News

နိုင်ငံရေး ပြဿနာကို အကြမ်းဖက်တဲ့ နည်းနဲ့ မဖြေရှင်းကောင်းဟု ဒေါ်အောင်ဆန်းစုကြည် ပြော

Daw Aung San Su Kyi

နိုင်ငံရေး ပြဿနာများကို အကြမ်းဖက်သည့် နည်းဖြင့် မဖြေရှင်းသင့်ကြောင်း ယနေ့ ကျရောက်သည့် (၆၆)နှစ်မြောက် အာဇာနည်နေ့နှင့် ပတ်သက်၍ အာဇာနည် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင်လ ၁၈ရက်နေ့တွင် နေပြည်တော်၌ မှတ်ချက်ပြု ပြောကြားခဲ့သည်ဟု သိရသည်။ ၎င်းက “အာဇာနည်နေ့နဲ့ ပတ်သက်ပြီး ဘာပြောချင်လဲလို့ နှစ်တိုင်း မေးကြတယ်။ နောက်ဆုံးကျတော့ အခြေခံက နိုင်ငံရေး ပြဿနာတွေကို အကြမ်းဖက်တဲ့ နည်းနဲ့ မဖြေရှင်းကောင်းဘူး။ ဒါကိုတော့ သင်ခန်းစာ ယူရမှာပေါ့။ ဒီလို အစဉ်အလာမျိုး ဖြစ် မသွားဖို့လည်း အများကြီး သတိပြုရမှာပါ”ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးရသည်မှာ တိုင်းပြည်အတွက် များစွာ ထိခိုက် နစ်နာစေခဲ့ကြောင်း၊ ယခု ကိစ္စ၏ အရင်းခံမှာ နိုင်ငံရေး ပြဿနာ အား နိုင်ငံရေး နည်းဖြင့် မဖြေရှင်းပဲ အကြမ်းဖက်သည့် နည်းဖြင့် ဖြေရှင်းသည့် အတွက် နိုင်ငံဒုက္ခရောက်ခဲ့ရကြောင်း၊ “ဒါဟာ သမိုင်းအတွက် တကယ့် အချိုးအကွေ့ကြီးတစ်ခုပဲလေ။ အိနိ္ဒယလို နိုင်ငံမျိုးမှာ ဆိုရင် လွတ်လပ်ရေး ခေါင်းဆောင်တွေက ဆက်လက်ပြီး လွတ်လပ်ပြီးစ နိုင်ငံကို ဆယ်စုနှစ်လုံး သုံးစုလောက် ဦးဆောင်ပေးသွားနိုင်တော့ အများကြီး အဆင်ပြေသွားတယ်။ အန်တီတို့လည်း ဒီလိုပဲ ပိုပြီး အဆင်ပြေသွားလိမ့်မယ်လို့ ယုံကြည် တာပေါ့”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အာဇာနည်နေ့တွင် ဥသြဆွဲခြင်း မပြုသည့် ကိစ္စနှင့် ပတ်သက်၍လည်း ကားမောင်းသည့် လူများကို အနှောက်အယှက် ဖြစ်နိုင်သောကြောင့်ဟု နားလည်ကြောင်း၊ သို့သော် အင်္ဂလန်နိုင်ငံတွင် ပထမကမ္ဘာစစ်အတွင်းက စစ်သားများအား ပြန်လည် သတိရသည့် အထိမ်းအမှတ်နေ့တွင် ဥသြဆွဲခြင်းကို နှစ်ပေါင်း များစွာ ပြုလုပ်လာခဲ့သော်လည်း ပြဿနာမရှိသည်ကို တွေ့ရကြောင်းဖြင့် ၎င်းက ဆက်လက် ပြောကြား ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် အာဇာနည်နေ့ အခမ်းအနားတွင် ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်သို့ သွားရောက် ဂါရဝပြုမည်ဖြစ်ပြီး၊ နေအိမ်၌ ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်မည် ဖြစ်ကြောင်း သိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *