသင်္ဂဟလည်း ပေါပါတယ်။ ကိုဘအေးတို့အပေါ်မှာလည်း မောင်နှမရင်းချာ တွေလိုပါပဲ။ ကူညီစရာရှိရင် တတ်နိုင်သလောက် ကူညီတတ်ပါတယ်။ အဲဒီအတွက် သူဘာပွဲပဲရှိရှိ ဖိတ်လို့ရှိရင် ကိုယ်တွေကလည်း မပျက်မကွက်သွားရပါတယ်။ လွန်ခဲ့တဲ့လေးငါးလလောက်က သူ့သမီးအကြီးမရဲ့ လက်ထပ်ပွဲကို သွားခဲ့ရပါသေးတယ်။ အခုဘုရားကျောင်းမှာပဲ လုပ်တာပါ။ ခရစ္စမတ်ပွဲတက်ခဲ့တဲ့ ကိုဘအေးလည်း ခရစ္စမတ်အကြောင်းလေးမျှဝေချင်ပါတယ်။

လူ့နှလုံးသားက လိုလားတောင်းတတဲ့အရာဟာ ငြိမ်သက်ခြင်းဖြစ်တယ်။ စစ်မှန်တဲ့ ငြိမ်သက်ခြင်းဟာ အတွင်းနှလုံးသားမှ အစပြုတယ်။ ထိုမှတစ်ဆင့် ပတ်ဝန်းကျင်၊ လူမှုနယ်ပယ်သို့ ကူးစက်လေ့ရှိပါတယ်။ စစ်မှန်တဲ့ငြိမ်သက်ခြင်းဟာ ရန်ငြိမ်းခြင်း သက်သက်မဟုတ်ပေ။ တဒင်္ဂအတွက်သာမဟုတ်ပဲ ထာဝစဉ် အတွက်ဖြစ်ပါတယ်။ လူတိုင်းအတွက် အနှစ်သာရနဲ့ကြည့်သော ငြိမ်သက်ခြင်းရရှိစေရန် ယေရှုခရစ်တော် ဤလောက၌ မွေးဖွားခဲ့ပါတယ်။ ယေရှုမွေးဖွါးတဲ့နေ့ကို “ခရစ္စမတ်”လို့ ကမ္ဘာသိ ကျင်းပလျက်ရှိပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ဝ၀ ကျော်က ပထမခရစ္စမတ်ညမှာ ကောင်းကင်တမန်များက အောက်ပါအတိုင်း ဆန္ဒပြုကာ သီချင်းဆိုခဲ့ကြပါတယ်တဲ့။

“ကောင်းကင်ဘဝဂ်ဝယ် ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။
မြေကြီးပေါ်၌ ငြိမ်သက်ခြင်းရှိစေသတည်း။
လူတိုင်းအား မေတ္တာဂရုဏာရှိစေသတည်းဟု
ဘုရားသခင်ကို ချီးမွမ်း၍ မြွက်ဆိုကြ၏” (လု ၂၀:၁၄)

ဒါပေမယ့် ဒီနေ့ကမ္ဘာမှာ အာဃာတတရား အမုန်းတရား၊လောဘတရားများ ဆက်လက်ဖြစ်ပွားနေပါတယ်။ လုယက်မှု၊ သတ်ဖြတ်မှု၊ တိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေတယ်။ “စစ်မှန်သော” ငြိမ်သက်ခြင်း တည်ဆောက်ဖို့ရန် ခရစ်တော်သွန်သင်ပြသခဲ့တဲ့ အချက်နှစ်ချက်ရှိတယ်လို့ ဆိုပါတယ်။ အဲဒီအချက်နှစ်ချက်ကတော့ ခွင့်လွှတ်ခြင်းတရားနဲ့ ချစ်ခြင်းမေတ္တာတရားတို့ ဖြစ်ပါတယ်။ ကျမ်းစာပါစကားတွေကို မဖေါ်ပြတော့ပါ။ ကိုယ်နားလည်သလိုပဲပြောပါမယ်။ မိမိအပေါ်ရည်ရွယ်ပြီး မတရားမှုပြုခဲ့သူများအား ခွင့်လွှတ်ရန်မလွယ်ပါ။ အဓမ္မကျင့်ခဲ့သူများ ခွင့်လွှတ်ရန်မလွယ်ပါ။ ရက်စက်စွာ ပြစ်မှားခဲ့သူများ ခွင့်လွှတ်ရန် အလွန်ခက်ခဲ ပါတယ်။ ဒါပေမယ့် ဘုရားသခင်ဟာ အပြစ်ကြီးတဲ့ လောကီသားတို့ကို ခွင့်လွှတ်ခဲ့တယ်။ ခရစ်တော်ဟာ အချင်းချင်းခွင့်လွှတ်ဖို့ သွန်သင်ခဲ့တယ်။ အကန့်အသတ်မရှိ ခွင့်လွှတ်ရန် သွန်သင်ခဲ့တယ်။ မိမိကို သတ်မည့်ရန်သူကိုပင် ခွင့်လွှတ်ခဲ့ပါတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ချစ်ခြင်းမေတ္တာဟာ လောကကို လှပစေတယ်။ လူ့ဘဝကို အနှစ်သာရရှိစေတယ်။ ထိုကဲသို့သော မေတ္တာဟာ တစ်ဘက်သက် မေတ္တာဖြစ်တယ်။ ကိုယ်ကျိုးစွန့်မေတ္တာဖြစ်တယ်။ ချစ်စရာမကောင်းသောသူကို ချစ်ခြင်း၊ မချစ်သင့်သောသူကို ချစ်တုန့်ပြန်ခြင်း ဖြစ်တယ်။ ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာရဲ့ ဇစ်မြစ်ဖြစ်တယ်လို့ဆိုပါတယ်။ အဲဒီလိုခွင့်လွှတ်ခြင်းတရားနဲ့ ချစ်ခြင်းမေတ္တာတရားအားဖြင့် အမြစ်တွယ်တည်ဆောက်ရမည့် “ထာဝရငြိမ်သက်ခြင်း”ကို ခရစ်တော်အားဖြင့် ရရှိခံစား နိုင်ပါကြောင်း ၊“ငြိမ်သက်ခြင်းအရှင်” ဖြစ်တဲ့ ခရစ်တော်ဟာ ခွင့်လွှတ်ခြင်းနဲ့မေတ္တာကို ကိုယ်တိုင်လက်တွေ့ ပြခဲ့ပြီ ဖြစ်ကြောင်း၊ လူတစ်ဦးချင်းရဲ့ နှလုံးသားမှာ ငြိမ်သက်ခြင်းကို ခံစားစေပြီး လူ့ဘောင်လောကအတွက် ထာဝစဉ်ငြိမ်းချမ်းခြင်းကို တည်ဆောက်နိုင်ရန် ဤလောကသို့ သခင်ခရစ်တော် ဖွါးမြင်တော်မူခဲ့ကြောင်းသိရပါတယ်။

ခုလိုပျော်ရွှင်ဖွယ်ရာ ခရစ္စမတ်အချိန်အခါမှာ သူတို့ဆုတောင်းကလေးနဲ့ပဲ ဒီစာစုကို နိဂုံးချုပ်အပ်ပါတယ်။
“အိုဘုရားသခင် ၊ အပြစ်သားကျွန်တော်၊ ကျွန်မတို့ကို ကယ်တင်ဖို့ရန် ဤလောကသို့ ကြွလာတော်မူသောကြောင့် ကျေးဇူးတင်ပါတယ်။ ကိုယ်တော်ဘုရားသည် ကျွန်ုပ်တို့ကို အနှိုင်းမဲ့မေတ္တာနှင့် ချစ်ကာ၊ အပြစ်များခွင့်လွှတ်သောကြောင့် ကျေးဇူးတင်ပါတယ်။ ယခုအချိန်မှစပြီး ကျွန်ုပ်ဘဝတွင် ကြွရောက်တော်မူပါ။ လမ်းပြအုပ်စိုးတော်မူပါ။ သခင်ယေရှု၏ နာမတော်မြတ်၌ တောင်းလျှောက်ပါ၏။ အာမင်။”မအေးလေးအပါအဝင် မိတ်ဆွေသင်္ဂဟအပေါင်းလာမယ့် ၂၀၁၅နှစ်သစ်ကစပြီး ဘဝတစ်လျှောက်လုံး ပျော်ရွှင်ချမ်းမြေ့မှုအပေါင်းနဲ့ ပြည့်စုံကြပါစေ။ Happy New Year to you all.

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *