News

နိုင်ငံရေး အကျဉ်းသူဟောင်း ၁၀ဦး၏ “နေဒဏ်ခံ ပန်းသတင်း”စာအုပ်မိတ်ဆက်

ရှစ်လေးလုံး အရေးအခင်းတွင် ပါဝင်ခဲ့ကြသည့် နိုင်ငံရေး အကျဉ်းသူဟောင်း ၁၀ဦးတို့၏ ဘဝဖြတ်သန်းမှုများကို ရေးသားပြုစုထားသော “နေဒဏ်ခံ ပန်းသတင်း” စာအုပ်မိတ်ဆက်ပွဲကို သြဂုတ်လ ၉ရက်နေ့ မွန်းလွဲ ၁နာရီက ဗိုလ်အောင်ကျော်လမ်း ဟုမ်းမီဒီယာ ခန်းမ၌ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ယင်းစာအုပ်ကို နိုင်ငံရေး အကျဉ်းသူဟောင်းများ ဖြစ်ကြသည့် စမ်းစမ်းနွဲ့ (သာယာဝတီ)၊ ငယ်မမသန်း၊ ချိုနွယ်ဦး၊ ခင်မကြီး၊ မိုမိုအေး (M.C.S)၊ ပြုံးပြုံးအေး၊ မသီတာ (၉၆)၊ ခင်ငြိမ်းသစ်၊ မာမာဦး
နှင့် မေအိခင် (လယ်ဝေး)တို့က ၎င်းတို့၏ နိုင်ငံရေးဘဝ ဖြတ်သန်းမှုများကို စုစည်းရေးသား ဖော်ပြထားကြောင်း ရှင်းလင်းပြောကြားသည်။ အခမ်းအနားသို့ အဆိုတော်ကြီး ဒေါ်မာမာအေးကလည်း တက်ရောက် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

“ဒီစာအုပ်ကို ထုတ်ဝေတာက ကျွန်မရဲ့ တပည့်မလေးပါ။ လင်းလွန်းခင်က စာအုပ်ကောင်းကောင်း ထုတ်မယ်။ အမှတ်တရဖြစ်မယ့် စာအုပ်ထုတ်မယ်။ ပြီးတော့ သူက ဖိတ်တယ်။ ဒေါ်စမ်းစမ်းနွဲ့နဲ့ကလည်း ခင်တယ်။ ပြီးတော့ သူတို့လို ပညာတတ်လေးတွေက နိုင်ငံရေးနဲ့ ပတ်သက်ပြီး ထောင်ကျခဲ့တဲ့ သူတွေဆိုတော့ သူတို့အကြောင်း ဒီစာအုပ်ကို ဖတ်ခြင်းအားဖြင့် ထောင်ထဲမှာလည်း အခက်အခဲ ပြဿနာတွေနဲ့လည်း နေလာခဲ့ရတော့ ငါတို့က ထောင်ကျထားတဲ့သူတွေဆိုပြီး စိတ်ဓာတ်ကျပြီး နိုင်ငံရေးကိစ္စတွေမှာ ဝင်လုပ်ချင်စိတ် ပျောက်သွားမှာစိုးလို့ လာရောက် အားပေးတာပါ”ဟု ဒေါ်မာမာအေးက ပြောကြားခဲ့သည်။

အဆိုပါ စာအုပ်ကို Color Zone Pressက ပုံနှိပ်ပြီး လင်းလွန်းခင်စာပေတိုက်မှ ထုတ်ဝေကြောင်း၊ အုပ်ရေ ၅၀၀ ထုတ်ဝေကြောင်းနှင့် ၎င်းတို့ ၁၀ဦးက ယင်းစာအုပ်တွင် အပြည့်အစုံ မပါရှိသေးသဖြင့် ကျန်ရှိသည်များကို နောက်ဆက်တွဲ “နေဒဏ်ခံ ပန်းသတင်း (၂)”အဖြစ် ဆက်လက်ထုတ်ဝေရန် စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။

ထောင်နှင့် ပတ်သက်၍ ဝတ္ထုလုံးချင်းများ ထွက်ခဲ့ဖူးသည်။ မဂ္ဂဇင်း ဝတ္ထုတိုများလည်း ရေးသားကြသည်။ သခင်မြသန်း ရေးသော ထောင်ဝတ္ထုတွေ ရှိသည်။ မဂ္ဂဇင်းအခန်းဆက် ဝတ္ထုရှည်များတွင် ထောင်မင်းသား ဘိုးထော်မှာ လူကြိုက်များခဲ့သည်။ ထောင်နှင့် ပတ်သက်၍ အသီးသီး ရေးသားကြရာတွင် ယခုနိုင်ငံရေး အကျဉ်းသူများ၏ လက်ရာမှာလည်း ရှုထောင့်တစ်မျိုးမှ ဖတ်ရှုကြရလိမ့်မည် ထင်ပါသည်။ အကျဉ်းထောင်အတွင်း အတွေ့အကြုံများကို စိတ်ဝင်စားသူများလည်း နေဒဏ်ခံ ပန်းလေးများကို အားပေးကြပါစို့။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *