နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ဟောင်ကောင် အထူးအုပ်ချုပ်ရေး ဒေသအစိုးရအဖွဲ့မှ ဘဏ္႑ာရေး ဝန်ကြီး / ဘဏ္႑ာရေး အတွင်းဝန် Mr.John Tsang Chun-wah ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ဇွန်လ ၂၈ရက်နေ့ နံနက် ၁၁နာရီက နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံရာတွင် နိုင်ငံတော် သမ္မတဦးသိန်းစိန်က ဟောင်ကောင်မှ လုပ်ငန်းရှင်များ မြန်မာနိုင်ငံ၌ လာရောက် ရင်းနှီးမြှုပ်နှံပါက များစွာ ကြိုဆိုပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် စီးပွားရေး ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများကို နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနှင့်အတူူ တစ်ပြိုင်တည်း ဆောင်ရွက်လျက် ရှိပြီး ပြည်ပ ရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်းများစွာ ဖွင့်ပေးထားပါကြောင်း၊ စားသောက်ကုန် အမျိုးမျိုး ထုတ်လုပ်ရေး လုပ်ငန်းများ၊ လယ်ယာ၊ သစ်တော၊ သတ္တု၊ စွမ်းအင် ထုတ်လုပ်ရေး ကဏ္႑၊ အထူးစီးပွားရေးဇုန်များ၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ဟံသာဝတီ လေဆိပ်တိုးချဲ့ တည်ဆောက်ရေး လုပ်ငန်းများ၊ ခရီးသွားလာရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံနိုင်ပါကြောင်း၊ မြန်မာနိုင်ငံနှင့် ဟောင်ကောင်တို့အကြား ကုန်သွယ်မှု နည်းပါးနေသေးရာ ကုန်သွယ်မှု ပမာဏတိုးမြှင့်လိုပါကြောင်း၊ ဟောင်ကောင် အုပ်ချုပ်ရေးမှုးအား မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ရန် အဆွေတော်မှ တစ်ဆင့် ဖိတ်ကြားပါကြောင်းဖြင့် ပြောကြားသည်ဟု နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားချက်အရ သိရပါသည်။
ထို့နောက် ဟောင်ကောင် ဘဏ္႑ာရေး ဝန်ကြီးက ဟောင်ကောင် အနေဖြင့် မြန်မာနိုင်ငံနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်နိုင်မည်ဟု ခံယူထားပြီး နှစ်ဖက် ပူးပေါင်း ဆောင်ရွက်နိုင်မည့် ကဏ္႑အများအပြားရှိပါကြောင်း၊ အထည်ချုပ် စက်ရုံ၊ ကလေးကစားစရာ ပစ္စည်း ထုတ်လုပ်ရေး စက်ရုံ၊ လျှပ်စစ်ပစ္စည်း စက်ရုံများအပြင်၊ ဝန်ဆောင်မှု လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံနိုင်မည်ဟု မျှော်လင့်ထားပါကြောင်းဖြင့် ပြန်လည် ပြောကြားခဲ့ပါသည်။
ထို့အပြင် ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း အများအပြား ရရှိစေနိုင်မည့် လုပ်ငန်းများတွင် ဦးစားပေး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရေး၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး ကဏ္႑တွင် ရင်းနှီးမြှုပ်နှံနိုင်မှု၊ နေပြည်တော် တစ်ဝိုက်တွင် မီးခိုးမထွက်၊ ရေဆိုးမထွက် စက်ရုံများ၊ တည်ဆောက်နိုင်မှု၊ တယ်လီဖုန်း ထုတ်လုပ်ရေး လုပ်ငန်းများ၊ ဆောင်ရွက်နိုင်မှုတို့နှင့် စပ်လျဉ်း၍လည်း ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲသို့ နိုင်ငံတော် သမ္မတနှင့် အတူ ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်း၊ ဦးဝင်းရှိန်၊ ဒေါက်တာ ကံဇော်၊ ဦးကျော်လွင်၊ ဒုတိယ ဝန်ကြီး ဦးဇင်ယော်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြကြောင်း သိရှိရပါသည်။
အဘက်ဘက်မှတိုးတက်အောင်ဆောင်ရွက်နေတာကို လေးစားဂုဏ်ယူပါတယ်။တကယ်လက်တွေ့ အကောင်အတည်ဖော်နိုင်ပြီး ပြည်သူတွေရဲ့ ဘ၀ကို အချိန်ကာလ တစ်ခုအတွင်း အဆင့်မြှင့်နိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။