News

လိုင်စင်မလိုပဲ လုပ်ကိုင်နိုင်မည့် လုပ်ငန်းအချို့ ဆက်သွယ်ရေး ဥပဒေ၌ ပါ၀င်နေ

ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့ပြီးဖြစ်သည့် ဆက်သွယ်ရေး ဥပဒေတွင် လိုင်စင်မလိုအပ်ပဲ လုပ်ကိုင်နိုင်မည့် လုပ်ငန်းအမျိုးအစားတစ်ခု ပါ၀င်ကြောင်း၊ အဆိုပါ လုပ်ငန်းအမျိုးအစားနှင့် ပတ်သက်၍ အကြံပြုချက်များ ပေါ်လာပါက နည်းဥပဒေ ရေးဆွဲရာတွင် ထည့်သွင်း စဉ်းစားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချူပ် အတွင်းရေးမှူး ဦးဇော်မင်းဦးက ပြောသည်ဟု သိရသည်။

“လိုင်စင် မလိုဘူးဆိုရင် နိုင်ငံခြားသားပါ လိုင်စင်လျှောက်စရာ မလိုသူဖြစ်သွားမယ်။ ဒါဆို ခံနိုင်ရည် ရှိပါ့မလား။ မရှိရင် နည်းဥပဒေမှာ ပြန်ထည့်ရမယ်။ ဒါကြောင့် Industryထဲက အသံတွေကို ကြားချင်တယ်။ ဒါမှလည်း ပြောလို့ရမှာ။ နိုင်ငံခြားသားကို ၁၀၀ရာခိုင်နှုန်း လုပ်ကိုင်ခွင့် ပေးမှာလား။ FDI Law အရ မပေးဘူးလားဆိုတာ ဒီ Industryက စဉ်းစားဖို့လိုတယ်”ဟု ဦးဇော်မင်းဦးက ဆိုသည်။ ပြည်ပမှ လုပ်ငန်းများနှင့် ယှဉ်ပြိုင်ရာတွင် အောင်မြင်နိုင်မည် မဟုတ်မှန်း သိသော်လည်း အလုပ်အကိုင် ဖန်တီးမှုကို ဦးစားပေး၍ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို တားဆီးခြင်း မပြုရန် အကြံပြုခဲ့ကြောင်း MIT ကုမ္ပဏီ CEO ဦးထွန်းသူရသက်က ပြောသည်။ “အမြင်မတူနိုင်ပါဘူး။ FDI နည်းဥပဒေကိုလည်း ကွန်ပျူတာ အသင်းချူပ်အနေနဲ့ အကြံပြုပေးနေတာ ရှိတယ်။ ထည့်ချင်တာရှိရင် ပြောနိုင်ပါတယ်”ဟု ၄င်းကဆိုသည်။

ရေးဆွဲထားသော ဆက်သွယ်ရေး ဥပဒေ၏ လိုင်စင်နည်းလမ်းအရ Infrastructure, Operature, Applicationနှင့် Content ဟူ၍ လေးပိုင်းရှိပြီး Content အပိုင်း၌ လိုင်စင်ရယူရန် မလိုအပ်ကြောင်း ဦးဇော်မင်းက ပြောသည်ဟု သိရသည်။

“ကျွန်တော်တို့ဆီမှာ ဈေးကွက်ကို ကာကွယ်ဖို့ လိုမယ်ထင်ပါတယ်။ ပြီးတော့ Content ဆိုတာကိုလည်း အဓိပ္ပာယ်ဖွင့်ဖို့ လိုမယ်ထင်တယ်”ဟု Zwenexsys International ကုမ္ပဏီမှ ကိုသာထက်က ပြောသည်။

အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်၌ သဘောထား ကွဲလွဲမှုများရှိသည့် ဆက်သွယ်ရေး ဥပဒေကို ပြည်ထောင်စုလွှတ်တော်က သြဂုတ် ၂၇ရက်က အတည်ပြုပေးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဥပဒေကို မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချူပ်နှင့် ICT Industryမှ အကြံပြုခဲ့ကြပြီး နည်းဥပဒေ ရေးဆွဲရာ၌ ပါ၀င်သင့်သည့် အချက်များကို ထပ်မံအကြံပြုရန် ဖိတ်ခေါ်ထားသည်။

ယင်းဥပဒေကို လက်ရှိအချိန်၌ သမ္မတထံ ပေးပို့၍ အတည်ပြုချက် ရယူရန် ဆောင်ရွက်နေကြောင်း သိရှိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *