(၂၇)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ကျင်းပရန် တဖြည်းဖြည်း နီးကပ်လာပြီဖြစ်ရာ အိမ်ရှင်မြန်မာတို့ နယ်ပယ် ကဏ္ဍစုံတွင် ကြိုတင်ပြင်ဆင်မှုများ အရှိန်အဟုန်ဖြင့် ပြုလုပ်လျက် ရှိကြသည်။ ကဏ္ဍအသီးသီးတွင် ဧည့်ဝတ် ကျေပွန်ရန် ဝန်ဆောင်မှုများ ပေးနိုင်ရန် ကြိုးစား ဆောင်ရွက်လျက်ရှိရာ အဆိုပါ ဆီးဂိမ်းပြိုင်ပွဲကာလ၌ WiFi အခမဲ့ အသုံးပြုနိုင်ရေး စီစဉ်နေကြောင်း၊ အားကစား ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်ဟု သိရသည်။
အားကစားပြိုင်ပွဲ ကျင်းပရာ အားကစားရုံ၊ အားကစားခန်းမနှင့် အားကစားကွင်းများ၊ တည်းခိုနေထိုင်မည့် နေရာများတွင် WiFi အခမဲ့ သုံးစွဲနိုင်အောင် စီစဉ်ထားကြောင်း၊ ဆီးဂိမ်းအားကစားပြိုင်ပွဲနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို အခက်အခဲမရှိ ဝန်ဆောင်မှုပေးနိုင်ရန် ကြိုးစားနေခြင်း ဖြစ်ကြောင်း ပြောကြားသည်။ ထိုသို့ အင်တာနက် ဝန်ဆောင်မှု ပေးနိုင်ရေးအတွက် ပြည်တွင်းနှင့် ပြည်ပကုမ္ပဏီများက တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်ပြီး၊ ၎င်းကုမ္ပဏီများမှာ ပြည်ပမှ Cisco နည်းပညာ ကုမ္ပဏီနှင့် ပြည်တွင်းမှ ရွှေသံလွင် ကုမ္ပဏီတို့ ဖြစ်သည်ဟု သိရသည်။ Cisco ကုမ္ပဏီက နည်းပညာကူညီပေးမည် ဖြစ်ပြီး၊ လုပ်ငန်းဆောင်ရွက်မှုကို Red Link ကုမ္ပဏီက ရွှေသံလွင် ကုမ္ပဏီနှင့် နေရာများ ခွဲဝေကာ လုပ်ကိုင်ကြမည် ဖြစ်သည်။
(၂၇)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲများကို နေပြည်တော်ရှိ အားကစားကွင်း၊ အားကစားရုံများနှင့် မန္တလေးမြို့ရှိ အားကစားကွင်း၊ အားကစားရုံများအပြင် ရန်ကုန်မြို့နှင့် ငွေဆောင်တို့တွင် ရှိသော သတ်မှတ်နေရာ အသီးသီးတွင် ကျင်းပရန် ပြင်ဆင်ထားပြီး ဖြစ်ပြီး၊ ယင်းနေရာများ၌ WiFi အခမဲ့ သုံးစွဲခွင့် ရရှိမည် ဖြစ်သည်။ နေပြည်တော်နှင့် မန္တလေးမြို့များရှိ အားကစားကွင်းနှင့် အားကစားရုံများ၊ နေထိုင်တည်းခိုရာ နေရာများတွင် WiFi အခမဲ့ သုံးစွဲနိုင်ရေးအတွက် ရွှေသံလွင်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်မည်ဖြစ်ပြီး ရန်ကုန်မြို့ရှိ အားကစားကွင်း၊ အားကစားရုံများနှင့် ငွေဆောင်တို့တွင် Red Link ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်မည် ဖြစ်သည်။ ထိုသို့ အင်တာနက် ဝန်ဆောင်မှု အခမဲ့ ပေးနိုင်ရေးနှင့် ဆက်သွယ်ရေးဆိုင်ရာ ကိစ္စများ ဆောင်ရွက်နိုင်ရန်အတွက် ကော်မတီတစ်ရပ် ဖွဲ့စည်းပြီး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
Ref : မြန်မာ့အလင်း