မြတ်စွာဘုရား၏ ဇာတ်တော်ကြီးဆယ်ဘွဲ့ ဗုဒ္ဓဝင် သရုပ်ဖော် ဇာတ်လမ်းများကို အင်္ဂလိပ်ဘာသာဖြင့် အွန်လိုင်း စာမျက်နှာတွင် ဖတ်ရှုနိုင်ကြောင်း သိရသည်။ အဆိုပါ ဝက်ဘ်ဆိုက်မှာ www.BuddhistMythology ဖြစ်ပြီး၊ ပန်းချီကျော်မြင့်နှင့် ပန်းချီကျော်ဖြူစံတို့၏ သရုပ်ဖော် လက်ရာများဖြင့် အင်္ဂလိပ်ဘာသာပြန်ဆိုကာ ဖော်ပြထားခြင်း ဖြစ်သည်။
“အခုလို အင်္ဂလိပ်ဘာသာပြန်ဆိုပြီး အွန်လိုင်းမှ တင်ထားတာ ကောင်းပါတယ်။ နိုင်ငံတကာက ဗုဒ္ဓဘာသာ အကြောင်း လေ့လာနိုင်တာပေါ့။ ဘာသာပြန်တဲ့ သူတွေကတော့ အမေရိကားမှာ နေတာ။ ကျွန်တော့်ဆီကို အဲဒီလို ဘာသာပြန်ပြီး အွန်လိုင်းမှာ ဖော်ပြမယ်ဆိုပြီး ခွင့်ပြုချက် တောင်းတဲ့အခါ အရမ်းဝမ်းသာမိပါတယ်။ အခုလက်ရှိတော့ ဇာတ်ကြီးဆယ်ဘွဲ့ လုံးဝမတင်ဖြစ်သေးဘူး ထင်ပါတယ်”ဟု ပန်းချီကျော်ဖြူစံက ပြောပြခဲ့ကြောင်း သိရသည်။
ဂေါတမ မြတ်စွာဘုရား၏ ဖြစ်တော်စဉ် ဗုဒ္ဓဝင်နှင့် ပတ်သက်၍ ပန်းချီဆရာကြီး ဦးဘကြည် ရေးဆွဲသည့် ဗုဒ္ဓဝင်ပန်းချီ သရုပ်ဖော်ပုံ စာအုပ်တစ်အုပ် ယခင်နှစ်ပေါင်း ငါးဆယ်ခန့်က ထွက်ခဲ့ဖူးသည်။ ရောင်စုံကောက်ကြောင်း၊ ပန်းချီလေးများနှင့် ဖတ်ချင်စဖွယ်ဖြစ်သည်။ မြန်မာ့ရိုးရာ ပန်းချီလည်း နည်းနည်းဆန်သည်။ ယခု ခေတ်လူငယ်များ တွေ့ဖူးတော့မည် မဟုတ်။ ယခုလို ဗုဒ္ဓဝင် သရုပ်ဖော် ဇာတ်လမ်းများ အွန်လိုင်းတွင် တင်သည်ကို ကြိုဆိုရပါမည်။