News

ဓာတုလက်နက်သုံးမှု ဆီးရီးယားတွင်တွေ့ဟု ကုလဆို

ဆီးရီးယားနိုင်ငံတွင် အစိုးရဘက်မှ ဆာရင်းဓာတ်ငွေ့သုံးမှုအပေါ် ကုလသမဂ္ဂ စုံစမ်းရေးမှူးများ၏ စာမျက်နှာ ၃၈ပါ အစီရင်ခံစာ တင်သွင်းခဲ့ကြောင်း သိရသည်။ ယင်း အစီရင်ခံစာပါ အချက်အလက်များအား ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၀င် နိုင်ငံများအား ရှင်းပြခဲ့ပြီး ဆီးရီးယားတွင် ဓာတုဓာတ်ငွေ့ဆာရင်း သုံးစွဲခဲ့သည်ဆိုသည့် အချက်သည် သံသယဖြစ်စရာ မလိုကြောင်းနှင့် လက်ခံနိုင်ဖွယ် မရှိကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

ကုလစစ်ဆေးရေးမှူးများ အဖွဲ့သည် ဒမတ်စကတ်၀န်းကျင်တွင် သြဂုတ် ၂၁ရက်က ဓာတုဓာတ်ငွေ့ ဆာရင်းအား မြေပြင်မှ မြေပြင်ပစ် ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သည်ကို သိသာထင်ရှားသော အထောက်အထားများ တွေ့ခဲ့ကြောင်း ဖော်ပြထားသည်။

၁၉၅၂ခုနှစ်ကတည်းက ဓာတုလက်နက် သုံးစွဲခြင်း သဘောတူစာချူပ်များအား ဖောက်ဖျက်ရာရောက်ပြီး စစ်ရာဇ၀တ်မှုဖြစ်ကြောင်း ဘန်ကီမွန်းက ထုတ်ဖော်ပြောခဲ့သည်။ စုံစမ်းရေး အဖွဲ့သည် အဆိပ်ငွေ့ သယ်ဆောင်သည့် ဒုံးပျံအမျိုးအစား နှစ်မျိုးကို ခွဲခြားသိနိုင်ခဲ့ပြီး ထိုကဲ့သို့ လက်နက်မျိုး သူပုန်များ လက်ထဲတွင် ပိုင်ဆိုင်နိုင်ဖွယ် မရှိကြောင်း နိုင်ငံတကာ သုံးသပ်သူများမှ ပြောကြားသည်။

ကနဦးသုံးသပ်ချက်များအရ ထိုလက်နက်များမှာ အာဆတ်အပေါ် သစ္စာရှိသော တပ်များသို့ ညွှန်ပြနေကြောင်း အမေရိကန်သံအမတ်ကြီး Samantha Power ကပြောသည်။ ဓာတုဓာတ်ငွေ့ဖြင့် တိုက်ခိုက်မှုနောက်ကွယ်တွင် အာဆတ်အစိုးရရှိကြောင်း ဗြိတိန်၊ ပြင်သစ်နှင့် နေတိုးမှ ပြောသည်။ ဓာတ်ငွေ့တိုက်ခိုက် ခံရမှုကြောင့် လူ ၁၄၀၀ကျော် သေဆုံးခဲ့ရကြောင်း အမေရိကန်မှ ပြောဆိုခဲ့ရာတွင် ထိုသြဂုတ် ၂၁ရက်က အများအပြား ဆုံးရှုံးမှု သတင်းကို သူပုန်များဘက်မှ ဘာကြောင့် ထုတ်ဖော် မပြောရကြောင်း၊ ရုရှားသံအမတ်ကြီးမှ မေးခွန်းထုတ်ခဲ့သည်ဟု သိရသည်။

၁၉၉၃ခုနှစ် ဓာတုလက်နက်များ ကွန်ဗင်းရှင်းအရ ဆီရီးယားမှ သဘောတူခဲ့ပြီး စစ်ဆေးရေးမှူးများ လာရောက်စစ်ဆေးရန် သဘောတူခဲ့သည်။ အစီရင်ခံစာအရ ဓာတ်ငွေ့ သုံးမျိုးသုံးစားအနက် ဆာရင်းဓာတ်ငွေ့သည် အသက်ရှု ခက်ခဲကြောင်း၊ အမြင်အာရုံ မရှင်းလင်းကြောင်း၊ အော့အန်မူးဝေကြောင်း ကျန်ရစ်သူများက ပြောဆိုကြသည်။

ရုရှားသည် ကုလသမဂ္ဂလုံခြုံရေး ကောင်စီတွင် ဗီတိုအာဏာကိုင်စွဲထားသည်။ အမေရိကန်ကလည်း သံတမန်ရေးရာ ပြောဆိုမှု မအောင်မြင်ပါက စစ်ရေးနည်းလမ်း အသုံးပြုရန် ရှိသေးကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဂျွန်ကယ်ရီက တနင်္လာနေ့က ထုတ်ဖော်ပြောဆိုခဲ့သည်ဟု သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *