News

ရန်ကုန်မြို့တော် လမ်းပေါင်း ၃၀၀ခန့် ပြင်ဆင်ပြီးဟု ဆို

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နမိတ်အတွင်းရှိမြို့နယ် ၃၃မြို့နယ်တွင် လမ်းမကြီးများ လမ်းသွယ်များ အပါအဝင် လမ်းပေါင်း ၃၀၀ခန့်ကို ယခုနှစ်အတွင်း လမ်းသားချဲ့ထွင်ခြင်း၊ ကွန်ကရစ်နှင့် ကတ္တရာလမ်းများအဖြစ် အဆင့်မြှင့်တင်ခြင်း၊ လုပ်ငန်းများ ဆောင်ရွက်ပြီးကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)မှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်ဟု သိရသည်။

အဆိုပါ လမ်းများအဆင့်မြှင့်ရာတွင် ကျောင်းများ၊ ဆေးရုံများ တည်ရှိသော လမ်းမများနှင့် ယာဉ်သွားလာမှုတွင် အဓိကကျသော လမ်းမကြီးများကို ဦးစားပေး ပြင်ဆင်လျက်ရှိပြီး ယခုဘဏ္ဍာရေးနှစ်အတွင်း ပြင်ဆင်ရန် လျာထားသော လမ်းပေါင်း ၄၀၀ကျော်အနက် ၃၀၀ခန့်ကို ပြင်ဆင်ပြီးဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ အဓိကလမ်းမကြီးဖြစ်သော ကမ်းနားလမ်း ချဲ့ထွင်ခြင်း၊ လုပ်ငန်းကို ဆောင်ရွက်ပြီးနောက် ဘုရင့်နောင်လမ်းနှင့် အလုံလမ်းတို့ကိုလည်း ဆက်လက်ပြင်ဆင်နေကြောင်း၊ ယင်းကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)ထံမှ သိရှိရသည်ဟု ဆိုသည်။

ယခုဘဏ္ဍာရေးနှစ်အတွင်း ပြင်ဆင်ရန် လျာထားသော လမ်းပေါင်း ၄၀၀ကျော်အား လမ်းသားချဲ့ထွင်ခြင်းနှင့် လမ်းပြုပြင်ခြင်းများ ပြီးစီးပါက ရန်ကုန်မြို့တွင် ယာဉ်ရပ်နားရန် နေရာများပြားလာနိုင်ကာ ပြည်သူများကပါ စည်းကမ်းရှိရှိ ယာဉ်ရပ်နားပါက ယာဉ်ကြောပိတ်ဆို့မှုကို ထက်ဝက်ခန့်လျော့ကျစေနိုင်ကြောင်း၊ ယင်းဌာနမှပင် သိရသည်။

ရပ်ကွက်ထဲက လမ်းတွေကို ကွန်ကရစ်ခင်းတာက လမ်းအကုန်လုံးကို မခင်းတော့ ကျန်တဲ့ လမ်းတွေက မိုးရွာရင် အရင်ကထက် ပိုပြီးတော့ ရေတင်တယ်”ဟု တောင်ဥက္ကလာနေသူတစ်ဦးက ပြောကြားသည်။ သာကေတမြို့နယ်နေသူတစ်ဦးကလည်း “အရင်တုန်းက ပျက်အစဉ် ပြင်ခဏ ဖြစ်နေတဲ့ ဇင်္ဂမလမ်းမကြီးကို ကွန်ကရစ်ခင်းပေးလိုက်တဲ့အတွက် လမ်းမကြီးကတော့ ဖြောင့်ဖြူးသွားပါပြီ။ မြို့တော်စည်ပင်ကိုလည်း ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် သွားလာနေကြတဲ့ မော်တော်ယာဉ်တွေ၊ ဆိုင်ကယ်တွေ၊ စက်ဘီး ဆိုက်ကားတွေနဲ့ လမ်းသွားလမ်းလာတွေကအစ အားလုံး စည်းကမ်းရှိကြဖို့ပဲ လိုပါတယ်”ဟု ပြောကြသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နမိတ်အတွင်းရှိ မြို့နယ် ၃၃ခုတွင် ၂၀၁၃/၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း လမ်းသွယ်များအပါအဝင် လမ်းပေါင်း ၄၀၀ကျော်ကို ငွေကျပ် ၃၁ဘီလီယံ အကုန်အကျခံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

One thought on “ရန်ကုန်မြို့တော် လမ်းပေါင်း ၃၀၀ခန့် ပြင်ဆင်ပြီးဟု ဆို

  1. Sai Kaung Satt Thar says:

    welcome ^_^

Leave a Reply

Your email address will not be published. Required fields are marked *