မြန်မာ့လယ်ယာလုပ်ငန်းဆိုင်ရာ အာမခံလုပ်ငန်းများအတွက် ဂျပန်နိုင်ငံမှ နည်းပညာနှင့် အာမခံဆိုင်ရာ အချက်အလက်များ ကူညီပေးသွားမည် ဖြစ်ကြောင်း၊ ဇွန် ၁၇ရက်နေ့က ကုန်သည်ကြီးများ ဟိုတယ်၌ ကျင်းပခဲ့သည့် မြန်မာ့အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ (IBSB)နှင့် ဂျပန်နိုင်ငံမှ Tokio Marine & Nichido Fire Insurance Co., Ltd.တို့ ပူးပေါင်းကျင်းပသော လယ်ယာမြေ အာမခံ အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်ဟု သိရသည်။ ဂျပန်သံရုံးမှ တာဝန်ရှိသူ Mr.Masahiro Fujikawa က မြန်မာနိုင်ငံ လယ်ယာလုပ်ငန်းနှင့် ပတ်သက်၍ အာမခံလုပ်ချင်သော အမျိုးအစားကို ကူညီမည် ဖြစ်ကြောင်း၊ လယ်ယာလုပ်ငန်းအာမခံသည် မြန်မာနိုင်ငံတွင် တကယ် လိုအပ်ပြီး ချက်ချင်း အကောင်အထည်ဖော်နိုင်မည် မဟုတ်သော်လည်း ဆက်လက်ညှိနှိုင်း၍ လုပ်ဆောင်ပေးသွားမှာ
ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် ဆင်းရဲမှု လျှော့ချရန် ဆောင်ရွက်လျက်ရှိရာတွင် လယ်သမားများ၏ ဘဝများ ဖံွ့ဖြိုးတိုးတက်မှု ကဏ္႑သည် လွန်စွာ အရေးကြီးပြီး အာမခံ လုပ်ငန်း များမှာ ယင်းတို့ အခက်အခဲများကို ပြေလည်ရန်များစွာ အထောက်အပံ့များ ပေးနိုင်ကြောင်း သိရပါသည်။ ဂျပန်နိုင်ငံတွင် လယ်သမား သမဝါယမများနှင့် အဖွဲ့အစည်းများရှိပြီး ထိရောက်သော အာမခံရောင်းချနည်းများမှာ မြန်မာနိုင်ငံအတွက် နမူနာကောင်းများ ဖြစ်ပါသည်။ Tokio Marine Holding Managing Executive Officerဖြစ်သူ Mr.Tad Uebaraကလည်း ၎င်းတို့တွင် ရိုးရှင်းလွယ်ကူသော Indexများ၊ စနစ်များရှိကြောင်း၊ လယ်ယာလုပ်ငန်းများအတွက် အနည်းငယ်မျှ အထောက်အပံ့ဖြစ်လျှင် ဝမ်းသာပါကြောင်း ပြောကြားသည်။ လောလောဆယ်တွင် မြန်မာနိုင်ငံ၌ အာမခံလုပ်ငန်းများ ဖံွ့ဖြိုးတိုးတက်ရန်အတွက် ပုဂ္ဂလိက အာမခံ လုပ်ငန်းကိုးခုကို လုပ်ကိုင် ခွင့်ပြုထားပြီး ယင်းအာမခံကုမ္ပဏီများ အနေဖြင့် အသက်အာမခံနှင့် အထွေထွေ အာမခံလုပ်ငန်းများသာ လုပ်ကိုင်လျက် ရှိသည်။ မြန်မာ့အာမခံ လုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှုး ဦးအေးမင်းသိန်းက ပြောကြားရာတွင် “လယ်ယာလုပ်ငန်း အာမခံစနစ်ကို လုပ်ဖြစ်ခဲ့ရင် မြန်မာအာမခံ လုပ်ငန်းကပဲ ကြီးကြပ်ပြီး လုပ်သွားမယ်။ ပုဂ္ဂလိက အာမခံလုပ်ငန်းတွေကိုတော့ လုပ်ကိုင်ခွင့်ပြုမှာ မဟုတ်ပါဘူး”ဟု ဆိုသည်။ ဒေသတွင်းနိုင်ငံများဖြစ်သည့် အင်ဒိုနီးရှားနှင့် အိန္ဒိယနိုင်ငံတို့တွင် အဆိုပါ လယ်ယာလုပ်ငန်း အာမခံစနစ်ကို ကျင့်သုံးလျက်ရှိကြောင်း သိရပါသည်။
ဂျပန်က မြန်မာ့လယ်ယာလုပ်ငန်း အာမခံအတွက် ကူညီမည်

24
Jun