News

အွန်လိုင်း အကြမ်းဖက်မှုများ မနှိမ်နင်းနိုင်သော လူမှုကွန်ရက်များကို သပိတ်မှောက်ရန် ဗြိတိန်ဝန်ကြီးချုပ် ပြော

အွန်လိုင်းမှတစ်ဆင့် အကြမ်းဖက်ရန် ခြိမ်းခြောက်မှုများအား ကိုင်တွယ် ဖြေရှင်းခြင်း မပြုသည့် လူမှုကွန်ရက်ဆိုက်များအား အသုံးမပြုပဲ သပိတ်မှောက်ရမည်ဖြစ်ကြောင်း၊ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ပြောကြားသည်ဟု သိရသည်။

အသက် ၁၄နှစ်အရွယ်ရှိ ဟန်နာစမစ်ဆိုသူ မိန်းကလေးငယ်တစ်ဦးသည် အွန်လိုင်းမှတစ်ဆင့် အနိုင်ကျင့် ခံရပြီးနောက် ကိုယ့်ကိုယ်ကို သတ်သေခဲ့ရာ ၎င်းဖြစ်ရပ်သည် အင်မတန် ဝမ်းနည်းစရာ ကိစ္စတစ်ခုဖြစ်ကြောင်း၊ ဝန်ကြီးချုပ်က ဘီဘီစီ သတင်းဌာနသို့ ပြောကြားခြင်း ဖြစ်သည်။

ဟန်နာသည် ask.fm ဝက်ဘ်ဆိုက်ကို ဝင်ရောက်ကြည့်ရှုပြီးနောက်တွင် အနိုင်ကျင့်ခံခဲ့ရသောကြောင့် ကိုယ့်ကိုယ်ကို သတ်သေခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်း၏ ဖခင်က ပြောသည်။ မစ္စတာကင်မရွန်းက ၎င်းသည် ကလေးသုံးယောက်၏ ဖခင်ဖြစ်သောကြောင့် စိုးရိမ်ပူပန်နေရပြီး အွန်လိုင်းရှိ လိင်ပိုင်းဆိုင်ရာ အားပေးသော အကြောင်းအရာများ အပါအဝင် အင်တာနက်ရှိ အကြောင်းအရာများကို မိဘများက ကြပ်မတ်နိုင်မည့် နည်းလမ်းများအား အကောင်အထည်ဖော်နိုင်ရန် အစိုးရက လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

လူမှုကွန်ရက်ဆိုက်များ၌ အကြမ်းဖက်ရန် ခြိမ်းခြောက်မှုများ၊ အနိုင်ကျင့်မှုများ ဖြစ်နေသည်မှာ လက်ခံပေးနိုင်စရာ မရှိပဲ ကွန်ရက်များကို အုပ်ချုပ်သည့် ကုမ္ပဏီများက တာဝန်ယူရန် လိုအပ်ကြောင်း၊ အွန်လိုင်းတွင် ဖြစ်ပျက်နေသည့်အတွက် တရားမဝင်ဟု ယူဆ၍ မရကြောင်း၊ တစ်စုံတစ်ဦးသည် အွန်လိုင်းမှတစ်ဆင့် အမုန်းတရားပွားအောင် လှုံ့ဆော်ခြင်း၊ ရာဇဝတ်မှု ကျူးလွန်ခြင်းတို့ကို ပြုလုပ်ခဲ့ပါက ၎င်းပုဂ္ဂိုလ်အား အရေးယူရမည်ပင်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောဆိုခဲ့သည်။

ထို့ကြောင့် လူမှုကွန်ရက်များသည် အဆိုပါ ကိစ္စများကို အရေးယူ လုပ်ဆောင်ခြင်း မပြုပါက ၎င်းအရေးမယူသည့် လူမှုကွန်ရက်များကို အများပြည်သူတို့က ဆက်လက် အသုံးမပြုပဲ သပိတ်မှောက်ရမည်ဖြစ်ကြောင်း မစ္စတာ ကင်မရွန်းက သတိပေးခဲ့သည်ဟု သိရသည်။

လူမှုကွန်ရက်များသည် တစ်ဦးနှင့်တစ်ဦး အကြောင်းအရာ အချက်အလက်ချင်း ဖလှယ်နိုင်ခြင်း၊ မိတ်ဆွေပြုနိုင်ခြင်း၊ အပြန်အလှန် ဆွေးနွေးနိုင်ခြင်း စသည့် ကောင်းကျိုးများ ရှိသော်လည်း ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်ခြင်း၊ လှုံ့ဆော်ခြင်း စသည့် မမြင်နိုင်သော လေလှိုင်းပေါ်မှ ရာဇဝတ်မှုများကိုလည်း ကျူးလွန်နိုင်သည့် ဆိုးကျိုးများလည်း ရှိနေပါသည်။ ဘယ်အရာမဆို သုံးတတ်လျှင်ဆေး၊ မသုံးတတ်လျှင် ဘေးဟူ၍ ရှိပါသည်။

ထို့ကြောင့် ချင့်ချိန် သုံးစွဲကြရန်နှင့် အစွဲအလမ်း မဖြစ်စေရန် သတိမူကြရမည်။ အထက်ပါ ၁၄နှစ်အရွယ် မိန်းကလေး ဟန်နာအဖို့ ငယ်ရွယ်ပြီး ချင့်ချိန်စဉ်းစားနိုင်စွမ်း မရှိသည့်အတွက် သူတစ်ပါး အနိုင််ကျင့် ခြိမ်းခြောက်မှုကို ခံရပြီး ဒုက္ခရောက်ရခြင်း ဖြစ်ပေသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *