Opinion

အလုပ်ခွင်အတွင်း စိတ်သဘောထားအမှန် ထားနိုင်ကြပါစေ

ယခုတစ်လော အလုပ်ခွင်အတော်များများတွင် ဖြစ်လေ့ဖြစ်ထရှိကြသည်မှာ လူတိုင် စိတ်ထားအမှန် မထားနိုင် ကြသူများကို နေရာဒေသ အတော် များများတွင် တွေ့ရှိနေရပါသည်။ ကုမ္ပဏီ၀န်ထမ်း ဒါမှမဟုတ် အဖွဲ့အစည်း တစ်ခုခု၏ ၀န်ထမ်းများ သို့တည်းမဟုတ် ဌာနဆိုင်ရာ နေရာများ၏ စိတ်သဘောထား အမှန်ဆိုသည်မှာ ကိုယ်လုပ်နေသော အလုပ် မည်မျှပင် ပင်ပန်းနေပါစေ၊ စိတ်ကုန်နေပါစေ မည်သူတွေ မည်သို့ စိတ်ထား ရှိနေပါစေ အလုပ်ခွင်များတွင် ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းအတိုင်း တစ်သွေမတိမ်း လုပ်ဆောင် နိုင်ဖို့သာ အဓိက စိတ်သဘောထားအမှန်ပင် ဖြစ်ပါသည်။ လုပ်ငန်းခွင်တွင် တာ၀န်ထမ်းဆောင်နေကြသည့် ၀န်ထမ်း အတော်များများသည် ငါတို့အတွက် ပြီးမှာ သူတို့အတွက်ဆိုတဲ့ သဘောထားခံယူချက်ကို လက်ကိုင် ထားနေကြပါသည်။

အများအားဖြင့် သာသည့်နေရာ၊ သာသည့်လူ၊ ၀န်းကျင်ဘက်ကိုသာ သူ့အုပ်စု ကိုယ့်အုပ်စုအနေဖြင့် သူများအတွက်ဆိုတာထက် ငါ့အတွက်ဆိုတာကိုပဲ ကြည့်တတ်ကြသူ အများရှိကြပါသည်။ လူတိုင်းသည် အလုပ် လုပ်ကြရာ၀ယ် အဓိက အရင်းခံက စိတ်ချမ်းသာမှုကိုသာ ရှေးရှုသင့်ပေသည်။ ငါတကော ကောပြီး ငါသာဖို့အတွက် သူများကို ဖိနှိပ်ရမည်လို့ စိတ်ဓာတ်မပြည့်၀သော စိတ်ထားများသည် နောင်အနာဂတ်တွင် ဘ၀အတွက် ရေရှည်ရပ်တည်နိုင်ဖို့ လွယ်မည် မထင်ပေ။ လုပ်ငန်းခွင်များတွင် အဖွဲ့လိုက် အုပ်စုငယ် လေးများဖြင့် ဦးရာလူ နှိပ်ကွပ်စတမ်းဆိုတဲ့ နှလုံး ထုံးမူနေကြသူများရှိနေသရွေ့ လုပ်ငန်း အဖွဲ့အစည်းကြီး သည်လည်း အောင်မြင်ဖို့ လွယ်ကူမည် မဟုတ်သလို လူတွေရဲ့ လေးစားမှုသည်လည်း ယုတ်လျော့သွားပါလိမ့်မည်။

လုပ်ငန်းခွင်များတွင် စိတ်ပျော်ရွှင်စွာ အလုပ်လုပ်မှ လုပ်ငန်းအတွင်း လူများ၏ စည်းလုံး ညီညွှတ်မှု၊ လုပ်ငန်း အောင်မြင်မှုသည်လည်း တစ်ဟုန်ထိုး ဖြစ်ပေါ်လာပေလိမ့်မည်။ လူအတော်များများတွင် နေရာ၊ ရာထူး၊ ဂုဏ်များ မက်မောနေကြသည်မှာ လွန်အံ့မထင်ပေ။ လူသားဆိုသည်မှာလည်း ပုထုဇဉ်ဖြစ်သည့်အလျောက် နေရာလေးလည်း လိုချင်သလို ရလာသောနေရာလေး မပျောက်ပျက်အောင် ကြိုးစားပြီး ထိန်းသိမ်းချင်ကြ သည်မှာလည်း လူ့သဘာ၀ပင် ဖြစ်ပါသည်။ မိမိအနေဖြင့် မည်သည့်ရာထူး၊ မည်သည့်အဆင့်ကိုပဲ ရောက်နေ ရောက်နေ မိမိသည် ရိုးသားစွာဖြင့် တစ်နေ့နေ့ တစ်ချိန်ချိန် အဆင့်မြင့်ရာထူးတစ်ခုသို့ ရောက်ရှိရန် မျှော်မှန်း နိုင်ကြသဖြင့် အခြေအနေတစ်ခု၏ ဘက်နှစ်ဖက်စလုံးကို ကြည့်တတ်မြင်တတ်အောင် ကြိုးပမ်းထားဖို့တော့ အထူးလိုအပ်လှပါသည်။ သူတစ်လူ ငါတစ်မင်းနဲ့ ကြီးနိုင်ငယ်ညှင်း၊ မနာလို ၀န်တိုစိတ်များပြီး သူများကို အပုတ်ချမှ ကိုယ်ဂုဏ်တက်မည် ထင်သူများလည်း လုပ်ငန်းခွင်တိုင်းတွင် ဒုနဲ့ဒေး ရှိနေပါသည်။ အရမ်းအံ့သြဖို့ ကောင်းသည်မှာ အများလည်း ကြားဖူးကြမည် ထင်ပါသည်။ ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်ဆိုသော စကား များပင် ဖြစ်ပါသည်။ ကိုယ့်မျက်ချေး ကိုယ်မမြင်ဘဲနဲ့ သူများမျက်ချေး ဘယ်အပေါက်က ထွက်မလဲပဲ ချောင်းမြောင်း နှိပ်ကွပ်ချင်သော စိတ်ဓာတ်အင်အား မပြည့်၀သောသူများလည်း အနည်းနဲ့အများ ရှိနေပါသည်။

ပြောင်းလဲလာသည့် ခေတ်ပြောင်း စနစ်ပြောင်းထဲတွင် ကိုယ်ပြောစကားအမှန် သူများအပုတ်ချမှ ကိုယ့်ဂုဏ်တက်မည်လို့ ထင်သူများလည်း ပြုပြင်ပြောင်းလဲရန် အလွန်လိုအပ်လှပါသည်။ အရေးကြီးဆုံးမှာ စိတ် သဘောထား အမှန်ရှိသူသည် မိမိလုပ်ဖော်ကိုင်ဖက်၊ မိမိ၏ အလုပ်သမားများနှင့် တန်းတူရည်တူ နေထိုင် တတ်ရမည်ဖြစ်ပြီး သာတူညီမျှ ပူးပေါင်းဆောင်ရွက်တတ်ရန် လိုပါသည်။ စိတ်သဘောထား အမှန်ဆိုသည်မှာ နှစ်မျိုးနှစ်စားရှိရာ ပထမအမျိုးအစားမှာ မိမိသည် စီမံခန့်ခွဲအုပ်ချုပ်သူများဘက်တွင် ရပ်တည်ပြီး ချမှတ် ထားသည့် မူဝါဒနှင့် ဆုံးဖြတ်ချက်များကို စီမံခန့်ခွဲအုပ်ချုပ်သူများ မြင်သည့်အမြင်အတိုင်း ကြည့်တတ်ရပါမည်။ ဒုတိယတစ်ခုမှာ မိမိသည် ဥပဒေအတိုင်း လိုက်နာ လျှောက်လှမ်းတတ်သည့် ၀န်ထမ်းကောင်းတစ်ဦး ဧကန် အမှန်စစ်စစ်ဖြစ်ဖို့အတွက် မိမိ၏အာရုံစူးစိုက်မှုများကို အစွမ်းကုန်နှစ်မြှုပ်ထားရပါမည်။

အလုပ်ခွင်အတွင်း မာန်စောင်နေခြင်း၊ သူ့ထက်ငါ သာဖို့တစ်ခုထဲအတွက် တစ်ဖက်သား၏ စိတ်နေ စိတ်ဓာတ်ကိုပါ ရိုက်ချိုးပစ်သည့် အပြုအမူမျိုးကို ရှောင်ရှားသင့်ပါသည်။ သူများ မကောင်းပြောမှ ထမင်းစား ၀င်သည့် လူစားမျိုးများသည် မည်သို့သော နေရာ၊ မည်သို့သော အချိန်တိုင်းမှာ ထမင်းစား၀င်နိုင်မည် မဟုတ်ပေ။ အမြဲတမ်း ပူလောင်ခြင်းများနှင့်သာ ပြွတ်သိပ်နေပေလိမ့်မည်။ စိတ်ထား မှန်ကန်ဖို့ဆိုသည်မှာ ကိုယ့် အလုပ်ပစ်ပြီး သူများအလုပ် သွားရောက် လုပ်ကိုင်ပေးခြင်းကို မဆိုလိုပါ။ စိတ်သဘောထားအမှန်ကို တစ်ရက်တည်း အတွက် မကျင့်ကြံဘဲ ယင်းစိတ်ဓာတ်အတိုင်း အမြဲနေထိုင်ဖို့ အစွမ်းကုန် ကြိုးပမ်းရပါမည်။ အမြဲတမ်း ယင်းစိတ်ဓာတ်ကိန်းအောင်းနေဖို့ လိုပါမည်။ ခက်ခဲသည့် အခြေအနေများနှင့် စိတ်မသက်မသာ ဖြစ်ရသည့် အခါမျိုးတွေမှာလည်း အဆိုပါ စိတ်ထားကို မွေးမြူနိုင်ဖို့ ကြိိုးပမ်းနေရပါမည်။

စိတ်ဓာတ်မှန်ကန်ဖို့ အရေးကြီးဆုံးမှာ တစ်ပါးသူကို ကျရှုံးသွားစေသည်မျိုး၊ သူတစ်ပါး၏ အားနည်းချက် ကို ဖိနှိပ်တာမျိုး၊ ရက်ရက်စက်စက် မထောက်မညှာ လုပ်ပစ်လိုက်သည်မျိုး၊ ချယ်လှယ် ချောက်တွန်းပစ်သည်မျိုး စသည့် လူလူချင်း တုံးခုလှမ်းသည်မျိုး လုံး၀မလုပ်မိစေဖို့ အထူး လိုအပ်လှပါသည်။ မည်သည့်အကြောင်း ကြောင့်ဖြစ််စေ တစ်ပါးသူကို ကိိုယ်ချင်းစာတရား ထားနိုင်ရမည်။ ကြင်နာတတ်သောစိတ်၊ စဉ်းစဉ်းစားစား ချင့်ချင့် ချိန်ချိနန် လုပ်တတ်သောစိတ်၊ ထိန်းထိန်းသိမ်းသိမ်း သည်းညည်းခံတတ်သောစိတ်၊ လူသားချင်း စာနာတတ်သော စိတ်ဓာတ်များလည်း ရှိထားရမည် ဖြစ်ပါသည်။ ကိုယ်ချင်းစာတရား လက်ကိုင်ထားမှသာ စိတ်သဘောထား အမှန်ကို ရရှိမည် ဖြစ်ပါသည်။ ခေါင်းဆောင်တွေမှာလည်း ခေါင်းဆောင်များအလျောက် တာ၀န်ယူရဲသည့် စိတ်၊ သူတစ်ပါးကို အပြစ်ပုံမချသည့်စိတ်၊ တာ၀န်ကို ခွဲေ၀ပေးနိုင်သည့် စိတ်များလည်း ရှိထား အပ်ပေသည်။

သင်သည်လည်း စိတ်သဘောထားအမှန်သာ ထားနိုင်ခဲ့လျှင် လူတော်ဖြစ်ရုံမကဘဲ လူတတ် တစ်ယောက်လည်း အမှန်တကယ် ဖြစ်လာပေလိမ့်မည်။ ကြင်နာသနားတတ်ရုံသာမက စောင့်စည်း ထိန်းသိမ်းမှု လူ့ကျင့်၀တ်များကိုလည်း နားလည် သိရှိထားရမည် ဖြစ်ပါသည်။ လက်အောက်ငယ်သားများအပေါ် ကြည့်ရှု ထောက်ထားညှာတာတတ်ရုံမက အပေါ်အဆင့်ဆင့်ကိုလည်း အောင်အောင်မြင်မြင် တက်လှမ်းနိုင်ရန် စိတ် သဘောထားမှန်ရန်သာ လိုပါမည်။ ကိုယ့်ရဲ့စိတ်သဘော မမှန်ကန်ပါက ဘ၀တစ်သက်တာလုံး တိုးတက်မှု မရှိဘဲ စိတ်ထားမပြည့်၀သူအဖြစ်သာ ဖြတ်သန်းသွားရမည် ဖြစ်ပေသည်။ စိတ်ထားမှန်ကန်စွာ ထားရှိပါက မိမိရဲ့ လုပ်ဖော်ကိုင်ဖက်များနဲ့ ပိုမို ပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊ စိတ်နှလုံးကြည်လင်ရွှင်ပျနေပြီး နှစ်လိုဖွယ် ဥပဓိရုပ်ကိုလည်း ထိန်းသိမ်းပိုင်ဆိုင်ထားနိုင်ခြင်း၊ လုပ်ငန်းခွင်ကျွမ်းကျင်မှုအတွက် ပိုမိုလေ့လာခွင့်များ ရရှိလာနိုင်ခြင်း၊ လုပ်ငန်းမှာလည်း တွယ်ကျယ်စေမည့် နည်းလမ်းများကို ရှာကြံနိုင်ခြင်း၊ အပေါင်းအသင်း ပိုမို ၀င်ဆန့်နိုင်ခြင်း၊ လူချစ်လူခင် ပေါများခြင်း၊ လုပ်ငန်းလုပ်ဆောင်ရာမှာ စိတ်ထားထက်သန်မှုရှိခြင်းနှင့် လုပ်ငန်းအပေါ် စိတ်၀င်စားမှုရှိခြင်းများ ပိုမိုဖြစ်ပေါ်လာမည်မှာ ဧကန်မုချပင် ဖြစ်ပါသည်။

တကယ်လို့သာ စိတ်သဘောထား မမှန်ကန်ဘဲ အများအပေါ် စိတ်ယုတ်ညံ့မှုသာ ထားရှိခဲ့လျှင်တော့ ယနေ့ မည်မျှပင် ရာထူးကြီးပြီး ပိုင်ဆိုင်မှုများစွာနှင့် ဆက်သက်စားမကုန်အောင် ချမ်းသာနေစေကာမူ နေ့တိုင်း အများသူငါနဲ့ သဟဇတ မတည့်ခြင်း၊ စိုးရိမ်သောက ဗျာပါဒ ကြောက်ရွံ့တုန်လှုပ်မှုများစွာနှင့် အိပ်မပျော်သော ညပေါင်းများစွာကို ကြုံဆုံခံစားနေကြသူများသာ ဖြစ်ကြမည် ဖြစ်ပါသည်။ လောကရဲ့အလှကို ဖျက်စီးနေကြ သူများထဲတွင် မိမိမပါ၀င်နိုင်ရန် ရှောင်ရှားသင့်ပါကြောင်းနှင့် ဘ၀ကို စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ ဖြတ်သန်း နိုင်ကြစေဖို့ တို့အားလုံး စိတ်သဘောထား မှန်ကန်ကြပါစို့နော်။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

One thought on “အလုပ်ခွင်အတွင်း စိတ်သဘောထားအမှန် ထားနိုင်ကြပါစေ

  1. Shwe Zin says:

    အမွန္ပါပဲ။ အတော်များများက အဲလိုစိတ်တွေ ရှိနေတော့ ခေါ်ပြောရမှာတောင် ၀န်လေးလာတယ်။

Leave a Reply

Your email address will not be published. Required fields are marked *