News

လယ်သမားများ၏ အကြွေးများ လျှော်ပေးသင့်ကြောင်း သမ္မတ၏ စီးပွားရေး အကြံပေးက ပြော

မြန်မာနိုင်ငံ၏ အကြွေးအချို့ကို နိုင်ငံတကာမှ လျှော်ပစ်သကဲ့သို့ လယ်သမားများ၏ အကြွေးများကိုလည်း နိုင်ငံတော်မှ လျှော်ပေးသင့်ကြောင်း နိုင်ငံတော် သမ္မတ၏ စီးပွားရေး အကြံပေးအဖွဲ့ ခေါင်းဆောင် ဒေါက်တာ ဦးမြင့်က သြဂုတ်လ ၆ရက်နေ့တွင် ရန်ကုန်မြို့၌ ပြုလုပ်သော ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတုအထိမ်းအမှတ် တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားချက်များအရ သိရသည်။

“ပြီးခဲ့တဲ့အပတ်က ပြင်သစ်က ကျွန်တော်တို့ တင်နေတဲ့ အကြွေးသန်း ၅၅၀ လျှော့မယ်လို့ ကြွေးလျှော်ပေးပါတယ်။ ကျပ်သန်း ၅၅၀ကို ၁၅နှစ် ပြန်ဆပ်ရမယ်။ တစ်နှစ်ကို နှစ်ရာခိုင်နှုန်းနဲ့ အရစ်ကျ ပြန်ဆပ်ရမယ်။ ပထမအကြွေးတွေ လျှော်ပစ်တယ်။ နောက်အကြွေးတွေကို လျှော့လျှော့ပေါ့ပေါ့နဲ့ ပြန်ဆပ်ရမယ်။ ဒီလိုမျိုး နည်းလမ်းနဲ့ လယ်သမားတွေ၊ ဆင်းရဲသားတွေအပေါ် ပိနေတဲ့ အကြွေးတွေ၊ ဝန်ထုပ်ဝန်ပိုးတွေကို လျော့ပါးအောင် လုပ်မပေးနိုင်ဘူးလား။ ဒါမျိုး စဉ်းစားသင့်တယ်လို့ ထင်တယ်”ဟု ဒေါက်တာဦးမြင့်က တိုင်းပြည် ပြန်လည် တည်ဆောက်ရေးနှင့် ဒီမိုကရေစီ အင်အားစုများ၏ အခန်းကဏ္ဍ ဆွေးနွေးပွဲတွင် ပြောကြားသည်။

၎င်းအကြံဉာဏ်များကို နိုင်ငံတော် သမ္မတထံသို့ တိုက်ရိုက် ပြောကြားခြင်း ရှိမရှိ တက်ရောက်လာသူတစ်ဦးက မေးမြန်းရာတွင် ဒေါက်တာဦးမြင့်က ၎င်းအနေဖြင့် ဆောင်းပါးများဖြင့် သော်လည်းကောင်း၊ လူကိုယ်တိုင်သော်လည်းကောင်း အကြံပေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ၎င်းသည် အကြံပေးတစ်ဦးသာ ဖြစ်သည့်အတွက် ၎င်း၏ အကြံပေးချက်များကို လုပ်ဆောင်မှု အပိုင်းသည် အစိုးရအဖွဲ့နှင့်သာ သက်ဆိုင်ကြောင်း၊ ပြန်လည်ဖြေကြားခဲ့သည်။ လက်ရှိတွင် စိုက်ပျိုးရေးကဏ္ဍကို ဦးစားပေး ဆောင်ရွက်ရမည် ဖြစ်သော်လည်း နိုင်ငံဖွံ့ဖြိုး တိုးတက်ရန်အတွက် စက်မှုလုပ်ငန်းနှင့် ဝန်ဆောင်မှု လုပ်ငန်းများမှ ဝင်ငွေရရှိရေးကိုလည်း စဉ်းစား ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဒေါက်တာဦးမြင့်က ဆက်လက် ပြောကြားသည်။

ထို့အပြင် အမှန်တကယ် နိုင်ငံဖွံ့ဖြိုး တိုးတက်လိုပါက ဆင်းရဲသား အခြေခံ လူတန်းစားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရမည် ဖြစ်ကြောင်းလည်း နိုင်ငံတော် သမ္မတ၏ စီးပွားရေး အကြံပေးအဖွဲ့ ခေါင်းဆောင် ဒေါက်တာ ဦးမြင့်က ပြောကြားသည်ဟု သိရသည်။ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်မှ နိုင်ငံဖွံ့ဖြိုးတိုးတက်သည်ဟု ဆိုရပါမည်။

ဖွံ့ဖြိုးပြီး နိုင်ငံများ၏ လူနေမှုအဆင့်အတန်း မြင့်မားသည်ကိုလည်း သိနေကြပါသည်။ ဆင်းရဲမွဲတေမှု ပပျောက်ရေး လုပ်ဆောင်သည်ဟု ဆိုသော်လည်း ဆင်းရဲမွဲတေမှုတွေ ရှိနေဆဲပင် ဖြစ်သည်။ လူတိုင်း အလုပ်လုပ်ကြရန်လိုသည်ဟု ပြောနေသော်လည်း လူတိုင်းကို အလုပ်မပေးနိုင်သေးပါ။ ဘွဲ့ရ အလုပ်လက်မဲ့ နှုန်းမြင့်တက်နေပါသည်။ အဆင်ပြေမည့် နည်းလမ်းတွေ ရှာကြံရပါဦးမည်။ “မနက်ဖြန် သို့မဟုတ် ဘယ်သောအခါ”ဆိုတာမျိုးတော့ အဖြစ်ခံမည် မဟုတ်ဟု ထင်ပါသည်။

Source: The Daily Eleven

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *