News, Travel

မုံရွာမြို့ ရှစ်လေးလုံး ငွေရတု ကျင်းပရာ ကျောင်းတိုက်ရှိ သံဃာတစ်ပါး မီးရှို့သတ်သေသည်ဟု ယူဆရကာ ပျံလွန်တော်မူ

ရှစ်လေးလုံး ငွေရတု အခမ်းအနား ကျင်းပသည့် မုံရွာမြို့၊ မဟာဇောတိကရာမကျောင်းတိုက်တွင် သြဂုတ်လ ၈ရက်နေ့ နံနက် ၂နာရီခန့်က သံဃာတစ်ပါး ကိုယ့်ကိုယ်ကို မီးရှို့သည်ဟု ယူဆကာ ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။

“ကျောင်းတိုက်ထဲမှာ ရှစ်လေးလုံး အခမ်းအနား ကျင်းပတာကြောင့် လူအဝင်အထွက်နဲ့ သတိမထားမိလိုက်ဘူး။ ကျောင်းမှာ မီးရှို့ပူဇော်ဖို့ ကြိုးစားပြီး အထမမြောက်တာတွေ ဖြစ်ဖူးတယ်။ နှစ်ဆန်းပိုင်းမှာပဲ ယောနယ်က နေလာတဲ့ စာချတန်းက ဦးသုမင်္ဂလ ဘုရားစင်ပေါ်မှာ လက်သန်းဖြတ် လှူဒါန်းတာ လုပ်ဖူးတယ်”ဟု ကျောင်းတိုက်မှ သံဃာတော်တစ်ပါးက မိန့်ကြားသည်ဟု ဆိုသည်။

မဟာဇောတိက ရာမကျောင်းတိုက် ရတနာမုနိစေတီတော် အရှေ့ဘက် လှေကားခြေတော်ရင်းတွင် မီးရှို့ခဲ့ပြီး နံနက် ၂နာရီခွဲခန့်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ပျံလွန်တော်မူခဲ့သော သံဃာတော်မှာ မြိုင်မြို့နယ်၊ အုတ်နှဲဘုတ် ကျေးရွာမှ ဖြစ်ပြီး သက်တော် ၂၄နှစ်၊ ဝါတော် လေးဝါရ ဦးပဉ္စင်းဦးသုန္ဒရဖြစ်ကာ မဟာဇောတိကာ ရာမကျောင်းတိုက်တွင် အငယ်တန်း သင်ယူနေကြောင်း သိရသည်။

“ဦးသုန္ဒရဟာ သဘောထား အလွန်ကောင်းပါတယ်။ တခြား ဘယ်ပြဿနာမှ ဖြစ်တာ မကြားဖူးဘူး။ မနေ့ကတော့ ကျောင်းထဲက ကုဋိရေအိမ်တွေ လိုက်ဆေးပြီး ကုသိုလ်ယူနေတာ တွေ့ရတယ်။ ခြင်ထောင်ပေါ်မှာ သေတမ်းစာ သဘောမျိုး စာရေးထားတဲ့ စာအုပ်နဲ့ ဘောလ်ပင်ကို တွေ့ရတယ်။ စာအုပ်ထဲမှာ ဦးဇင်းရဲ့ ပစ္စည်းတွေကို အခြား သံဃာတော်တွေကို လှူဒါန်းပါကြောင်း တွေ့ရတယ်”ဟု ကိုရင်ရှင်ဝိစိတ္တက မိန့်ကြားခဲ့သည်။

သေဆုံးမှုအား သက်ဆိုင်ရာ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရပါသည်။ ရဟန်းသံဃာများ ကိုယ့်ကိုယ်ကို မီးရှို့သတ်သေမှုကို ဗီယက်နမ် စစ်ပွဲအတွင်းက တွေ့ခဲ့ဖူးသည်။ စစ်ကို ဆန့်ကျင်သည့်အနေဖြင့် မိမိကိုယ်ကို မီးရှို့ဆန္ဒပြကြခြင်း ဖြစ်သည်။ ထို့အတူပင် မိမိနှင့် အကြောင်းသဘော မတိုက်ဆိုင်သဖြင့် ကိုယ့်ကိုယ်ကို မီးရှို့ဆန္ဒပြမှုများ ရှိခဲ့သည်။

တကယ်ဆိုလျှင် အစွန်းရောက်လွန်းသည့် အပြုအမူဖြစ်သည်။ ရဟန်းသံဃာတစ်ပါးအနေဖြင့် ဝိနည်းတော်နှင့်လည်း ညီမည်မထင်ပါ။ ယခု ဦးသုန္ဒရအနေဖြင့် မည်သည့် အကြောင်းကြောင့် ယခုကဲ့သို့ ပြုမူသည်ကို မသိပါ။ ရှစ်လေးလုံးနှစ်ပတ်လည်နှင့် တိုက်ဆိုင်နေသဖြင့် မီးရှို့ထောက်ခံသည်လား။ သက်တော် ၂၄နှစ်သာ ရှိသေးသဖြင့် ရှစ်လေးလုံးဖြစ်တော့ သူ့ကို မမွေးသေးပါ။ အဲဒီတုန်းက ဆန္ဒပြရင်း သေဆုံးခဲ့တဲ့သူတစ်ယောက် ဖြစ်နေပြီးတော့ အထုံပါလာတာလား စဉ်းစားဝေခွဲမရ မသိနိုင်တော့ပါ။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *