News

စီရော်နယ်ဒို ရွှေဘောလုံးဆုမရလျှင် အန်ဆယ်လော့တီ ထိုင်ရာမထဆန္ဒပြမည်

၂၀၁၄ ဇန်နဝါရီလဆန်းပိုင်းမှာ ပေးအပ်ချီးမြှင့်မယ့် FIFA ရဲ့ တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆု (ရွှေဘောလုံးဆု) ကို သူ့အသင်းတိုက်စစ်မှူး စီရော်နယ်ဒိုမရပါက ယင်းပွဲကိုတက်ရောက်မယ့် ရီးရဲလ်နည်းပြ အန်ဆယ်လော့တီက စင်ပေါ်မှာထိုင်ရာမထ ဆန္ဒပြသွားမယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ ရွှေဘောလုံးဆုရရှိဖို့ အလေးပေးမှုများတွင် မနှစ်က ဘိုင်ယန်မြူးနစ်အသင်းကို ဖလားသုံးလုံးရဖို့ ခြေစွမ်းပြနိုင်ခဲ့တဲ့ ပြင်သစ်တောင်ပံက ကစားသမားရီဘာရီက ထိပ်ဆုံးမှာ ရေပန်းစား နေပါတယ်။ ၎င်းနောက်မှသာ စီရော်နယ်ဒိုက ရေပန်းစားနေတာဖြစ်ပြီး အန်ဆယ်လော့တီက Radio24 နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ “စီရော်နယ်ဒိုကို ရွှေဘောလုံးဆုမ ပေးဘူးဆိုရင်တော့ စင်ပေါ်မှာထိုင်ရာမထ ဆန္ဒပြသွားမယ်” လို့ပြောခဲ့တာ ဖြစ်ပါတယ်။

အဆိုပါဆုပေးအပ်ချီးမြှင့်မယ့် ရက်ဂီယိုလိုမြို့ဟာ အီတလီသားနည်းပြ အန်ဆယ်လော့တီရဲ့ မွေးရပ်မြို့လည်း ဖြစ်ပါတယ်။ ယင်းက “ရွှေဘောလုံးဆုကို စီရော်နယ်ဒိုထက် ပိုပြီးထိုက်တန်တဲ့သူ မရှိဘူး။ သူဟာ စံပြ ပရော်ဖက်ရှင်နယ် တစ်ယောက်ပါ။ ပြီးပြည့်စုံတဲ့ ကစားဟန်ကို ခြေစွမ်းမပျက်ထိန်းနိုင်တဲ့ သူမျိုးမဟုတ်ရင် တစ်နှစ်ကို ဂိုး၅၀၊ ဂိုး၆၀ ပုံမှန်သွင်းနိုင်စရာ အကြောင်းမရှိဘူး။ သူ့ရဲ့ပရိုဆန်မှုအပေါ် ကျွန်တော်အရမ်းအားရ ကျေနပ်တယ်။ ပွဲတိုင်းမှာသာမက လေ့ကျင့်ခန်းဆင်းချိန်တိုင်းမှာပါ သူဟာ အားထုတ်ကစားတယ်။ ပွဲတစ်ပွဲရဲ့ သွင်ပြင်လက္ခဏာ အသေးစိတ်ကို အမြဲတမ်း ဂရုစိုက်ပြီး ကစားတာလည်း စီရော်နယ်ဒိုပါပဲ” လို့ ထပ်မံချီးကျူးခဲ့တယ်။

စီရော်နယ်ဒိုဟာ မကြာသေးမီကမှ သူ့အပေါ် ဖီဖာဥက္ကဠ ဘလတ္တာက ကွင်းအတွင်း စစ်ဗိုလ်နဲ့တူတဲ့ ကစားသမားလို့ဆိုပြီး မက်ဆီကိုတော့ မိဘတိုင်းလိုလားချစ်ခင်တဲ့ သားမျိုးနဲ့ တူတယ်လို့ နှိုင်းယှဉ်ဝေဖန်ခဲ့တဲ့ အတွက် ဇန်နဝါရီ ၁၃ ရက်မှာ ရွှေဘောလုံးဆုပေးအပ်မယ့် အခမ်းအနားကို မတက်ရောက်ပဲ သပိတ်မှောက်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

စီရော်နယ်ဒိုရဲ့ အသင်းဖော် ဂါရတ်ဘေးလ်ကလည်း ကမ္ဘာ့အကောင်းဆုံးကစားသမားမှာ စီရော်နယ်ဒိုသာ ဖြစ်တယ်လို့ ထောက်ခံပြောဆိုခဲ့ပြီး ၎င်းနှင့်တွဲကစားခွင့်ရခြင်းကြောင့် အသင်းသစ်ရီးရဲလ်တွင် ခြေစွမ်းပြနိုင်ကာ လျင်မြန်စွာ အထိုင်ကျနိုင်ခဲ့တယ်လို့ ခံစားမိကြောင်း ပြောခဲ့ပါတယ်။ စီရော်နယ်ဒိုနဲ့ တွဲဖက်ကစားရသမျှ မိနစ်တိုင်းမှာ သူ့အတွက် ပျော်ရွှင်ကျေနပ်စရာများ အတိပြီးတယ်လို့ ဂါရတ်ဘေးလ်က ဆိုပါတယ်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *