News

ဖိလစ်ပိုင် ခြစားမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲ အင်တာနက်မှ လူစုပြီး ထောင်ပေါင်းများစွာ ဆင်နွှဲ

ဖိလစ်ပိုင် နိုင်ငံရေး စနစ်တွင် အမြစ်တွယ်နေသော ခြစားမှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲ တစ်ခုပြုလုပ်ရန် သြဂုတ်လ ၂၆ရက်နေ့က မြို့တော် မနီလာအလယ်ပိုင်းရှိ Luneta ပန်းခြံတွင် လူထောင်ပေါင်းများစွာ စုဝေးခဲ့ကြသည်။ အဆိုပါ ဆန္ဒပြပွဲ ပြုလုပ်ရန် လူစုဝေးခြင်းကို Facebookနှင့် Twitterတို့မှတစ်ဆင့် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

“လူသန်းပေါင်းများစွာ ချီတက်ပွဲ”ဟု အမည်ပေးထားသော ယင်းဆန္ဒပြပွဲသည် ခြစားမှု တိုက်ဖျက်မည်ဟု ရွေးကောက်ပွဲ ကတိဖြင့် သမ္မတဘင်နစ်နိုအကွီနိုစတင် အာဏာရရှိခဲ့သည့် ၂၀၁၀ပြည့်နှစ်နောက်ပိုင်းတွင် အကြီးမားဆုံး လူထုဆန္ဒပြမှုများအနက် တစ်ခုဖြစ်လာခဲ့သည်။ အဆိုပါ ဆန္ဒပြပွဲအတွင်း ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ ကျောင်းသားများမှသည် စီးပွားရေးသမားများ၊ လူလတ်တန်းစား မိသားစုများ၊ ရှေ့နေများ၊ ပညာရှင်များအထိ ပါဝင်ခဲ့ကြသည်ဟု ဆိုသည်။ “ဖိလစ်ပိုင် လူမျိုးတွေက အခုခေတ်မီနေပါပြီ။ အာဏာပိုင်တွေရဲ့ အရူးလုပ်တာကို ထပ်မခံရတော့ဘူးဆိုတာ အခုဆန္ဒပြပွဲက သက်သေပါပဲ”ဟု Gundam 08ဟု မိမိကိုယ်ကို အမည်ပေးထားသော ဆန္ဒပြသူတစ်ဦးက Twitter စာမျက်နှာတွင် ရေးသားထားသည်။

ပြည်သူ့ရန်ပုံငွေများကို အစိုးရအရာရှိများက အလွဲသုံးစားလုပ်မှုသည် ဖိလစ်ပိုင်တွင် ကာလရှည်ကြာစွာ အမြစ်တွယ်နေခဲ့ပြီး လက်တွေ့အားဖြင့် ဖိလစ်ပိုင် နိုင်ငံရေးစနစ်၌ လက်ခံထားခဲ့သည်ဟု သိရသည်။ သို့ရာတွင် အစိုးရရန်ပုံငွေများ မည်သို့ အလွဲသုံးစား ပြုခံနေရသည်ကို ဆက်တိုက် ရေးသားဖော်ပြသည့် သတင်းစာ ဆောင်းပါးများကြောင့် ပုံမှန်ဆန္ဒပြသူများအပြင် ထပ်တိုးဆန္ဒပြသူများကိုလည်း ပေါ်ပေါက်စေခဲ့ခြင်း ဖြစ်သည်။

ဥပဒေပြုအမတ်များ၏ ဦးစားပေး ဖွံ့ဖြိုးမှု ထောက်ပံ့ရေးရန်ပုံငွေ (PDAF)တွင် မမှန်မကန် ပြုလုပ်မှုများ ပါဝင်နေသည်ဟု နာမည်ကြီး Philippine Daily Inquirer သတင်းစာတွင် ဖော်ပြခဲ့ပြီးနောက် လွန်ခဲ့သည့် နှစ်ပတ်ကျော်ကတည်းက Facebookနှင့် Twitterတို့တွင် ဆန္ဒပြပွဲ ပြုလုပ်ရန် ဖိတ်ခေါ်မှုများ စတင်ပျံ့နှံ့ခဲ့သည်။ PDAF ရန်ပုံငွေများသည် အမတ်များအတွက် အရေးကြီး ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အသုံးပြုရန် ဖြစ်သော်လည်း ယင်းငွေများကို မဲဆွယ်မှုများ၌ အသုံးပြုနေကြကြောင်း ဝေဖန်သူများက ပြောကြားခဲ့သည်ဟု သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *