အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် ကျင်းပနေသည့် US Open တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်သို့ အသက် ၃၁နှစ်အရွယ် ဝါရင့်တင်းနစ်မယ် များဖြစ်သည့် လက်ရှိ ချန်ပီယံ ဆရီနာ၀ီလျံ (အမေရိကန်)၊ လီနာ (တရုတ်)နှင့် ပန်နက်တာ (အီတလီ)တို့ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။
အမျိုးသမီး ကွာတာဖိုင်နယ် လက်ကျန်နှစ်ပွဲကို စက်တင်ဘာ ၅ရက် နံနက်ပိုင်း (မြန်မာစံတော်ချိန်)က ယှဉ်ပြိုင်ကစားခဲ့ရာ ပန်နက်တာ (ဆီဒင်မဲ့)က တစ်နိုင်ငံတည်းသူ ရောဘတ်တာဗင်စီ (ဆီဒင် ၁၀)ကို ၆-၄၊ ၆-၁၊ အဇာရန်ကာ (ဘီလာရုစ်၊ ဆီဒင် ၂)က ဟန်တူဆိုဗာ (ဆလိုဗက်ကီးယား)၊ ဆီဒင်မဲ့)ကို ၆-၂၊ ၆-၃ဖြင့် အနိုင်ရရှိခဲ့သည်။ ထို့ကြောင့် ဆီမီးဖိုင်နယ် တက်ရောက်နိုင်သူ လေးဦးအနက် သုံးဦးမှာ အသက် ၃၁နှစ်အရွယ် တင်းနစ် မယ်များဖြစ်ပြီး အဇာရန်ကာ တစ်ဦးတည်းသာ အသက် ၂၄နှစ် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဆရီနာ၀ီလျံအနေဖြင့် ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့ပါက ပြိုင်ပွဲသမိုင်းတစ်လျှောက် အသက်အကြီးဆုံး ချန်ပီယံအဖြစ် စံချိန်တင် နိုင်ခဲ့ပါက ပြိုင်ပွဲသမိုင်းတစ်လျှောက် အသက်အကြီးဆုံး ချန်ပီယံအဖြစ် စံချိန်တင်နိုင်မည်ဟု ဆိုသည်။ US Open ပြိုင်ပွဲ၌ အသက်အကြီးဆုံး ချန်ပီယံအဖြစ် စံချိန်တင်ထားသူမှာ ၁၉၇၃ခုနှစ်က အနိုင်ရ ဗိုလ်စွဲခဲ့သည့် သြစတြေးလျ တင်းနစ်မယ် မာဂရက်ကုတ်ဖြစ်ပြီး အသက် ၃၁နှစ် ၅၅ရက်ဖြင့် စံချိန်တင်ထားခြင်း ဖြစ်သည်။ အမျိုးသမီး ဆီမီးဖိုင်နယ်ပွဲစဉ်များကို ယနေ့ညပိုင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ဆရီနာ၀ီလျံနှင့် လီနာ၊ အဇာရန်ကာနှင့် ပန်နက်တာတို့ ဆုံတွေ့နေကြောင်း သိရသည်။
အမျိုးသားတစ်ဦးချင်း ကွာတာဖိုင်နယ်တွင်မူ ဂတ်စ်ကေး (ပြင်သစ်၊ ဆီဒင်ဂ)က ဒေးဗစ်ဖာရာ (စပိန်၊ ဆီဒင် ၄)ကို ၆-၃၊ ၆-၁၊ ၄-၆၊ ၂-၆၊ ၆-၃ဖြင့် လည်းကောင်း၊ နာဒယ်လ် (စပိန်၊ ဆီဒင် ၂)က ရိုဘရီဒို (စပိန်၊ ဆီဒင် ၁၉)ကို ၆-၀၊ ၆-၂၊ ၆-၂ဖြင့်လည်းကောင်း အနိုင်ရကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။