News

မြန်မာနိုင်ငံမှာ Chevrolet(ချက်ပလက်)ကားတွေ ပြန်စီးရတော့မည်

မြန်မာနိုင်ငံတွင် ချက်ပလက်ဟုခေါ်သည့် Chevrolet ကားများကို တရားဝင်ဖြန့်ချိရောင်းချရန်နှင့် ဝန်ဆောင်မှုများပေးရန် Pacific Alpine Pte Ltd နှင့် ကမ္ဘာကျော် အမေရိကန် ကားကုမ္ပဏီကြီးဖြစ်သည့် General Mot၀r တို့သဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီးနောက် Chevrolet ကနိုင်ငံအတွင်း၌ အားကစားကဏ္႑၊ လူမှုအကျိုးပြုကဏ္႑ နှင့်ပညာရေးကဏ္႑များတွင် အကူညီများပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်ဟု သိရသည်။ ယင်းသို့အကူညီပေးရာတွင် ကနဦးအနေဖြင့် One World Futbol Project (OWFT) အတွက် အရည်အသွေးကောင်းပြီး အကြမ်းခံဘောလုံးပေါင်း ၅၀၀၀ ခန့်ကို ဆင်းရဲနွမ်းပါးသော ဧရိယာများ၊ ဒုက္ခသည်စခန်းများနှင့် ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် ဖြန့်ဝေလှူဒါန်းခြင်းကို ယခုနှစ်ကုန်ပိုင်း အထိဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ထို့အပြင် မြန်မာနိုင်ငံအတွင်းရှိ လူမှုအကျိုးပြု NGO များမှ ရှစ်ခုအား Chevrolet ကားများကို ငါးလကြာ အခမဲ့ ဌားရမ်းပေးသွားမည်ဖြစ်ပြီး အဆိုပါကားများဖြင့် လှုမှုအကျိုးပြုလုပ်ငန်းများကို နိုင်ငံအန့ှံအပြား ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်မည်ဖြစ်ရာ ရွေးချယ်ခံရသည့် NGO ရှစ်ခုကို စက်တင်ဘာလ အတွင်းကြေညာသွားမည်ဖြစ်သည်။ တတိယအစီအစဉ်အဖြစ် စက်မှုနည်းပညာ လေ့ကျင့်ရေးကျောင်းများသို့ အင်ဂျင်နှင့်စက်ပစ္စည်းအစိတ်အပိုင်းများအား လှူဒါန်းသွားမည်ဟုဆိုသည်။

Chevrolet မော်တော်ယာဉ် အရောင်းပြခန်းကို ရန်ကုန်မြို့ အပြင် မန္တလေးမြို့တွင်ပါ ဖွင့်လှစ်ရန်စီစဉ်နေပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ခွင့်ပြုချက်စောင့်ဆိုင်းနေခြင်းဖြစ်ကာ ယခုနှစ်ကုန်ပိုင်းတွင် စတင်ရောင်းချနိုင်ရန် မျှော်မှန်းထားကြောင်း၊ အမေရိကန်ဒေါ်လာသန်းဂဏန်း ရင်းနှီးမြုပ်နှံမည် ဖြစ်ကြောင်းသိရသည်။

Chervolet အမှတ်တံဆိပ်ကားများသည် ကမ္ဘာပေါ်တွင် နာမည်ရ မော်တော်ကား အမှတ်တံဆိပ်ဖြစ်ပြီး နိုင်ငံပေါင်း ၁၄၀တွင် စီးပွားရေးလုပ်ဆောင်ကာ နှစ်စဉ််ဆီစားသက်သာသော ကားစီးရေ ၄ဒဿမ၅သန်း အထက်ကိုထုတ်လုပ်ဖြန့်ဖြူးလျှက်ရှိသည်။ GM ထုတ်အခြားကားများနှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းမှာ ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး မြန်မာနိုင်ငံသားများဝယ်ယူရန် တတ်နိုင်သည့် ပမာဏဖြစ်သောကြောင့် Chevrolet ကိုစတင်ရောင်းချခြင်းဖြစ်ကြောင်း၊ကျပ်သိန်း၂၀၀ ဝန်းကျင်မှကျပ်သိန်း၈၀၀ ဝန်းကျင် မော်တော်ယာဉ် များကိုစတင်ရောင်းချမည်ဖြစ်ပြီး နောက်ပိုင်းတွင် General motor ထုတ် အခြားယာဉ် အမျိုးအစားများကို ရောင်းချမည်ဖြစ်ကြောင်းသိရသည်။

မော်တော်ယာဉ်အရောင်းပြခန်းများအနေဖြင့် Chevrolet သာမက ဂျာမနီမှမာစီဒီးဘင့်ဇ် နှင့်BMW၊ အီတလီမှ Iveco နှင့် အမေရိကန်မှ Ford မော်တော်ယာဉ်ကုမ္ပဏီများကလည်း ယခုနှစ်ကုန်ပိုင်းတွင် အရောင်းပြခန်းများဖွင့်လှစ်မည်ဖြစ်ကြောင်း ကြေညာထားသည်ဟုသိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *