News

ကညနတွင် ယာဉ်လိုင်စင် သက်တမ်းတိုးရာ၌ အာမခံဌာနပါ ထားရှိစေချင်

မော်တော်ယာဉ် လိုင်စင်သက်တမ်းတိုးခြင်း လုပ်ငန်းများ စတင်ဆောင်ရွက်ရာတွင် အာမခံကြေး ပေးဆောင်ရသည့်နေရာနှင့် လိုင်စင်ပြုလုပ်သည့် နေရာတို့ မတူညီခြင်းကြောင့် ကြန့်ကြာမှုများ ရှိနေကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန (မြင်သာ)သို့ လိုင်စင်သက်တမ်းတိုးရန် လာရောက်သော မော်တော်ယာဉ်ပိုင်ရှင်များက ပြောသည်ဟု သိရသည်။

မော်တော်ယာဉ် သက်တမ်းတိုးရာတွင် ယာဉ်ထိန်းစည်ပင်နှင့် အာမခံဌာနတို့၌ အခွန်အခများ ပေးဆောင်ရန် လိုအပ်ပြီး ယာဉ်ထိန်းနှင့် စည်ပင်တို့ကို ပေးဆောင်ရန်ရှိသည်များကို ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် လုပ်ဆောင်နိုင်သော်လည်း အာမခံကြေး ပေးသွင်းရာ၌ အာမခံရုံးသို့ ပြန်လည်သွားရောက်ရခြင်းကြောင့် နှောင့်နှေးမှုများ ရှိနေခြင်းဖြစ်ကြောင်း လိုင်စင်သက်တမ်းတိုးရန် လာရောက်သူများက ပြောခြင်းဖြစ်သည်။

မော်တော်ယာဉ် လိုင်စင်သက်တမ်းတိုးရန် လာရောက်သူ ဦးသောင်းထွန်းက “ကားလိုင်စင် သက်တမ်းတိုးဖို့အတွက်ကို အမှုရှိတယ်ဆိုရင် ယာဉ်ထိန်းကို ဒဏ်ကြေးဆောင်ရတယ်။ စည်ပင်ကို ဘီးခွန်ပေးရတယ်။ အာမခံရုံးကို ပရီမီယမ်ကြေး ပေးရတယ်။ ယာဉ်ထိန်းနဲ့ စည်ပင်က ကညနမှာပဲရှိတဲ့အတွက် တစ်ခါတည်းပြီးတယ်။ အာမခံကြေးသွင်းဖို့က မြို့ထဲကို တစ်ခေါက်ပြန်သွားပြီး ပေးရတယ်”ဟု ပြောသည်။

ထို့အပြင် အာမခံကြေး ပေးသွင်းရန်အတွက် အာမခံရုံးသို့ တစ်ဆင့်ပြန်လည်သွားရောက်ရန် ကားငှားရခြင်း၊ ကားလမ်းများ ပိတ်ဆို့ခြင်းတို့ကြောင့် ယင်းကိစ္စတစ်ခုတည်းအတွက် အချိန်ကြန့်ကြာ နေရခြင်းဖြစ်ကြောင်း ၄င်းတို့က ပြောသည်။ မော်တော်ယာဉ် လိုင်စင်သက်တမ်းတိုးရန် လာရောက်သူ ဦးခင်စိုးကလည်း “အာမခံကြေးကိစ္စကိုပါ ကညနမှာ တစ်ခါတည်း ပေးဆောင်လို့ရရင် တကယ်အဆင်ပြေမယ်။ စည်ပင်ကို ပေးဆောင်ဖို့ရော၊ ယာဉ်ထိန်းရဲကို ဒဏ်ကြေးပေးဆောင်ဖို့ရော ကညနမှာ ရှိနေပြီ။ အာမခံပါ ရှိသွားရင် လိုင်စင်သက်တမ်းတိုးတဲ့ ကိစ္စက အချိန်ကြန့်ကြာနေမှာ မဟုတ်တော့ဘူး”ဟု ဆိုသည်။

မော်တော်ယာဉ် လိုင်စင်သက်တမ်း တိုးရာ၌ ယင်းသို့အချိန်ကြန့်ကြာမှုများ ရှိနေသည့်အတွက် အာမခံကြေး ပေးသွင်းခြင်းကိုပါ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် တစ်ပါတည်း လုပ်ဆောင်နိုင်ပါက ယင်းသို့ ကြန့်ကြာမှုများ မရှိနိုင်တော့ကြောင်း၊ သက်တမ်းတိုးရန် လာရောက်သူများထံမှ သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

2 thoughts on “ကညနတွင် ယာဉ်လိုင်စင် သက်တမ်းတိုးရာ၌ အာမခံဌာနပါ ထားရှိစေချင်

  1. Pawlar Gyi says:

    အချိန်ကုန်သက်သာတာပေါ့။

  2. Uaye Maung says:

    ဟုတ်ပါတယ် ၂နေရာမပေးရ၍သက်သါပါ
    သည် ပြက္ခဒိန်ဘိုး စသည်

Leave a Reply

Your email address will not be published. Required fields are marked *