Opinion

Microsoftဖခင်ကြီး ဘီလ်ဂိတ်အကြောင်း

ယနေ့အချိန်ထိ ကမ္ဘာကိုလွှမ်းမိုးနေဆဲ Windows OSကို မွေးဖွားခဲ့သူ၊ “Microsoft”ကို တည်ထောင်ခဲ့သူ၊ ယခုအခါ ဖောင်ဒေးရှင်းဖန်တီးပြီး ကမ္ဘာ့လူသားများစွာကို အကျိုးပြုနေသူ စံပြပုဂ္ဂိုလ်ကြီး မစ္စတာ ဘီလ်ဂိတ်ရဲ့ အကြောင်း…

ဘီလ်ဂိတ်ရဲ့ ကာလရှည်ကြာ သူငယ်ချင်းကြီး ဖြစ်တဲ့ စတိဗ်ဘော်လ်မာ တစ်ယောက် Microsoftကနေ နှုတ်ထွက် တော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ရှိပြီးတဲ့နောက် ဘီလ်ဂိတ်အကြောင်း ဖော်ပြထားတဲ့ အချက်အလက်တွေလည်း သတင်းတွေမှာ တွေ့လာရပါတယ်။ စတိဗ်ဘော်လ်မာရဲ့ နှုတ်ထွက်ရခြင်း အကြောင်းရင်းဟာ အနည်းငယ် ရှုပ်ထွေးနေပေမယ့် မိုက်ခရိုဆော့ဖ်ရဲ့ CEOနေရာဟာ ပြောင်းရွှေ့ဖို့ အချိန်တန်ပြီလို့ ဘီလ်ဂိတ်ရော ဘော်လ်မာကပါ ယူဆခဲ့ကြ ပါတယ်။

လူအများကတော့ ဘီလ်ဂိတ်ကို မိုက်ခရိုဆော့ဖ်ရဲ့ CEOအဖြစ် ဘော်လ်မာနေရာမှာ တာ၀န်ယူ လုပ်ဆောင်စေလို ကြတယ်လို့ သိရပါတယ်။ ဘီလ်ဂိတ်ဟာ အားလုံးသိတဲ့ အတိုင်း မိုက်ခရိုဆော့ဖ်ကို တည်ထောင်ခဲ့သူ တစ်ဦးဖြစ်ပြီး ၁၉၈၀ခုနှစ်နဲ့ ၁၉၉၀ခုနှစ်တွေမှာ မိုက်ခရိုဆော့ဖ်ကို ဦးဆောင်ခဲ့သူပါ။ တစ်ကိုယ်ရေးသုံး ကွန်ပျူတာတွေ အတွက် Windows OSကိုလည်း ဖန်တီးခဲ့ပြီး ကွန်ပျူတာလောကကို လွှမ်းမိုးနိုင်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

ဒါပေမယ့် သူ့အနေနဲ့ကတော့ CEOအဖြစ် ပြန်လည် မလုပ်ကိုင် လိုတော့ဘူးလို့ သိရပါတယ်။ သူဟာ ကုမ္ပဏီမှာ Chairmanအဖြစ်နဲ့ လုပ်ကိုင်ခဲ့ပြီး ၂၀၀၈ခုနှစ်မှာတော့ ကမ္ဘာတစ်လွှား ကောင်းမွန်မြင့်မြတ်တဲ့ အလုပ်တွေ လုပ်ဆောင်နေတဲ့ သူ့ကိုယ်ပိုင် ဖောင်ဒေးရှင်းကို အာရုံစိုက်ဖို့ ကုမ္ပဏီကို စွန့်ခွာခဲ့တာ ဖြစ်ပါတယ်။ ဘီလ်ဂိတ်ရဲ့ ဆုံးဖြတ်ချက်ကို သုံးသပ်ပြီး သူ့ဘ၀အကြောင်း တစ်စေ့တစ်စောင်း လေ့လာလိုက်ရအောင်ဗျာ။

ဘီလ်ဂိတ်ဟာ အမေရိကရှိ ဝါရှင်တန်ပြည်နယ် Seattleမြို့မှာ မွေးဖွားကြီးပြင်း ခဲ့တာ ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက စ,လို့ စာအလွန်ဖတ်ခဲ့တဲ့ လူတစ်ယောက်ပါ။ သူ့အဖေဟာ ရှေ့နေတစ်ယောက် ဖြစ်ပြီး သူဖတ်ချင်တဲ့ စာအုပ်မှန်သမျှကို ၀ယ်ပေးခဲ့ပါတယ်။ အသက် ၁၁နှစ် အရွယ်ရောက်တဲ့ အခါမှာတော့ သူဟာဉာဏ်ရည် အလွန်ထက်မြက်တဲ့ လူငယ်တစ်ယောက် ဖြစ်နေပါပြီ။

အသက် ၁၃နှစ်အရွယ်မှာ သူဟာ Seattleမြို့မှာ ရှိတဲ့ Lakesideဆိုတဲ့ ပုဂ္ဂလိကကျောင်းကို တက်ရောက်ခဲ့ပြီး အဲဒီမှာ ကွန်ပျူတာတွေကို စ,တင်တွေ့ရှိ ခဲ့ပါတယ်။ “Lakesideကျောင်းဟာ ကျွန်တော့်ဘ၀ အဖြစ်အပျက်တွေထဲက အကောင်းဆုံးတစ်ခုပါပဲ”လို့ ဘီလ်ဂိတ်က ပြန်ပြောင်း ပြောကြားခဲ့ဖူး ပါတယ်။ အဆိုပါကျောင်းရဲ့ ကွန်ပျူတာတွေကို ဘီလ်ဂိတ်နဲ့ သူ့ရဲ့ သူငယ်ချင်း Paul Allenတို့က လေ့လာခဲ့ကြပြီး အဲဒီလို လေ့လာခဲ့ခြင်းဟာ ယနေ့ခေတ် အိမ်တိုင်းမှာ ရှိနေတဲ့ ကွန်ပျူတာတွေရဲ့ Chipsတွေ၊ Softwareတွေကို တီထွင်ဖန်တီးမယ် ဆိုတဲ့ရည်ရွယ်ချက်နဲ့ ကုမ္ပဏီတစ်ခု စတင်တည်ထောင် ဖန်တီးဖို့ ယုံကြည်ချက်တွေကို အစပျိုးခဲ့တာပဲ ဖြစ်ကြောင်း ဘီလ်ဂိတ်က ဆက်လက်ပြောကြား ခဲ့ပါတယ်။

အဆိုပါ Laksideကျောင်းပြီးတော့ ဘီလ်ဂိတ်ဟာ ဟားဗတ်တက္ကသိုလ်ကို ရောက်ရှိခဲ့ပါတယ်။ အဲဒီ တက္ကသိုလ်မှာ အခုMicrosoftရဲ့ CEOဖြစ်နေတဲ့ Steve Ballmerနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဘီလ်ဂိတ်ဟာ ဟားဗတ်မှာ ၂နှစ်သာ ကျောင်းတက်ခဲ့ကာ ကျောင်းထွက်ပြီး မိုက်ခရိုဆော့ဖ်ကို တည်ထောင်ဖို့ Paul Allenနဲ့ စတင် လှုပ်ရှားခဲ့ပါတယ်။

Paul Allenနဲ့ ဘီလ်ဂိတ်တို့ဟာ နယူးမက္ကဆီကို ပြည်နယ်မှာရှိတဲ့ Albuquerqueမြို့မှာ မိုက်ခရိုဆော့ဖ်ကို စတင်ခဲ့ကြပြီး ပထမဆုံး တစ်ကိုယ်ရည်သုံး ကွန်ပျူတာ ဖြစ်တဲ့ “MITS Altair”အတွက် အခြေခံဗားရှင်း တစ်ခုကို တည်ဆောက်ခဲ့ ပါတယ်။ BASICဆိုတာကတော့ ပရိုဂရမ် ဘာသာစကား တစ်ရပ်ဖြစ်ပြီး “Micro Instrumentation and Telemetry Systems”လို့ ခေါ်တဲ့ MITSကွန်ပျူတာဟာ အထက်ပါ မြို့မှာစတင်ခဲ့တာ ဖြစ်လို့ မိုက်ခရိုဆော့ဖ်ဟာလည်း အဲဒီမှာ စတင်ခဲ့တာ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ၁၉၇၉ခုနှစ်မှာတော့ မိုက်ခရိုဆော့ဖ်ဟာ ဝါရှင်တန်မြို့ကို ပြောင်းရွှေ့ခဲ့ကာ Allenကတော့ ၁၉၈၂ခုနှစ်မှာ ကင်ဆာရောဂါဖြစ်ပွားခဲ့ပြီး မိုက်ခရိုဆော့ဖ်ကို နှုတ်ဆက်ခဲ့ရပါတယ်။

၁၉၈၀ခုနှစ် အရောက်မှာတော့ Steve Ballmerဟာ မိုက်ခရိုဆော့ဖ်ကို ရောက်လာခဲ့ပြီး ကုမ္ပဏီရဲ့ ပထမဆုံး ပရော်ဖက်ရှင်နယ် မန်နေဂျာ ဖြစ်လာခဲ့ပါတယ်။ ၎င်းအနေနဲ့ မိုက်ခရိုဆော့ဖ်ကို အလုပ်လာလုပ်ဖို့ ဘီလ်ဂိတ်က ကြေးကြီးကြီး ပေးခဲ့ရတယ်လို့ သိရပါတယ်။ ၁၉၈၀ခုနှစ် မှာပဲ IBMကွန်ပျူတာ ကုမ္ပဏီဟာ Microsoftနဲ့ ပူးပေါင်းပြီး ကွန်ပျူတာOS (Operating System)တစ်ခု ဖန်တီးခဲ့ပါတယ်။ Seattleမြို့မှာ ရှိတဲ့ နည်းပညာကုမ္ပဏီ တစ်ခုကနေ မိုက်ခရိုဆော့ဖ်ဟာ Q-DOSကို ၀ယ်ယူခဲ့တာ ဖြစ်ပြီး အဆိုပါOSကို IBMသို့ ရောင်းချခဲ့ပါတယ်။ Q-DOSဟာ MS-DOSဖြစ်လာပြီး တစ်ကိုယ်ရည်သုံး ကွန်ပျူတာ(PC)တွေရဲ့ အသုံးအများဆုံး OSတစ်ခု ဖြစ်ခဲ့ပါတယ်။

ကွယ်လွန်သွားပြီ ဖြစ်တဲ့ Appleရဲ့ ဖခင်ကြီး စတိဗ်ဂျော့နဲ့ ဘီလ်ဂိတ်ဟာလည်း ၁၉၈၀ခုနှစ် အစောပိုင်းမှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ တကယ်တမ်းကျတော့ သူတို့နှစ်ယောက် ဘယ်အချိန်က ပထမဆုံး တွေ့ဆုံခဲ့ကြတယ် ဆိုတာပြောဖို့ ခက်ပေမယ့် စတိဗ်ဂျော့အကြောင်း ရေးထားတဲ့ “Walter Isaacson”ရဲ့ စာအုပ်ထဲမှာတော့ ၁၉၇၀ခုနှစ် ၀န်းကျင်ကာလတွေ တုန်းက မိုက်ခရိုဆော့ဖ်ဟာ Appleကွန်ပျူတာ တွေအတွက် ဆော့ဖ်၀ဲလ်တွေ ရေးသားထုတ်လုပ်ပြီး ၀င်ငွေရှာခဲ့တာ ဖြစ်ပါတယ်။ စတိဗ်ဂျော့ဟာ ပထမဦးဆုံး Mac(Macintosh)ကို ထုတ်လုပ်တဲ့အခါ Seattleမြို့ကို သွားရောက်ပြီး ဘီလ်ဂိတ်နဲ့ တွေ့ဆုံကာ Macအတွက် ဆော့ဖ်၀ဲလ်တွေ ထုတ်လုပ်ဖို့ ယုံကြည်စွာနဲ့ အပ်နှံခဲ့ပါတယ်။ နောင်နှစ် အနည်းငယ်အကြာ မှာတော့ သူတို့နှစ်ယောက်ဟာ ကောင်းမွန်ခိုင်မာတဲ့ ဆက်ဆံရေး ရှိနေပြီ ဖြစ်ပါတယ်။

Windowsဆိုတာ တကယ်တမ်းကျတော့ Appleရဲ့ Macလိုမျိုးပဲ GUI(Graphical User Interface)တစ်ခု ဖြစ်ပါတယ်။ ဒါကို စတိဗ်ဂျော့ သိရှိသွားတဲ့အခါမှာ အလွန်စိတ်ဆိုး သွားခဲ့ပြီး ဘီလ်ဂိတ်နဲ့ စကားတွေ များခဲ့ပါတယ်။ “ငါတို့မင်းကို ယုံကြည်ခဲ့ပေမယ့် မင်းက အခု ငါတို့ဆီကနေ ခိုးနေတာပဲ”လို့ ဘီလ်ဂိတ်ကို စွပ်စွဲ ပြောဆိုခဲ့ပါ သေးတယ်။ ဘာတွေပဲ ဖြစ်ဖြစ်ပါ၊ ၁၉၈၅ခုနှစ် အရောက်မှာတော့ မိုက်ခရိုဆော့ဖ်ဟာ Windowsကို ဖြန့်ချိခဲ့ပြီး နှစ်စဉ် ကွန်ပျူတာ အလုံးရေ သန်းပေါင်း ၁၄၀လောက်မှာ ထုတ်လုပ် ရောင်းချနေရပြီ ဖြစ်ပါတယ်။

၁၉၈၆ခုနှစ်မှ စလို့ ၁၉၉၆ခုနှစ်အထိ ကာလတွေမှာ မိုက်ခရိုဆော့ဖ်ရဲ့ စတော့ရှယ်ယာ တန်ဖိုးတွေဟာ အဆတစ်ရာလောက် ထိုးတက်ခဲ့ပြီး နယူးယောက်တိုင်းမ် သတင်းစာရဲ့ ခန့်မှန်း ထုတ်ပြန်ချက်အရ မီလျံနာ သူေဋ္ဌး အယောက် တစ်သောင်းလောက်လည်း ပေါ်ထွက် ခဲ့တယ်လို့ သိရပါတယ်။ ဒါတွေနဲ့ ဆက်စပ်ပြီးတော့ ဘီလ်ဂိတ်လည်း ကမ္ဘာပေါ်မှာ အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။

၁၉၉၀ခုနှစ်မှာ မိုက်ခရိုဆော့ဖ်ဟာ Officeနဲ့ Windows 3.0ကို ထုတ်လုပ်ဖြန့်ချိ ခဲ့ပါတယ်။ ၁၉၉၄ခုနှစ် မှာတော့ ဘီလ်ဂိတ်ဟာ မိုက်ခရိုဆော့ဖ် ၀န်ထမ်းတစ်ဦး ဖြစ်တဲ့ Melinda Frenchနဲ့ လက်ထပ်ခဲ့ပြီး သားသမီး ၃ယောက် မွေးဖွားခဲ့ပါတယ်။ ၎င်းတို့ ဇနီးမောင်နှံဟာ “Bill And Melinda Gates”ဆိုတဲ့ ဖောင်ဒေးရှင်းကို အတူတူ တည်ထောင် ခဲ့ကြပါတယ်။ ဒီဖောင်ဒေးရှင်းဟာ လူအများအတွက် များစွာအကျိုးရှိခဲ့ပေမယ့် ဘီလ်ဂိတ်ရဲ့ ကံကြမ္မာနဲ့ အနာဂါတ်တွေကိုတော့ ဆောင်ကြဉ်းသွားခဲ့ ပါတယ်။

၁၉၉၅ခုနှစ်မှာ ဘီလ်ဂိတ်က “အင်တာနက်ဆိုတာ IBMကွန်ပျူတာ စတင်မိတ်ဆက်ခဲ့တဲ့ ၁၉၈၁ခုနှစ်က စလို့ အရေးပါဆုံး တိုးတက်မှု တစ်ခုဖြစ်တယ်”လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။ သူ့ရဲ့ ပြောကြားချက်ဟာ မှန်ကန်ပေမယ့် အင်တာနက်ဟာ မိုက်ခရိုဆော့ဖ်ရဲ့ နည်းပညာပိုင်း လွှမ်းမိုးမှုကို အဆုံးသတ် စေခဲ့ပါတယ်။ အားလုံးသိတဲ့ Windows 95ကိုတော့ မိုက်ခရိုဆော့ဖ်ဟာ ၁၉၉၅ခုနှစ်မှာပဲ ထုတ်လုပ်ဖြန့်ချိခဲ့ပြီး အဆိုပါ Windows 95ဟာလည်း မိုက်ခရိုဆော့ဖ်ကို အကြီးအကျယ် အောင်မြင်စေခဲ့တဲ့ မှတ်တိုင်တစ်ခု ဖြစ်ပါတယ်။

ချမ်းသာကြွယ်၀လာတဲ့ ဘီလ်ဂိတ်ဟာ သူကိုယ်တိုင် နေထိုင်ဖို့အတွက် ဧရာမအိမ်ကြီးတစ်လုံးကို ၁၉၉၀ပြည့်နှစ် ပတ်၀န်းကျင်လောက်က ၀ယ်ယူခဲ့ပါတယ်။ အဆိုပါ အိမ်ကြီးရဲ့ အခွန်ဆောင်ရမှု ပမာဏတင် တစ်နှစ်ကို ဒေါ်လာ တစ်သန်းခန့် ရှိပါတယ်။ နောက်ပိုင်း ကာလတွေမှာတော့ ဘီလ်ဂိတ်ဟာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး သူေဋ္ဌးတစ်ယောက် ဖြစ်နေပါပြီ။ နှစ်စဉ်နှစ်တိုင်းမှာလည်း အချမ်းသာဆုံး ပုဂ္ဂိုလ်ဆိုရင် ဘီလ်ဂိတ်ပဲ ဖြစ်ပါတယ်။

၁၉၉၇ခုနှစ် ရောက်တဲ့ အခါမှာတော့ မိုက်ခရိုဆော့ဖ်ဟာ Appleအတွက် အမေရိကန်ဒေါ်လာ သန်းတစ်ရာ့ငါးဆယ် ရင်းနှီးမြှပ်နှံခဲ့ ပါတယ်။ ဒါဟာ Appleကို ဆက်လက် ရှင်သန်စေခဲ့ပြီး အဆိုပါ ရင်းနှီးမြှုပ်နှံမှုကို ဘီလ်ဂိတ်က Macworldမှာ ရှိတဲ့ မျက်နှာပြင်ကျယ် Screenကြီးကနေ တစ်ဆင့် ကြေညာခဲ့တာပဲ ဖြစ်ပါတယ်။

မိုက်ခရိုဆော့ဖ်ဟာ အစိုးရနဲ့ ၁၉၈၈ခုနှစ်တည်းက အချို့ကိစ္စတွေမှာ ပတ်သက်ဆက်နွယ် နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် တရားသူကြီး တစ်ဦးကလည်း မိုက်ခရိုဆော့ဖ်ဟာ ၎င်းတို့ရဲ့ လုပ်ပိုင်ခွင့်တွေကို အလွဲသုံးစား ပြုခဲ့တယ်လို့ ဆိုပါတယ်။ ဒီကိစ္စဟာ မိုက်ခရိုဆော့ဖ်အတွက် ရှုပ်ထွေးနေစေခဲ့ပြီး နောက်ဆုံးမှာ ကုမ္ပဏီအနေနဲ့ တရားရင်ဆိုင်ခဲ့ရတယ် လို့သိရပါတယ်။ ကိစ္စတွေ ဖြစ်ပွားပြီးနောက် ဘီလ်ဂိတ်ဟာ မိုက်ခရိုဆော့ဖ်ရဲ့ CEOရာထူးကနေ ၂၀၀၀ခုနှစ်မှာ အနားယူခဲ့ပါတယ်။ သူဟာ ကုမ္ပဏီရဲ့ ဆော့ဖ်၀ဲလ် အာခီတက် ခေါင်းဆောင်အဖြစ် လုပ်ကိုင်ခဲ့ပြီး Steve Ballmerက CEOဖြစ် လာခဲ့ပါတယ်။ ဒီအချိန်မှာပဲ ဘီလ်ဂိတ်ဟာ သူ့ရဲ့ဖောင်ဒေးရှင်းကို စတင်ထူထောင် ခဲ့ပါတယ်။

၂၀၀၂ခုနှစ်ခန့်မှာ ဘီလ်ဂိတ်ဟာ “Augusta National”ဆိုတဲ့ လက်ရွေးစင် Golfသမားများ ပါ၀င်တဲ့ Golf Clubကို ၀င်ရောက်ခဲ့ပြီး သူဟာ အဲဒီဂေါက်ကလပ်မှာ ဟိုတုန်းတည်းက အသင်း၀င်ချင်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ၂၀၀၄ခုနှစ် အရောက်မှာတော့ ကမ္ဘာကျော် သူေဋ္ဌးလည်းဖြစ်၊ ဘီလ်ဂိတ် သူငယ်ချင်းလည်း ဖြစ်တဲ့ ဝါရင်းဘတ်ဖတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ “Berkshire Hathaway”မှာလည်း ဘုတ်အဖွဲ့၀င် အဖြစ် ပါ၀င်ခဲ့ပါတယ်။၂၀၀၈ခုနှစ် အရောက်မှာတော့ ဘီလ်ဂိတ်ဟာ မိုက်ခရိုဆော့ဖ်ကနေ အပြီးတိုင် နှုတ်ထွက်ခဲ့ပြီး အငြိမ်းစား လူကြီးတစ်ယောက် အဖြစ်သာ နေပါတော့တယ်။ ဒါပေမယ့် Microsoftဟာ ဘီလ်ဂိတ်ရဲ့ ကုမ္ပဏီပဲ ဖြစ်ပြီး ၎င်းအနေနဲ့ ကုမ္ပဏီမှာ ပါ၀င်ပတ်သက်နေဆဲ ဖြစ်ပါတယ်။

“Bill & Melinda Gates Foundation”ဆိုတဲ့ ဘီလ်ဂိတ်တို့ ဇနီးမောင်နှံရဲ့ ဖောင်ဒေးရှင်းဟာလည်း အလုပ်တွေ အများကြီး လုပ်ဆောင်ခဲ့ပါတယ်။ ပိုလီယိုရောဂါ တိုက်ဖျက်တာ၊ ငှက်ဖျားရောဂါ ဖြစ်ပွားမှု လျှော့ချတာနဲ့ HIVရောဂါ တိုက်ဖျက်တာ၊ ကောင်းမွန်တဲ့ အိမ်သာတွေ စီစဉ်ပေးတာ စတဲ့ပရဟိတ လုပ်ငန်းတွေ လုပ်ဆောင်ပြီး လူတွေအများကြီးကို အကျိုးပြုနိုင်ခဲ့ပါတယ်။ သူ့ရဲ့ ဖောင်ဒေးရှင်းဟာ ကောင်းမွန်တဲ့ အလုပ်တွေ များများလုပ် လာတာနဲ့အမျှ ဘီလ်ဂိတ်ကိုလည်း လူချစ်လူခင် ပိုမိုပေါများ လာခဲ့တာပဲ ဖြစ်ပါတယ်။

ကွန်ပျူတာ ဂုရုကြီး ဘီလ်ဂိတ်ကတော့ ကျန်ရှိနေသေးတဲ့ သူ့ရဲ့ ဘ၀မှာ ဖောင်ဒေးရှင်းနဲ့ အလုပ်တွေ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပြီး Microsoftရဲ့ CEOအသစ် ရှာဖွေဖို့ကိုတော့ ကူညီပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အတုယူဖွယ်၊ လေးစားဖွယ်၊ အားကျဖွယ် မစ္စတာဘီလ်ဂိတ်ရဲ့ အကြောင်းခြင်းရာ တွေကို မြန်မာအိုင်စီတီ ပရိသတ်တွေ အတွက် ရေးသားတင်ဆက် ပေးလိုက်ရပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

5 thoughts on “Microsoftဖခင်ကြီး ဘီလ်ဂိတ်အကြောင်း

  1. Golden Smile says:

    မြန်မာလိုလား ဖတ်ချင် လိုက်တာ ကျေးကျေး english လို ဆိုရင်တော့ 🙁

    1. မြန်မာလို ရေးထားတာပါ ခင်ဗျာ… 🙂

  2. ဟုတ်တယ် မြန်မာလိုဆိုရင်တော့ဖတ်ချင်ပါတယ်

    1. မြန်မာလို ရေးထားတာပါ ခင်ဗျာ… 🙂

Leave a Reply

Your email address will not be published. Required fields are marked *