News

ကုလသမဂ္ဂ သဘောတူညီမှုမပါပဲ လုပ်ဆောင်ခဲ့သည့် စစ်ဆင်ရေးများ

ကိုဆိုဗို (Operation Allied Force)
နေတိုးတပ်ဖွဲ့များသည် ၁၉၉၉ခုနှစ်၊ မတ်လ ၂၄ရက်တွင် ယူဂိုဆလားဗီးယားကို လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး ဇွန် ၁၁ရက်အထိ ကြာမြင့်ခဲ့သည်။ အစိုးရနှင့် လူများစု အယ်ဘေးနီးယား လူမျိုးစု ကိုယ်စားလှယ်တို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပျက်ပြားခဲ့ပြီးနောက် ယင်းကဲ့သို့ တိုက်ခိုက်ရန် ညွှန်ကြားခံရခြင်း ဖြစ်သည်။ ရုရှားနှင့် တရုတ်ကမူ ကုလဆုံးဖြတ်ချက်ကို ဗီတိုသုံးမည်ဟု ခြိမ်းခြောက်ခဲ့သည်။ ယူဂိုဆလားဗီးယား ခေါင်းဆောင် ဆလိုဗိုဒန်မီလိုဆီဗစ်က ငြိမ်းချမ်းရေး သဘောတူညီချက်ကို အကြိမ်ကြိမ် ငြင်းဆိုမှုနှင့် ကိုဆိုဗိုလွတ်မြောက်ရေး တပ်မတော်အား ယူဂိုဆလားဗီးယား က ထိုးစစ်ဆင်မှုတို့အပေါ် တုံ့ပြန်ခြင်း ဖြစ်သည်။ နိုင်ငံ ၁၃နိုင်ငံမှ လေယာဉ် အစင်း ၆၀၀၀န်းကျင်က ယူဂိုဆလားဗီးယား ပြည်နယ်များဖြစ်သော ကိုဆိုဗို၊ မွန်တီနီဂရိုနှင့် ဆားဗီးယားတို့ကို လေကြောင်းမှ နေ့စဉ် တိုက်ခိုက်ခဲ့သည်။

အီရတ် (March 2003 Operation Iraqi Liberation Operation Iraqi Freedom)
ဖျက်အားပြင်းလက်နက်များရှိသည်ဟု သံသယရှိသောကြောင့် အီရတ်ကို စစ်ရေးဖြင့် အရေးယူရေး ကုလဆုံးဖြတ်ချက် ရရှိရန် အမေရိကန်၊ ဗြိတိန်နှင့် စပိန်တို့က ကြိုးပမ်းခဲ့သည်။ ပြင်သစ်၊ ဂျာမနီနှင့် ရုရှားတို့က ကန့်ကွက်ခဲ့ကြသည်။ အီရတ်သမ္မတဟောင်း ဆက်ဒမ်ဟူစိန်ကို နောက်ဆုံး ရာဇသံ ပေးပြီးနောက် ကုလဆုံးဖြတ်ချက်မပါပဲ တိုက်ခိုက်ရန် အမေရိကန် သမ္မတဟောင်း ဂျော့ဒဗလျူဘုရှ်က ဆုံးဖြတ်ခဲ့သည်။ ၂၀၀၃ခုနှစ် မတ် ၂၀ရက်တွင် အမေရိကန်က ဘဂ္ဂဒက်ကို လေကြောင်းမှ တိုက်ခိုက်ပြီး ဗြိတိန်နှင့် အမေရိကန်မြေပြင်တပ်ဖွဲ့များက နိုင်ငံတောင်ပိုင်းကို တိုက်ခိုက် ခဲ့သည်။ ဆက်ဒမ် အစိုးရအား ဖြုတ်ချနိုင်ခဲ့ပြီး ဖမ်းဆီးခဲ့ကာ အီရတ် တရားရုံး၌ ၂၀၀၆ခုနှစ် ဒီဇင်ဘာ ၃၀ရက်တွင် ကြိုးေးခဲ့သည်။ မေလတွင် အမေရိကန် ဦးဆောင်သော နိုင်ငံစုံတပ်များ တပ်ဖြန့်ခဲ့သည်။ ၂၀၁၁ခုနှစ်၊ ဒီဇင်ဘာတွင် အမေရိကန် တပ်အားလုံးနီးပါး ရုပ်သိမ်းခဲ့သည်။

လစ်ဗျား (March 2011 Operation Unified Protector)
လစ်ဗျားအာဏာရှင် မွမ်မာကဒါဖီ သစ္စာခံတပ်များ၏ တိုက်ခိုက်ခံနေရသော အရပ်သားများအား ကာကွယ်ပေးရန် ဖြစ်နိုင်သမျှ နည်းလမ်းအသုံးပြုခွင့်ပေးသည့် ကုလလုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် ၁၉၇၃ကို ၂၀၁၁ခုနှစ် မတ်လ ၁၇ရက်တွင် ချမှတ်ခဲ့သည်။ မတ် ၁၉ရက်တွင် အမေရိကန် ထောက်ပံ့မှုပါသော ဗြိတိန်နှင့် ပြင်သစ်တပ်များ ဦးဆောင်ပြီး စစ်ဆင်ရေး စတင်ခဲ့သည်။ မတ်လ ၁၁ရက်တွင် နေတိုးက ဦးဆောင်ခဲ့ပြီး နိုင်ငံ ၁၈နိုင်ငံ ပါ၀င်ခဲ့သည်။ နေတိုးသည် ကုလဆုံးဖြတ်ချက်ကို ကျော်လွန်လုပ်ဆောင်နေသည်ဟု တရုတ်နှင့် ရုရှားတို့က စွပ်စွဲခဲ့သည်။ ထရီပိုလီမြို့ကို လစ်ဗျားသူပုန်များ သိမ်းနိုင်ခဲ့ပြီးနောက် အောက်တိုဘာ ၂၀ရက်တွင် ကဒါဖီ၏ မွေးရပ်မြေ ဆာတီ၌ ကဒါဖီအား အသေဖမ်းမိခဲ့သည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *