Opinion

မေ့မရနိုင်သော နေ့လေးတစ်နေ့

ဝါဆိုဝါခေါင် ရေဖောင်ဖောင်ဆိုတဲ့ အတိုင်းပဲ။ ဆိုင်းမဆင့် ဗုံမဆင့်ဘဲ ရန်ကုန်မိုးဟာ ဗြုန်းခနဲရွာပြီး တိတ်သွားသော်လည်း အခုတော့ ဘယ်အငြိုးကြောင့် ဒေါမာန်ကြီးစွာနဲ့ ရွာသွန်းနေရပါလိမ့်လို့ ကျွန်မ စဉ်းစားနေမိတယ်။ လမ်းသွားလမ်းလာတွေလည်း မရှိသလောက် ဖြစ်နေပြီး ကျွန်မ တစ်ယောက်ထဲ မိုးရွာထဲ လျှောက်သွားနေမိပါ တကား။ သြော်… ဘာလိုလိုနဲ့ မမေ့သင့်၊ မမေ့အပ်၊ မမေ့နိုင်တဲ့နေ့လေး တစ်နေ့ကို ရောက်တော့ မှာပါလား။ ဒီလိုပဲ ရင်ထဲမှာ အခုချိန်ထိ မမေ့နိုင်တဲ့နေ့လေးနှင့်အတူ ကျွန်မရဲ့ မွေးရက်လည်း ရောက်လာတော့မှာပါလား။ ကျွန်မရဲ့မွေးနေ့က ဇူလိုင် ၁၉ပြီး နောက်တစ်ရက်လေ။ အင်း… အသက်လည်း တစ်နှစ်ကြီးပြန်ပြီပေါ့။ ဒီအစိုင်အခဲဟာ ကျွန်မ အသက်အရှင်နေသမျှ ကာလပတ်လုံး ပို၍ ပို၍ ကြီးထွားနေမှာဘဲ။ ထိုရက်ကား ဇူလိုင် ၁၉ရက်နေ့ပင် ဖြစ်ပါသည်။ ဇူလိုင် ၁၉ နင့်အတူ မျက်ရည်မိုးတွေလည်း သွန်းေ၀ဖြိုးပေတော့မယ်လေ။

ဒီကနေ့တော့ သည်းထန်စွာ ရွာနေတဲ့မိုးကြောင့် ဟိုတစ်ချိန်ဆီက မေ့မရနိုင်သော နေ့လေးတစ်နေ့ကို မျက်စိမှာ မြင်ယောင်ကြည့်နေမိတော့သည်။ ဒါဟာ ငယ်ငယ်လေး ကတည်းက မိဘများက ပြောပြခဲ့တဲ့ အကြောင်းအရာတစ်ခုဆိုလဲ ပိုမှန်ပါတယ်။ ကြီးလာတော့ လက်လှမ်းမီသလောက် လေ့လာ၊ ပြီးတော့ သံရုံးက အခွေတွေ ဘာတွေ ငှားကြည့်ဖြစ်ခဲ့တယ်လေ။ ကျွန်မတွေးမိတဲ့အကြောင်းအရာကတော့ လွန်ခဲ့တဲ့ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်နေ့၊ မိုးတွေ တစိမ့်စိမ့်ရွာသွန်းနေတဲ့အချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် အာဇာနည်ကိုးဦးတို့ဟာ နယ်ချဲ့လက်ပါးစေ ဂဠုန်ဦးစော (အခိုင်းခံရသူ)ရဲ့ လက်ချက်နဲ့ ကျဆုံးခဲ့ရခြင်းပဲ ဖြစ်ပါတယ်။ ကျွန်မ သိသလောက်ပေါ့လေ နောက်ပိုင်း လေ့လာမိ သလောက်ကတော့ ဂဠုန်ဦးစောဟာ (ဟုတ် မဟုတ်တော့ မသိဘူး၊ သိတာကို ပြောပြတာနော်) ဆာတော်မန်စမစ်ရဲ့ စေခိုင်းချက်ကြာင့် အာဏာရာထူးကို မက်မောပြီး လုပ်ကြံခဲ့ခြင်း ဖြစ်တယ် ဆိုတာ သိခဲ့ရပါသည်။ အင်း… မြန်မာတိုင်းရင်းသားတို့အတွက်တော့ ကမ္ဘာသာကျေပြီး ဥဒါန်းကျေမှာ မဟုတ်တဲ့ နေ့လေးတစ်နေ့ပေါ့။ ပြောရရင်တော့ ၁၉၄၇ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ဟာ ကျွန်မတို့ရဲ့ လွတ်လပ်ရေး ပန်းတိုင်နှင့် မေ၀းတော့တဲ့အချိန်အခါ သမယဖြစ်တော့မဲ့ အချိန်ပေါ့။ မိုးရာသီဖြစ်တဲ့ အတွက် မိုးရွာတာဟာ မဆန်းပါဘူး။ ဒါပေမယ့် ထိုနေ့မှာတော့ မိုးမင်းကြီးဟာ ဒီသတင်းဆိုးကို ကြိုတင်ပဲ သိနေလို့လား ညိုသော အရောင်မှောင်တဲ့ အသွင်ကို ဆောင်ပြီး တိမ်လွှာတိမ်လိပ်တို့ကလည်း မိုးကောင်းကင်မှာ ချက်ချက်ဘဲ အုံ့ဆိုင်းတက် လာတာပေါ့။ အဲဒီအချိန်မှာ မိုးသံ တချုန်းချုန်း မျက်စိတစ်မှိတ် လျှက်တစ်ပြက် အတွင်းမှာဘဲ လျှပ်စီးတွေ လက်ပြီး လေကလည်း ထန်လာတယ်။ အချိန်ကား နံနက် ၁၀ နာရီခန့် ရန်ကုန်မြို့လယ်ရှိ အတွင်း၀န်ရုံးဟာ မိုးတွေကြားမှာ လေပြင်းကို အန်တုပြီး အခိုင်အမာ ရပ်တည်နေတာပေါ့။ အဲ.. အထဲမှာ ရှိတဲ့လူတွေဟာ အချမ်းဒဏ်ကို ဂရုမပြုနိုင်ဘဲ တိုင်းရင်းသားအားလုံးအတွက် လှုပ်ရှားနေခဲ့ကြတယ်လေ။ သူတို့ဟာ အတွင်း၀န်ရုံး ပထမထပ် အလယ်ခန်းမှာ ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုတဲ့ မျိုးချစ်ခေါင်းဆောင်ကြီးတွေပဲ ဖြစ်ပါတယ်။

2

အသက် ၃၃ နှစ်၀န်းကျင်ပဲ ရှိသေးတဲ့ ဗိုလ်ချုပ်ဟာ တက်ရောက်လာတဲ့ ခေါင်းဆောင်ကြီးတွေနဲ့ ကျွန်မတို့ရဲ့ နိုင်ငံအတွက် ဆွေးနွေးတိုင်ပင်နေကြ တာပေါ့။ ခေါင်းဆောင်တွေဟာ နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးအတွက် နေ့ညမဟူ လုံ့လထုတ်ကြ ရှာရပါတယ်။ ဒါပေမဲ့ ဇူလိုင်လ ၁၉ရက် နံနက် ၁၀ နာရီနဲ့ ၃၇မိနစ်အချိန်လောက် မှာဘဲ ဘယ်လိုမှ မထင်မှတ်ထားတဲ့ ရင်နင့်ဖွယ် အဖြစ်ဆိုးကြီးဟာ ရုတ်တရက် ဖြစ်သွားခဲ့ရပြီလေ။ ဆူညံစွာ မောင်း၀င် လာတဲ့စက်သံနှင့်အတူ ဂျစ်ကားတစ်စီးဟာ အတွင်း၀န်ရုံးရှေ့ကို ရောက်ရှိလာပြီး မျက်နှာဖုံးစွပ် လူလေးယောက်ဟာ ရုတ်တရက် ၀င်ရောက် လာပြီး မြင်မြင်သမျှ မည်းမည်းမြင်ရာကို လိုက်လံ ပစ်ခတ်တော့တာပါပဲ။ ဗိုလ်ချုပ်ဟာ ရုတ်ခြည်းထရပ်ပြီး တားရန် ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ သေနတ်ကျည်ဆန်ထိပ်ဖူးဟာ ကိုယ်တွင်းကို ရောက်ရှိသွားပြီး တားမြစ်မှုဟာ မအောင်မြင်ခဲ့ဘူးပေါ့။ အဖြစ်အပျက်ဟာ မြန်ဆန်လွန်းတဲ့အတွက် တစ်ခဏအတွင်းမှာ မြင်မကောင်းအောင် သွေးချောင်းစီး သွားပါတယ်။ မျိုးချစ်ပုဂ္ဂိုလ် ကိုးဦးဟာ မျိုးဖျက်သစ္စာဖောက်၊ အသားထဲက လောက်ထွက်တဲ့ သူတွေရဲ့ စနစ်ကြောင့် ကျဆုံးခဲ့ရ ရှာတော့တယ်။ ပြည်သူက ချစ်သော ဗိုလ်ချုပ်ဟာ ပြည်သူ့အတွက် လုပ်ဆောင်ရင်းနဲ့ အကြံပက်စက် ဆန်ကောလောက်မှ ဇောက်မနက်တဲ့ လူတွေရဲ့လက်ချက်နဲ့ ကျဆုံးခဲ့ရလေတယ်။ ဘယ်လောက် မိုက်ရိုင်းလိုက်သလဲ။ ဗိုလ်ချုပ်နဲ့အတူ သခင်မြ၊ မန်းဘခိုင်၊ ဒီးဒုတ်ဦးဘချို၊ မစ္စတာ အဗ္ဗဒူရာဇာတ်၊ ဦးဘ၀င်းတို့လည်း အဲဒီနေရာမှာတင် သေဆုံးခဲ့ရရှာတယ်။ အဲ… ဒဏ်ရာပြင်းထန်စွာ ရသွားတဲ့ မိုင်းပွန်စော်ဘွား စောစံထွန်း၊ အတွင်း၀န် ဦးအုန်းမောင်နှင့် သက်တော်စောင့် မောင်ထွေးတို့လည်း ရရှိတဲ့ဒဏ်ရာနဲ့ သေဆုံးခဲ့ရရှာတယ်။ အာဇာနည် ကြယ်ကိုးပွင့် အကြေွစောခဲ့ရလေပြီ။

အခုချိန်မှာတော့ ဗိုလ်ချုပ်တို့ရဲ့ သွေးစက်နဲ့ လမ်းခင်းပေးခဲ့တဲ့ လွတ်လပ်ရေးဟာ အထင်အရှား ရှိခဲ့ရပြီလေ။ ယခုဆိုရင် ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ကို ရောက်ရှိ လာခဲ့ပြန်ပြီပေါ့။ ကျွန်မလေ ရေးစရာတွေ ရင်ထဲမှာ အပြည့်ရှိနေပါတယ်။ ဒါပေမဲ့ ရင်ထဲမှာ ၀မ်းနည်းဆို့နစ်ကြေကွဲပြီး ဘယ်လိုမှ ဆက်ရေးလို့ မရတော့ဘူး။ အခု မိုးတွေ သည်းကြီးမဲကြီး ရွာနေပြန်ပြီလေ။ အာဇာနည်နေ့ကို ကြိုတင်ဦးညွှတ်ဂုဏ်ပြုနေသည့်အလား၊ ကျွန်မရဲ့ ရင်ထဲမှာ မေ့မရသောနေ့လေး တစ်နေ့ကို မြင်ယောင်နေမိပါတော့တယ်။ အားလုံး တိတ်ဆိတ်ငြိမ်သက်စွာနဲ့ ကျဆုံးလေပြီးသော အာဇာနည် မျိုးချစ် ခေါင်းဆောင်ကြီးတွေကို ကျွန်မနဲ့အတူ ၀မ်းနည်းပူဆွေးစွာနဲ့ပဲ ဂုဏ်ပြုကြိုဆိုကြပါစို့နော်။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

One thought on “မေ့မရနိုင်သော နေ့လေးတစ်နေ့

  1. Shwe Zin says:

    ဟုတ်ပါတယ်ရှင်။ လူတိုင်းရဲ့ရင်ထဲမှာ မမေ့သင့်တဲ့နေ့လေးတစ်နေ့လေးပါပဲ။ ဖတ်လိုက်တော့ ရင်ထဲအတော်ခံစားမြင်ယောင်သွားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *