မြန်မာနိုင်ငံတွင် နိုင်ငံခြားမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံငွေမှာ ယခင်က အမေရိကန် ဒေါ်လာသန်း ၂၀၀သာ ရှိခဲ့ရာမှ မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေပြဌာန်းအပြီးတွင် အမေရိကန် ဒေါ်လာ ၁ဒသမ ၄ဘီလျံအထိ ငါးဆတိုးတက်လာကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီးဌာန၊ ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေမှူးချူပ် ဦးအောင်နိုင်ဦးက ပြောကြားခဲ့သည်ဟု သိရသည်။
“ကျွန်တော်တို့ ခန့်မှန်းချက်သာ မမှားယွင်းဘူးဆိုရင် ဒီနှစ် ဘဏ္႑ာနှစ်ကုန်ရင် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ပမာဏဟာ အမေရိကန် ဒေါ်လာ သုံးဘီလီလျံအထိ စီး၀င်လာမှာ ဖြစ်ပါတယ်”ဟု ဦးအောင်နိုင်ဦးက ပြောကြားသည်။ အဆိုပါ ပမာဏာမှာ စီးပွားရေး ပြုပြင်ပြောင်းလဲမှုကြောင့် တိုးတက်လာခြင်းဖြစ်ပြီး နောင်နှစ်များတွင် ပိုမိုတိုးတက်လာနိုင်ကြောင်း ၄င်းက ခန့်မှန်းပြောကြားသည်။
“၂၀၁၁ခုနှစ် မတိုင်မီက ကျွန်နတော် ဒီဌာနမှာပဲ လုပ်ပေမယ့် ကျွန်တော်တို့ဆီကို ရင်းနှီးမြှုပ်နှံမှုအတွက် လာရောက်တဲ့သူတွေ တစ်လမှ တစ်ဖွဲ့ နှစ်ဖွဲ့လောက်ပဲ ရှိပါတယ်။ အခု တစ်နေ့ကို ခြောက်ဖွဲ့ ခုနှစ်ဖွဲ့လောက် လာကြပါတယ်။ လာတာမှာ ဂျပန်နိုင်ငံက အများစုမို့ ဂျပန်ဆူနာမီလှိုင်းတွေ လာနေသလိုတောင် ပြောယူရပါတယ်”ဟု ဦးအောင်နိုင်ဦးက ပြောသည်။
အဆိုပါ Myanmar Global Investment Forumတွင် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှု ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးကြရာ Serge Pun & Associates ကုမ္ပဏီ ဥက္ကဌ မစ္စတာဆာ့ချ်ပန်းက မြန်မာနိုင်ငံတွင် ကုမ္ပဏီထောင်လိုသူများအနေဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC ဥက္ကဌနှင့် သွားရောက်တွေ့ဆုံကာ အတည်ပြုချက် ရယူရန်လိုသဖြင့် လုပ်ငန်းဆိုင်ရာ ကြာမြင့်နေကြောင်း ေ၀ဖန်ပြောကြားခဲ့သည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ဦးအောင်နိုင်ဦးက MIC၏ လုပ်ငန်းစဉ်အရ ကုမ္ပဏီအတည်ပြုချက် ရရှိရန် တစ်လမှ ခြောက်ပတ်အကြားသာ ကြာမြင့်ကြောင်း ပြောကြားခဲ့သည်။ “နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေရ MIC ဥက္ကဌနဲ့ တွေ့ရတယ် ဆိုပေမယ့် ရင်းနှီးမြှုပ်နှံမယ့် သူတွေရဲ့ ငါးရာခိုင်နှုန်း အောက်ကပဲ ဥက္ကဌနဲ့ လာတွေ့တာ ဖြစ်ပါတယ်။ လုပ်ငန်းကြီးတွေလောက်ပဲ လာတွေ့တာ ဖြစ်ပါတယ်”ဟု ဦးအောင်နိုင်ဦးက ပြောဆိုကြောင်း သိရသည်။