News

GSPအရ မြန်မာ-အီးယူ ကုန်သွယ်ရေး ပြန်လည် တိုးတက်နိုင်ပြီး “နှံကောင်” ပြဿနာသတိထားရမည်

EU

ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံအပေါ် အကောက်ခွန် သက်သာခွင့် အထူးအခွင့်အရေး(GSP)ပေးအပ်ခြင်းဖြင့် နှစ်ဖက်အကြား ကုန်သွယ်ရေး ပြန်လည် တိုးတက်လာမည်ဖြစ်သော်လည်း မြန်မာနိုင်ငံ၏(GSP) အခွင့်အရေးများကို အခွင့်ကောင်းယူ၍ အိမ်နီးနားချင်းနိုင်ငံမှတစ်ဆင့် EU သို့ကုန်ပစ္စည်း တင်ပို့ခြင်းများ ရှိလာမည်ကို ဂရုစိုက်ရမည်ဖြစ်ကြောင်း ဘရပ်ဆဲလ် မြို့အခြေစိုက် တတ်သိပညာရှင်များအဖွဲ့မှ ပညာရှင်တစ်ဦးကပြောကြားသည်ဟုသိရသည်။

“မြန်မာနိုင်ငံအတွက် GSP ပြန်ပေးလိုက်တဲ့ ဥရောပသမဂ္ဂရဲ့ဆုံးဖြတ်ချက်ဟာ မှန်ကန်တဲ့လုပ်ရပ်ပါပဲ။ဒါကစီးပွားရေးအားကောင်းလာတဲ့ အာရှနိုင်ငံတွေနဲ့အပြန်အလှန် ကုန်သွယ်ရေး ဖြစ်ပေါ်ဖို့ အထောက်အကူ ဖြစ်ပြီး မြန်မာနိုင်ငံကိုလည်း ကူညီရာ ရောက်ပါတယ်”ဟု Bruegel ပညာရှင်များ အဖွဲ့တွင် ဧည့်ပညာရှင်အဖြစ် ရောက်ရှိနေသော မစ္စတာ အာကီယို အိုဂါဝါက ပြောကြားသည်။

သို့သော်လည်း လတ်တလောတွင် GSP အခွင့်အရေးရထားပြီး ၂၀၁၅ခုနှစ်တွင် ယင်းအခွင့်အရေး ဆုံးရှုံးတော့မည့် တရုတ်နှင့် ထိုင်း ကဲ့သို့ နိုင်ငံများမှ စီးပွားရေး သမားများက မြန်မာနိုင်ငံမှတဆင့် အီးယူသို့ ကုန်ပစ္စည်း တင်ပို့ခြင်းများကို သတိပြုရမည်ဖြစ်ပြီး ယင်းသို့ တင်ပို့သူ များကို “နှံကောင်များ”ဟု စီးပွားရေး ပညာရှင် အသိုင်းအဝန်းက ခေါ်ဝေါ်ကြောင်း သိရသည်။ ဥရောပသမဂ္ဂသည် ယခင်က မြန်မာနိုင်ငံ အပေါ်တွင် GSPအခွင့်အရေး အပ်နှင်းထားသော်လည်း ၁၉၉၇ခုနှစ်တွင် ယာယီ ရုပ်သိမ်းပြီး ဆက်လက် သက်တမ်း တိုးခဲ့သည်။ ၂၀၁၀ခုနှစ် ရွေးကောက်ပွဲ နောက်ပိုင်း မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာပြီးနောက်မှ မြန်မာနိုင်ငံအား GSP အခွင့်အရေး ပြန်လည် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ စီးပွားရေးမှာ လျင်မြန်စွာ ဖံွ့ဖြိုးလာခဲ့သော်လည်း မြန်မာနိုင်ငံမှ ဥရောပသမဂ္ဂသို့ တင်ပို့မှုများမှာ ကျဆင်းခဲ့ပြီး မြန်မာနှင့် ကုန်သွယ်မှု အမြင့်ဆုံးဖြစ်ခဲ့သော ၂၀၀၄ခုနှစ် ပမာဏ၏ သုံးပုံတစ်ပုံသို့ ရောက်ရှိနေသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးမှာ ၁၉၉၇ခုနှစ်ကနှင့် နှိုင်းယှဉ်ပါက ၁၇ဒဿမ ၂ဆ တိုးတက်လာခဲ့သည်ဟု သိရသည်။ ဥရောပ သမဂ္ဂက မြန်မာနိုင်ငံသို့ GSP အခွင့်အရေး ပြန်လည်ပေးအပ်ခြင်းနှင့်အတူ အီးယူနှင့် မြန်မာတို့၏ ကုန်သွယ်ရေးမှာ အဆများစွာ ပြန်လည် တိုးတက်လာနိုင်သော အလားအလာများရှိသော်လည်း တစ်ဖက်တွင် ဥရောပသမဂ္ဂ၏ ၂၀၁၄ခုနှစ် ဇန်နဝါရီလအတွင်း စတင်အသက်ဝင်လာမည်ဖြစ်သော GSPစည်းမျဉ်းစည်းကမ်းများအရ ဖံွ့ဖြိုးမှု အနည်းဆုံး မဟုတ်သော အလယ်အလတ် ဝင်ငွေနိုင်ငံများကို ယင်းဦးစားပေး အခွင့်အရေးများ ပေးအပ်တော့မည် မဟုတ်ကြောင်း၊ သို့ဖြစ်၍ ၂၀၁၀ခုနှစ်တွင် အလယ်အလတ် ဝင်ငွေရှိသည့် နိုင်ငံများ ဖြစ်လာခဲ့သော တရုတ်နှင့် ထိုင်းနိုင်ငံအပြင် အခြားအရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံများမှ “နှံကောင်” စီးပွားရေးသမားများက မြန်မာနိုင်ငံမှတစ်ဆင့် အီးယူသို့ ကုန်ပစ္စည်းတင်ပို့မှုကို စောင့်ကြည့်နေမည် ဖြစ်သည်ဟု သိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *