မန္တလေးမြို့တွင် နေ့ခင်းအချိန် မြို့လယ်ကောင်၌ လုယက်မှုများနှင့် ညပိုင်း အုပ်စုဖွဲ့ ရမ်းကားမှု ဖြစ်စဉ်များသည် မူးယစ်ဆေးဝါးသုံးစွဲမှု မြင့်တက်လာခြင်း၏ နောက်ဆက်တွဲ ပြဿနာ တစ်ရပ်ဖြစ်ကြောင်း၊ မြို့ခံများက သုံးသပ်ပြောကြားသည်ဟု သိရသည်။ မန္တလေးမြို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုများမှာ လူနေရပ်ကွက်များအတွင်း ထင်သာမြင်သာစွာဖြင့် တွင်တွင်ကျယ်ကျယ် ပြုလုပ်နေခြင်းနှင့် မန္တလေး-မူဆယ်လမ်းပိုင်း၊ ကချင်ပြည်နယ်၊ မြစ်ကြီးနား-မန္တလေးမီးရထားလမ်းပိုင်းနှင့် ကလေး-တမူးလမ်းပိုင်းများမှ ဝင်ရောက်လျက်ရှိသော မူးယစ်ဆေးဝါးများကို လစဉ်ကဲ့သို့ ဖမ်းဆီးရမိသော်လည်း ထိန်းချုပ်ရန် ခက်ခဲနေဆဲ ဖြစ်ကြောင်း သိရသည်။
မန္တလေး-မူဆယ်လမ်းပိုင်းတွင် Mobile Team အဖွဲ့ဖြင့် တရုတ်နယ်စပ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှတစ်ဆင့် တရားမဝင်ပစ္စည်း ဝင်ရောက်မှုကို ဟန့်တားစစ်ဆေးနေသော်လည်း အဆိုပါ လမ်းကြောင်းတွင် ရှောင်ကွင်းလမ်းများစွာ ရှိနေသဖြင့် ထိန်းချုပ်ရန် ခက်ခဲကြောင်း၊ ထို့အတူ ဆိုင်ကယ်ဖြင့် မူးယစ်ဆေးဝါး သယ်ဆောင်မှုများ ရှိနေဖြင့် Mobile Team အဖွဲ့များအား ဆိုင်ကယ်ကယ်ရီများကို ကြပ်မတ်ဆောင်ရွက်ရန် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစိုင်းအောင်မြတ်က “ဆိုင်ကယ်ကယ်ရီတွေကို သတိထားပြီး ကြပ်မတ်ပေးဖို့ လိုပါတယ်။ မူးယစ်ဆေးဝါး သယ်တယ်။ ရှမ်းမြောက်မှာတုန်းက လက်နက်အစိတ်အပိုင်း သယ်တာတွေ ရှိတယ်။ ဂိုဏ်းဆန်ဆန်ဖြစ်လာတာတွေ ရှိတယ်”ဟု ရှမ်းပြည်နယ်အစိုးရမှ ဖွဲ့သော Mobile Team အဖွဲ့လုပ်ငန်း တာဝန်လွှဲပြောင်းပွဲတွင် ပြောကြားခဲ့သည်။
မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုမြင့်တက်မှု နောက်ကွယ်၌ အစိုးရထိပ်တန်းပုဂ္ဂိုလ်များ ပါဝင်မှု ရှိနေ၍ ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်ဟု ဆိုသည်။ “သင်ပန်းကုန်းကွက်သစ် ညညအကွက်မှာဆိုရင် အထက်တန်းကျောင်းသား အရွယ်လေးတွေပါ မူးယစ်ဆေးသုံးစွဲမှုတွေ ရှိနေတာကို တွေ့ရတယ်။ ကျွန်တော်က ဒီရပ်ကွက်ထဲမှာနေပြီး မမြင်ချင်မှ အဆုံးပါ။ ရှစ်တန်း၊ ကိုးတန်းကျောင်းသားအရွယ်တွေတောင် ပါပါတယ်။ မူးယစ်ဆေးဝါး သုံးစွဲသူတွေကို ရောင်းတဲ့အိမ်မှာပဲ သုံးစေပြီး အပြင်ကို ပေးမထုတ်ပါဘူး။ ဒါ့အပြင် ရဲကို တိုင်ကြားတဲ့အခါ ရပ်ကွက်ထဲ လူစိမ်းရောက်လာပြီဆိုတာနဲ့ အားလုံး လက်စဖျောက်ပြီးသားပါ။ ဘယ်လောက်ထိ ဆိုးလည်းဆိုရင် အဲဒီရပ်ကွက်မှာ မူးယစ်ဆေးဝါး ဖြတ်ပေးတဲ့ တရားမဝင် ဆေးခန်းတောင် ရှိပါတယ်။ မူးယစ်ဆေးကတော့ ဈေးပေါတာရော မပေါတာရော အစားစားကို လက်ခံရောင်းချပေးနေတာဖြစ်ပြီး လမ်းတစ်လမ်းမှာဆိုရင် ရောင်းတဲ့အိမ် ငါးအိမ်ခြောက်အိမ်လောက် ရှိတယ်”ဟု ညရပ်ကွက်နေသူတစ်ဦးက ဆိုသည်။
ချမ်းအေးသာစံမြို့နယ်မှ သင်ပန်းကုန်းကွက်သစ်သို့ ပြောင်းလာသူ မိခင်တစ်ဦးက “ဒီဘက်ကို ပြောင်းလာတာ ၆လမပြည့်သေးဘူး။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ရပ်ကွက်ထဲက မူလတန်းကျောင်းသားအရွယ်ကလေးတွေကို သယ်ပို့ဖို့ မုန့်ဖိုးပေးခိုင်းနေတာကို သိရတယ်။ ကလေးတွေကလည်း ဒါကို အသားကျနေပုံပါပဲ”ဟု ပြောသည်။
မန္တလေးမြို့ ဧရာဝတီမြစ်ဆိပ်ကမ်းနားလမ်းရှိ ကျွဲစွန်းရပ်နှင့် သမန်းကုန်းမြို့သစ်ရပ်တို့မှာ မူးယစ်ဆေးဝါး ရောင်းဝယ်မှုများနှင့် ပတ်သက်၍ နာမည်ကျော်သည့် နေရာများဖြစ်ကြောင်း မြို့ခံများက ဆိုသည်။ မန္တလေးမြို့တွင် လွန်ခဲ့သည့်တစ်လကျော်အတွင်းက သိန်းပေါင်းများစွာတန်ကြေးရှိသည့် မူးယစ်ဆေးဝါးများကို အေးရိပ်ငြိမ်သုဿန် (ယခင် ကြာနီကန်သုဿန်)၌ စွန့်ပစ်ဖျက်ဆီးမှု ရှိခဲ့သည်။
“မူးယစ်ဆေးဝါး ရောင်းချမှုတွေမှာ ရဲဝန်ထမ်းတွေပါ ပါဝင်ပတ်သက်နေတယ်ဆိုတာ သတင်းရလို့ မန္တလေးတက္ကသိုလ်ဝန်းကျင်မှာ စုံစမ်းပြီးတော့ တစ်ခါဖမ်းမိဖူးတယ်။ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် မှုခင်းကျဆင်းရေးဆိုပြီး စီမံချက်နဲ့ ဇွန်လက စတင်လှည့်ကင်းစစ်ဆေးခဲ့တယ်။ စတင်စစ်ဆေးစဉ်ကတော့ တစ်နေ့ကို အမှုပေါင်း ၅၀ကျော်လောက်မိတယ်။ အဲဒီနေရာတွေက မြစ်တစ်ဖက်ကမ်းနဲ့ ပျံကျတွေ၊ အခြေအနေမဲ့တွေများလို့ မူးယစ်ဆေးတင်မကပဲ ခိုးဆိုးနှိုက်နဲ့ ဒုစရိုက်အများဆုံးရှိတဲ့နေရာတွေကို အချိန်ပေးဆောင်ရွက်ရမှာပါ”ဟု အငြိမ်းစားရဲမှုးကြီးတစ်ယောက်က ဆိုသည်။
အထက်ပါ မန္တလေးမြို့ မူးယစ်ဆေးဝါးသတင်းနဲ့ ပတ်သက်ပြီးပြည်ထဲရေးမှ အငြိမ်းစား အရာရှိတစ်ဦးကလည်း “၁၉၇၃ခုနှစ် ဝန်းကျင်လောက်က သန်းခေါင်စာရင်း စီမံကိန်းအရ မိုးကုတ်စစ်ဆင်ရေးအတွက် မန္တလေးမြို့ ဂျီတီအိုင်ကျောင်းမှာ စခန်းချပြီးနေရတယ်။ မိုးကုတ်က ဆင်းလာတဲ့ စာရင်းဇယားတွေက ညနေလောက်မှ မန္တလေးရောက်တယ်။ အဲဒီတော့ အလုပ်က ညပိုင်းမှရှိတယ်။ ညပိုင်းဆိုတာကလည်း တစ်ညလုံးတော့ မဟုတ်ပါဘူး။
ဆယ်နာရီပတ်ဝန်းကျင်လောက်ဆို အလုပ်ပြီးတာနဲ့ ရပ်ကွက်တွေထဲ လျှောက်လည်ကြတာ။ အဲဒီတုန်းက တန်ဆောင်မုန်းလဆိုတော့ ကထိန်ခင်းကြတာ တစ်လမ်းမဟုတ် တစ်လမ်းက အငြိမ့်ပွဲ ရှိတယ်။ နေ့လည် အလုပ်မရှိတော့ နေ့လည်အိပ်ကြပေါ့။ ဒီလိုပါ။ အဲဒီတုန်းက အဖွဲ့နဲ့ ပါလာတဲ့ သူငယ်ချင်းတစ်ယောက်က နံပါတ်ဖိုး သုံးတယ်။ နေ့ခင်းဆို သူက ဆေးနဲ့ နှပ်နေတာ။ အဲဒီအချိန်တုန်းကတည်းက သူပြောပြတာ ရန်ကုန်ထက်စာရင် မန္တလေးမှာက ဆေးဝယ်ရတာ လွယ်တယ်။ ဈေးလည်း ပေါတယ်တဲ့။
ဒီကောင်က မိဘကလည်း အတန်အသင့် ချမ်းသာတယ်။ ဘယ်လောက်ဆိုးတဲ့ကောင်လည်းဆိုရင် ရန်ကုန်မှာ သင်္ကြန်လည်တဲ့အခါ ရေပက်ခံကားပေါ်မှာ ကြာကြာရပ်နိ်ုင်အောင် ခြေသလုံးကို ဘိန်းဖြူထိုးပြီး လည်တာလို့ ပြောတယ်။ ဖောင်ကြီးတက်တော့တောင် အဲဒီတုန်းက BPIက ထုတ်တဲ့ ကိုမက်သာဇင် ချောင်းဆိုးပျောက်ဆေးနဲ့ တက်ခဲ့တဲ့အကောင်။ ကိုယ်တွေနဲ့ ကွဲသွားပြီးနောက်ပိုင်းမှာ ဆေးပြတ်သွားတယ် ထင်ပါတယ်။ အရာရှိတွေဘာတွေဖြစ်ပြီး ဌာနက လူကြီးတစ်ယောက်ရဲ့ P.Aတောင် လုပ်လိုက်သေးတယ်။
ကျွန်တော်ပြောချင်တာက ရန်ကုန်ဖြစ်ဖြစ် မန္တလေးဖြစ်ဖြစ် မူးယစ်ဆေးဝါးနဲ့ ပတ်သက်လာရင် ထိထိရောက်ရောက် နှိမ်နင်းဖို့ လိုပါတယ်။ ရောင်းတာတွေ ဝယ်တာတွေက ကိုယ်သိနေတယ်ဆိုရင် အမြန်ဆုံး လက်ဦးမှု ယူနိုင်ရပါမယ်။ မူးယစ်ဆေးဝါး သုံးစွဲတဲ့သူကို ဖမ်းလို့ ဒါတွေက အမြစ်ပြတ်သွားမှာ မဟုတ်ပါဘူး။ မူးယစ်ဆေးဝါးဟာ လူညွန့်တုန်းစေတယ်ဆိုတာလည်း အားလုံးသိနေကြတာပါ။ မူးယစ်ဆေးဝါး သုံးစွဲမှုရဲ့ နောက်ဆက်တွဲ ပြဿနာတွေက ဒုစရိုက်မှုတွေပါ။ ဒါကြောင့် မူးယစ်ကင်းစင် မြန်ပြည်တစ်ခွင်ဆိုတာမျိုး ဖြစ်လာအောင် ကြိုးပမ်းဆောင်ရွက်သင့်ပါတယ်”ဟု ပြောပြခဲ့ပါသည်။