News

အခြေခံပညာ ဆရာ/ ဆရာမများ ကျူရှင်သင်ခွင့် မရှိခြင်းအား ဝေဖန်

ဆရာဖြစ် သင်တန်းဆင်းလက်မှတ် မရှိသူများက ကျူရှင်သင်ကြားခွင့်များ ရရှိနေပြီး သင်တန်းဆင်း လက်မှတ်ရှိသော ဆရာများက ကျူရှင်သင်ကြားခွင့် မရှိသည်မှာ မျှတမှုမရှိဟု အခြေခံပညာ ဆရာ/ ဆရာမတစ်ချို့က ေ၀ဖန်ပြောကြားကြကြောင်း သိရသည်။ ကျောင်းဆရာ/ဆရာမများ ကျူရှင်သင်ကြားနေကြခြင်းမှာ လစာနည်းပါးခြင်းကြောင့် ဖြစ်သည်ဟုလည်း အစိုးရကျောင်းဆရာတစ်ဦးက ဆိုသည်။ “ကျောင်းသားတွေက တစ်ထိုင်တည်းနဲ့ စာမရတော့ ကျူရှင်တွေကို အားကိုးလာကြရော။ အပြင်ကျူရှင်တွေ ယူသလို ဆရာမတွေဆီမှာ ပြန်ထားတာတွေလည်း ရှိကြတယ်။ ဆရာမတို့ကလည်း လစာလုံလောက်ရင် လုံး၀မသင်ဘူး။ ပုဂ္ဂလိက ဆရာတွေ သင်လို့ရပြီး ဆရာမတို့သင်ခွင့်မရတဲ့ အပေါ်မှာတော့ ဆရာမတို့ ခံစားချက်ရှိတယ်”ဟု ဗဟန်းမြို့နယ်မှ အခြေခံပညာ ဆရာမတစ်ဦးက ပြောသည်။

အခြေခံပညာကဏ္ဍရှိ ဆရာများသည် နိုင်ငံတော်မှ ချမှတ်ထားသောမူအရ ကျူရှင်သင်ခွင့်မရှိကြောင်း၊ ငွေရလိုမူ ကျောင်းသားအချင်းချင်း မျက်နှာလိုက်၍ ခွဲခြားဆက်ဆံမှု၊ ကျူရှင်တက်နိုင်သော ကလေးများကိုသာ မေးခွန်းပေးခြင်းများမှ ကာကွယ်နိုင်ရန်အတွက် ယင်းသို့ ကျူရှင်သင်ကြားခွင့်အား ပိတ်ပင်ထားခြင်းဖြစ်ကြောင်း သိရသည်။ “ဆရာ၀န်ကျတော့ ပြင်ပဆေးခန်းတွေ ဖွင့်ခွင့်ရတယ်။ အစိုးရဆေးရုံမှာရော၊ ပြင်ပမှာရော ဖွင့်ခွင့်ရပြီး ကျောင်းဆရာတွေကျတော့ ဘာလို့ဒီလို အခွင့်အရေးမရှိတာလဲဆိုတာ မေးချင်တယ်။ လစာမလုံလောက်လို့ ဒီလိုတွေဖြစ်နေတယ်ဆိုတာလည်း သိကြတာပဲလေ”ဟု အငြိမ်းစားအလယ်တန်းပြ ဆရာမ ဒေါ်ရီရီမြင့်က ပြောသည်။ ယင်းကဲ့သို့ ကျူရှင်ကိစ္စနှင့်ပတ်သက်ပြီး ကျောင်းသားမိဘများ၏ တိုင်တန်းသည်အထိ ဖြစ်လာလျှင် သက်ဆိုင်ရာ ပညာရေးမှူးရုံးခန်းများမှ စစ်ဆေးကာ အလုပ်ဖြုတ်သည်အထိ အရေးယူမှုများ ပြုလုပ်လျက်ရှိသည်ဟုလည်း သိရသည်။

“သက်ဆိုင်ရာမြို့နယ်တွေမှာ ကျူရှင်သင်ချင်တယ်ဆိုရင် လိုင်စင်တင်ရတယ်။ လက်ရှိတာ၀န်ထမ်းဆောင်နေတဲ့ တော်တော်များများကတော့ သင်နေကြတယ်။ သူတို့အတွက် ချမှတ်ထားတဲ့ မူရှိတယ်။ သက်ဆိုင်ရာ နိုင်ငံတော် အဖွဲ့အစည်းက ချမှတ်ထားတဲ့ မူတွေ စည်းကမ်းတွေကို လိုက်နာခြင်းမရှိတဲ့ ဆရာတွေကို အရေးယူရမယ်ဆိိုတာမျိုး ညွန်ကြားချက်ရှိတယ်။ ဒါကမူသဘော။ ကျောင်းအုပ်တွေကလည်း ကျောင်းမှာရှိတဲ့ ဆရာတွေ ကျူရှင်မသင်ပါဘူးဆိုတဲ့ ခံ၀န်လက်မှတ်တွေ ယူထားပြီးတော့ ကာဗာလုပ်ထားတဲ့ သဘောပဲ။ ကျူရှင် သင်ကြားလို့ အရေးယူခဲ့တာတော့ သိပ်မကြားမိဘူး။ သိပ်ပြီးနှိပ်ကွပ်တော့မှ တိုင်လာရင်တော့ စစ်ဆေးပြီး အလုပ်ဖြုတ်လိုက်တာမျိုးတော့ လုပ်တယ်” ဗဟန်းမြို့နယ် ပညာရေးမှူးရုံးမှ တာ၀န်ရှိသူတစ်ဦးက ဆိုသည်။

လက်ရှိတွင် ဇနီးဖြစ်သူက ကျောင်းဆရာမဖြစ်သော အငြိမ်းစားအုပ်ချူပ်ရေးမှူးတစ်ဦးက “ကျောင်းသားနဲ့ ကျူရှင်ဆိုတာက ခွဲလို့တော့မရဘူး။ ပြောရရင် မူကြိုကနေ တက္ကသိုလ်အဆင့်အထိက သူ့ဟာနဲ့သူ ကျူရှင် တက်နေကြတာပဲ။ အပြင်က ဆရာ/ ဆရာမတွေနဲ့ တက်ချင်တက်မယ်။ ကျောင်းက ဆရာ/ ဆရာမနဲ့ပဲ တက်ချင်တက်မယ်။ တစ်ချို့က ကျောင်းမှာ စာသိပ်မလိုက်နိုင်တာ ရှိတယ်။ တစ်ချို့ကလည်း သူများထက် ပိုပြီးကျောချင်တယ်။ သာချင်တယ်။ အဲဒီအထဲမှာ တစ်ချို့ကတော့ အပျော်လာတက်ကြတာ ရှိတယ်။ စုန်းပြူးတွေပေါ့။

အဲဒီတော့ အကြောင်းအမျိုးမျိုးကြောင့် ကျူရှင်တက်ချင်တဲ့ ကလေးတွေက ကျောင်းက ဆရာ/ဆရာမတွေ ကျူရှင်မသင်ဘူးဆိုရင်လည်း အပြင်ကျူရှင် သွားတတ်ကြမှာပဲ။ မတက်ကြပဲနေမှာ မဟုတ်ဘူး။ အဲဒီတော့ ကိုယ့်ဆရာ/ ဆရာမတွေပဲ စားပေါက်ပိတ်တာပေါ့။ တက္ကသိုလ် ဆရာ/ဆရာမတွေကိုတော့ ကျူရှင် မသင်ရဘူးလို့ စည်းကမ်းချက် ထုတ်ထား မထားတော့ မသိဘူး။ ရေကြောင်းတက္ကသိုလ်က ဦးလေးအသိ ဆရာမတစ်ယောက်ဆိုရင် ကျူရှင်သင်ရတာ တစ်လတစ်လ သိန်းဂဏန်းတစ်ဆယ်အထက်ပဲ။ အဲဒီကလေးတွေက ကျောင်းပြီးလို့ သင်္ဘောတွေဘာတွေတက်ပြီး ပြန်လာလို့ရှိရင်လည်း အဖိုးတန်ပစ္စည်းတွေနဲ့ လာကန်တော့ကြတာ မနည်းပါဘူး ပြောချင်တာက အခြေခံပညာ ဆရာ/ဆရာမတွေ ကျူရှင်သင်တာက အများဆုံးရတဲ့သူတောင် တစ်သိန်းပတ်၀န်းကျင်လောက်ပေါ့။ အဲဒါတောင် အတန်းပိုင်ရှိတဲ့လူက အတန်းပိုင်မရှိတဲ့လူနဲ့ တွဲသင်ရင် နှစ်ယောက်ခွဲယူပေါ့။ ဆရာမ တစ်ချို့ရှိတယ်။ ကိုယ့်ကျူရှင်မတက်ရင် ကျောင်းမှာအပြစ်မရှိ အပြစ်ရှာ ဆူပူနှိမ့်ချပြောဆိုနေတတ်တာ ရှိတယ်။ နို့ပီးတော့ ဘယ်ကလေးကတော့ လူ့ဆီတက်တယ်၊ ဘယ်ကလေးကတော့ ကိုယ့်ဆီမတက်ဘူးဆိုပြီး (ရိုင်းတယ်ထင်ရင် ခွင့်လွှတ်ပါ) စားကျက်လုပ်ပြီး ပြဿနာတက်တာတွေ ရှိသေးတယ်။ အဲဒီလို ဆရာမမျိုးတွေကြောင့်လည်း အားလုံးဝါးလုံးရှည်နဲ့ သိမ်းပြီး အရမ်းခံရတာပေါ့”ဟု သူ၏ ထင်မြင်သုံးသပ်ချက်ကို ပြောပြပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *