News

ဂျာနယ်လစ်များ အသတ်ခံရမှုကိစ္စ ဖြေရှင်း မပေးနိုင်သေး

stop-kill

အေအက်ဖ်ပီ သတင်းတစ်ခုတွင် ၂၀၀၀ပြည့်နှစ်နောက်ပိုင်း မက္ကဆီကို၌ ဂျာနယ်လစ် ၈၄ဦး အသတ်ခံခဲ့ရပြီး လွန်ခဲ့သော ရှစ်နှစ်အတွင်း ဂျာနယ်လစ် ၂၀ကျော် ပျောက်ဆုံးခဲ့ရာ ယင်းရာဇဝတ်မှု အားလုံး၏ ၉၁ရာခိုင်နှုန်းကို အာဏာပိုင်များက ဖြေရှင်းပေးရန် ပျက်ကွက်ခဲ့ကြောင်း မက္ကဆီကို အစိုးရအပေါ် ပြည်သူများ၏ အပြစ်တင်မှုကို စုံစမ်းစစ်ဆေးသည့် အရာရှိက မေလ ၃ရက်နေ့တွင် ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။ ပြီးခဲ့သော ဆယ်စုနှစ်အတွင်း မီဒီယာကုမ္ပဏီ ၃၉ခုသည် တိုက်ခိုက်မှု ခံခဲ့ရကြောင်း ဂျာနယ်လစ်များ တိုက်ခိုက်ခံရမှုများအနက် ၁၂ခုကိုသာ ရာဇဝတ်ကြောင်းအရ အပြစ်ပေးနိုင်ခဲ့ကြောင်း “ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့”တွင် အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ထုတ်ပြန်ခဲ့သည်။ ဂျာနယ်လစ်များ တာဝန် ထမ်းဆောင်နိုင်ရန်အတွက် လုံခြုံရေးပေးသင့်ကြောင်း၊ ဂျာနယ်လစ်များအပေါ် ရာဇဝတ်မှုများ ကျူးလွန်ပါက ထိရောက်စွာ စုံစမ်းစစ်ဆေး အပြစ်ပေးသင့်ကြောင်း ယင်းအရာရှိက တိုက်တွန်းခဲ့ပြီး ပြစ်မှုကျူးလွန်သော်လည်း ပြစ်ဒဏ်မှ ကင်းလွတ်ခွင့် ရနေခြင်းသည် ရာဇဝတ်မှုများ ကျူးလွန်စေရန် အားပေးသလို ဖြစ်နေကြောင်းလည်း ယင်းကော်မရှင်က ထောက်ပြခဲ့သည်။

မက္ကဆီကိုနိုင်ငံသည် ကမ္ဘာပေါ်တွင် ဂျာနယ်လစ်များအတွက် အန္တရာယ်အများဆုံး နိုင်ငံများ အထဲတွင် တစ်နိုင်ငံ ဖြစ်သည်။ မက္ကဆီကိုတွင် ၂၀၀၆ခုနှစ် နောက်ပိုင်း မူးယစ်ဂိုဏ်းများ ဖြိုခွင်းမှုနှင့် မူးယစ်ဆေး ဆက်နွှယ်သော ရာဇဝတ်မှုများကြောင့် လူ ၇၀,၀၀၀ကျော် သေဆုံးခဲ့ရကြောင်း သိရသည်။ ထို့အပြင် အေအင်န်အင်န် သတင်း တစ်ရပ်တွင်လည်း ဖိလစ်ပိုင်သည် ဂျာနယ်လစ်များ အသတ်ခံရမှုနှုန်း တတိယမြောက် အမြင့်ဆုံးနိုင်ငံ ဖြစ်နေဆဲ ဖြစ်ကြောင်း အမေရိကန် အခြေစိုက် ဂျာနယ်လစ် အဖွဲ့အစည်းတစ်ခု ဖြစ်သော ဂျာနယ်လစ်များအား ကာကွယ် စောင့်ရှောက်ရေး ကော်မတီ (CPJ)မှ မေလ ၂ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ CPJမှ ထုတ်ပြန်သော အဆိုပါ စာရင်းတွင် ဖိလစ်ပိုင်သည် ၁၉၉၂ခုနှစ်ကတည်းက ယခုတိုင် မဖြေရှင်းရသေးသည့် ဂျာနယ်လစ်များ အသတ်ခံရမှု ၅၅မှုကြောင့် ဂျာနယ်လစ်များ အတွက် တရားမျှတမှု မရှိဘဲ ဂျာနယ်လစ် သေဆုံးမှု အများဆုံး တတိယမြောက်နိုင်ငံအဖြစ် လေးနှစ်ဆက်တိုက် ရပ်တည်နေကြောင်း သိရသည်။

၎င်းစာရင်းသည် ကမ္ဘာ့နိုင်ငံများတွင် ဂျာနယ်လစ်များ အသတ်ခံရမှုနှုန်းနှင့် အစိုးရများ၏ အရေးယူ ဖြေရှင်းမှုများကို အညွှန်းကိန်းချ၍ အဆင့်သတ်မှတ်ခြင်း ဖြစ်ရာ ဖိလစ်ပိုင်၏ အညွှန်းကိန်းသည် ၀ဒဿမ ၅၈၀ဖြစ်ပြီး၊ အီရတ်က ၂ဒဿမ ၈၁၈ဖြင့် နံပါတ်တစ်နေရာနှင့် ဆိုမာလီယာက ၂ဒဿမ ၃၉၆ဖြင့် နံပါတ်နှစ်နေရာ အသီးသီး ရရှိခဲ့ကြသည်။ ယင်းသို့ ဂျာနယ်လစ်များ အသတ်ခံရမှုအား အရေးယူ မဆောင်ရွက်နိုင်ခြင်းကို ပြောင်းပြန်လှန်ပစ်မည်ဟု ဖိလစ်ပိုင် သမ္မတ ဘင်နစ်နို အကွီနိုက ကြေွးကြော်ထားခဲ့သော်လည်း ယနေ့တိုင် ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိသေးကြောင်း CPJမှ အရှေ့တောင်အာရှဆိုင်ရာ အကြီးတန်း ကိုယ်စားလှယ် ရှောန်ခရစ်ပင်က ပြောကြားခဲ့သည်။ ဖိလစ်ပိုင်တွင် ၂၀၀၁ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း ဂျာနယ်လစ် ၃၉ဦး အသတ်ခံခဲ့ရကြောင်း သိရသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *