Opinion

ဖတ်မိခဲ့သော စာအုပ်အကြောင်း

ခုတစ်လော ဘာမှမရေးဖြစ်သလို အရင်က စာမဖတ်ရင် မနေတတ်တဲ့ ကျွန်မ၊ ခုတော့ ဘာမှလည်း မလုပ်ချင်၊ ဘာမှလည်း မဖတ်ချင်ဆိုတဲ့အတိုင်း ဘာမှမလုပ်ပဲ နေကြည့်မိတယ်။ ဒါပေမယ့် စာမဖတ်ပဲ အိပ်မပျော်တဲ့အတွက် စာလေးတော့ နည်းနည်းဖတ် ဖြစ်တယ်။ စာဖတ်ရင်းလည်း တွေးနေမိသေးတယ်။ စာအုပ်ခေတ် ကုန်တော့မည်လားလို့ လူအများ အငြင်းပွားဖွယ်ဖြစ်နေချိန် ကျွန်မကတော့ စာဖတ်ရင် လက်က ကိုင်ပြီး ဖတ်တတ်တဲ့ အကျင့်ကိုတော့ ခုထိ မဖျောက်နိုင်သေးပါဘူး။ လူတော်တော်များများက အင်တာနက် အသုံးပြုရင်း အီးဘုတ်တို့ PDFဖိုင်နဲ့ စာအုပ်တွေ ဖတ်တယ်လို့ ဆိုလာချိန်မှာလည်း ကျွန်မကတော့ လက်ကကိုင်ပြီး ဖတ်ရမှ အားရမိတယ်။ စာအုပ်တွေ လက်ကကိုင်ပြီးဖတ်တော့ ကိုယ်ရပ်ချင်တဲ့ နေရာရောက်ရင် ခဏမှတ်ထား၊ လိုချင်တဲ့အချက်ကို မျဉ်းတားတတ်တဲ့ အကျင့်တွေနဲ့ အံကိုက်ဖြစ်နေမိတာကိုး။ လက်ကကိုင်ဖတ်မှ စာဖတ်အရသာ ခံစားမိတော့ တကယ့်စာဖတ်အနှစ်သာရကို အပြည့်အ၀ ခံစားရတယ်လို့ထင်မြင်မိပါတယ်။ ဒီတော့ ခုထိ ဒီတိုင်း ကိုင်ဖတ်နေတုန်းပါပဲ။ လက်က စာအုပ် ကိုင်ဖတ်တယ်ဆိုလို့ အထင်တော့ မကြီးလေနဲ့။ မ၀ယ်နိုင်တဲ့ဘ၀မို့ လက်ဆောင်ရတဲ့ စာအုပ်တွေ၊ ဂျာနယ်တွေ၊ စာစောင်တွေကိုပဲ ဖတ်နေဖြစ်တာပါ။ တစ်ခါတလေ စာအုပ်ဈေးပွဲတော်လိုမျိုး ပွဲတွေရှိရင်တော့ ပျော်မိတယ်။ အဲလိုချိန်ဆို လိုချင်တဲ့ စာအုပ်တွေကို ဈေးပေါပေါနဲ့ ရနိုင်တယ်ဆိုတော့ ၀ယ်ဖြစ်ပါတယ်။ အိမ်ကတောင် ကြာတော့ ပြောလာတယ်။ နင် မနေနဲ့တော့ နင့်စာအုပ်တွေနဲ့ ပြည့်နေတာပဲတဲ့လေ။ ဒါပေမယ့် ကျွန်မကတော့ အရေးအသား ကြိုက်ပြီဆိုရင် ခဏခဏ ကိုင်ဖတ်ဖြစ်တယ်။ အဲ ဖတ်ပြီးတဲ့ စာအုပ်တွေ၊ ဂျာနယ်တွေကိုတော့ ပရဟိတ သွားလုပ်တဲ့အခါ ကျွန်မ ပြန်လည်ဝေမျှ ဖြစ်ပါတယ်။

ကျွန်မ ပေးလိုက်တဲ့ ဘာမဟုတ်တဲ့ စာအုပ်လေးတွေကို တယုတယနဲ့ လက်ခံပြီး သေသေချာချာ ဖတ်ရှုတာ မြင်ရတဲ့အခါ ကျွန်မ မျက်ရည် လည်အောင် ၀မ်းသာမိပါတယ်။ ကျွန်မရဲ့ အကျင့် တစ်ခုကတော့ နှစ်ခုရှိရင် သူများကို တစ်ခုပေးရမှ ကျေနပ်တတ်တဲ့ အကျင့်ပါပဲ။ နောက်တစ်ချက်က ကိုယ့်အတွက် အသုံးမ၀င်ရင် သူများအတွက် အသုံး၀င်မှာ ဆိုတဲ့အတွက် အမြဲတွေးဖြစ်တယ်။  တစ်ခါတလေ သူများ ပရဟိတလုပ်လို့ ကိုယ့်မလုပ်ရရင် ကိုယ့်ဘ၀ကိုယ် အားမရဘူး။ ဘာကြောင့်သူများလို မလှူတန်းနိုင်ရတာလဲလို့လည်း စိတ်ကဖြစ်မိတယ်။ ခုတစ်လော ဖတ်ဖြစ်တဲ့ စာအုပ်တွေလည်း ရှိပါတယ်။ အများအားဖြင့်က ကိုယ်ပိုင်စာအုပ်တွေ များတယ်။ စာအုပ်စင်လေး လုပ်ချင်တာလည်း ခုထိမလုပ်နိုင်သေးပါဘူး။ ငှားဖတ်ချင်တဲ့ သူတွေအတွက်လည်း ပေးဖတ် ဖြစ်ပါတယ်။ အများအားဖြင့်တော့ အပြင်မှာမရှိတဲ့ စာအုပ်တွေ ကိုတော့ မ၀ယ်နိုင်တဲ့အတွက် အီးဘုတ်တွေ ဒေါင်းပြီး ဖတ်ပေးမယ့် အင်တာနက် အမြဲမသုံးနိုင်သလို ကွန်ပျူတာ ရှေ့လည်း အချိန်ပြည့် မထိုင်နိုင်တဲ့ အတွက်ကြောင့် သိပ်ပြီး မဖတ်ဖြစ်မိဘူး။ တစ်ခါတလေ အွန်လိုင်းကနေ သူငယ်ချင်းတွေ ပို့ပေးတဲ့ အီးဘုတ်တွေလည်း ဒေါင်းပြီး ဖတ်ချင်တဲ့အခါနဲ့ ကွန်ပျူတာ သုံးနိုင်တဲ့အချိန်ကို အလုအယက် ဖတ်နေရတော့ အဆင်သိပ် မပြေလှပါဘူး။

စာတွေလည်း ရေးချင်စိတ် မရှိပေမယ့် တစ်ခါတလေ ဟိုမရောက် ဒီမရောက် မတောက်တခေါက်ကလေးနဲ့ ကဗျာမဟုတ် ဘာမဟုတ်တာလေးတွေ စိတ်ကူးတည့်ရာ ရေးကြည့်မိတာကို ၀ိုင်း၀န်အားပေးကြတာ တွေ့ရပြန်တော့ ရေးချင်စိတ် မရှိတဲ့စိတ်က အလိုလို ရေးချင်စိတ် ပြန်လည်ဖြစ်လာတယ်။ စာရေးတတ်လား ဆိုတော့ မရေးတတ်ပါဘူး။ စာဖတ်အားပဲ သန်ခဲ့တာ။ စာအုပ်တွေဖတ်ပြီး စဉ်းစားခန်း ၀င်ရတာလည်း အမောပါပဲ။ ဒါနဲ့ဖတ်ချင်ရင် မနောမှာရှိတဲ့ စာအုပ်တွေ ငှားဖတ်နိုင်ပါတယ်။ ရှိတဲ့စာအုပ်တွေကတော့ သူများ ကြိုက် မကြိုက်တော့ မသိဘူး။ ခုနောက်ပိုင်း စာရေးဆရာ စာအုပ်တွေတော့ မရှိပါဘူး။ ဖတ်ဖြစ်ခဲ့တဲ့ စာအုပ်တွေထဲက စာအုပ်တစ်အုပ် အကြောင်း ကျွန်မ ပြောပြပါရစေနော်။  စာအုပ်နာမည်ကတော့ နေမင်းတစ်ထောင် ဆိုတဲ့ စာအုပ်ပဲ ဖြစ်ပါတယ်။ နေမင်းတစ်ထောင်ဆိုတဲ့ စာအုပ်ကတော့ ဆရာ ဆင်ဖြူကျွန်းအောင်သိန်း ရေးသားထားပြီး အမျိုးသားစာပေဆု ရထားတဲ့ မြန်မာပြည်ကြီးရဲ့ သမိုင်းကြောင်း အစဉ်အဆက်ကို ကောင်စီခေတ်ထိ ရေးသားထားတဲ့ စာအုပ်ဖြစ်ပါတယ်။ စာအုပ်ကတော့ ရေးသားထားတာ ၉ အုပ်ရှိပြီး ထုတ်ဝေခွင့်ရခဲ့တာကတော့ ၈ အုပ်ပဲ ဖြစ်ပါတယ်။ ဒီစာအုပ်အစက မြန်မာပြည်ကို ဘယ်သူတွေ လွှမ်းမိုးခဲ့တယ်။ ဘယ်အချိန်၊ ဘယ်ဒေသမှာ ဘယ်သူ ခေတ်မှ ခေတ်အဆက်ဆက်နဲ့ ဆေးမင်ကြောင် ဘယ်ခေတ်က စတင် ထိုးကွင်းမင်ကြောင်များ ဖြစ်လာတာ စတဲ့ မနောတို့လို မသိခဲ့ မမြင်ခဲ့ မကြားခဲ့ဖူးတဲ့ သူတွေအတွက် မြန်မာပြည် အနေအထားကို ကွက်ကွက်ကွင်းကွင်း မြင်တွေ့နေရသကဲ့သို့ ဖတ်ရှုရတဲ့ စာအုပ်ကောင်း တစ်အုပ်ပါပဲ။ ဖြစ်နိုင်ရင်တော့ အိမ်တိုင်းမှာ ကိုယ်ပိုင် စာအုပ်အနေနဲ့ ရှိနေသင့်တယ်လို့ မနော ပြောချင်ပါတယ်။

စာအုပ်ပါ အကြောင်းအရာတွေက အလွန်ရက်စက်သော လက်နက်ကိုင် အဖွဲ့အစည်းများရဲ့ လှုပ်ရှားမှု၊ နောက် ပါတီ အဖွဲ့အစည်းများ အကြောင်းအရာများအပြင် ဒီ၀တ္ထုရဲ့ သက်တမ်းက နှစ်ပေါင်းရာကျော် ရေးဖွဲ့ထားတာကို တွေ့ရှိရပါတယ်။ ပဒေသရာဇ် မင်းငါးဆက်ခေတ်၊ ကျွန်ခေတ်၊ စစ်အတွင်း ဖက်ဆစ်ခေတ်၊ လွတ်လပ်ရေးခေတ်၊ ပြည်တွင်း စစ်ခေတ်၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်တို့ကို ဖြတ်သန်း ဖော်ပြထားပြီး မြန်မာ့ရိုးရာ ယဉ်ကျေးမှု ထုံးဓလေ့များကိုလည်း ဖော်ကျူးထားတဲ့အပြင် အမျိုးသားစိတ်၊ အမျိုးသား အားမာန် တို့ကိုလည်း ပေါ်လွှင်အောင် ပုံဖော်ထားနိုင်တဲ့ စာအုပ်ကောင်း တစ်အုပ်ပါပဲ။ အဖေမှသား၊ သားမှမြေး၊ မြေးမှမြစ်၊ မြစ်မှတီ တစ်ဆင့်ပြီး တစ်ဆင့် ဇာတ်လမ်းဟာကွက်မရှိပဲ ကျွန်မလို ပိန်းတဲ့သူတောင် ကိုယ်တိုင် ပါ၀င်လှုပ်ရှားနေ သကဲ့သို့ နားလည်ခံစားနိုင်အောင် ရေးဖွဲ့ထားပုံကတော့ တကယ့်ကို အံ့မခန်းလို့ ကျွန်မ ပြောချင်ပါတယ်။ ဒီစာအုပ် ဖတ်မိမှသာ မြန်မာပြည်မှာနေပြီး ဘယ်ချိန်က ဘယ်လိုဖြစ်ခဲ့တာ ဆိုတာကို သိမှတ်ခဲ့ရတဲ့ အတွက်လည်း ကျွန်မအတွက်တော့ အလွန်အဖိုးတန်တဲ့ စာအုပ်ကောင်း တစ်အုပ်လို့ ပြောလိုက် ရပါတော့သည်။

စာအုပ်စာပေ လူ့မိတ်ဆွေဆိုတဲ့အတိုင်း အချိန်အားတိုင်း စာဖတ်ကြပါလို့ ဒီနေရာကနေ တိုက်တွန်း လိုက်ပါရစေ……

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *