News

မြန်မာနိုင်ငံတွင် ခုနစ်ဆင့် ရေတံခွန် ပထမဆုံး တွေ့ရှိ

မြန်မာနိုင်ငံတွင် ပထမဆုံးအနေဖြင့် ခုနစ်ဆင့်ပါသော ရေတံခွန် တစ်ခုကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် ၁၆မိုင်ခန့် အကွာ ဆဒုံးမြို့နား မရောက်မီ တောနက်ကြီး တစ်ခုထဲတွင် အမှတ်မထင် တွေ့ရှိခဲ့ရကြောင်း၊ သြဂုတ်လ ၁၄ရက်နေ့တွင် ဒေသခံတစ်ဦးက ပြောကြားခဲ့သည်ဟု သိရသည်။

“အရင်တန်ုးက ဒီတောက တအားနက်တယ်။ သစ်ပင်တွေ ထူတယ်။ ပိန်းပိတ်အောင် ပေါက်တယ်။ အဲဒီမှာ တရုတ်-မြစ်ကြီးနားကမ်မန်စီ လမ်းဖောက်တော့ သစ်ပင်တွေခုတ်ရင်းနဲ့ ဒီခုနစ်ဆင့် ရေတံခွန်ကို တွေ့တာပါ”ဟု ဒေသခံ တစ်ဦးက ပြောသည်။

ယင်းသို့အမှတ်မထင် တွေ့ရှိခဲ့သော ခုနစ်ဆင့် ရေတံခွန်သည် ဆဒုံးမြို့နယ်နား၌ တွေ့ရသည့်အတွက် ဆဒုံးရေတံခွန်ဟု ခေါ်ဆိုကြပြီး ၎င်းရေတံခွန်ကို ၂၀၀၈ခုနှစ်က တွေ့ရှိခဲ့ကြသော်လည်း နယ်မြေမလုံခြုံခြင်းနှင့် မိုင်များ ပေါများသောကြောင့် ဒေသခံများ အနေဖြင့် ရေတံခွန်အဆင့် သုံးဆင့်အထိသာ ရောက်ရှိကြပြီး ခုနစ်ဆင့်အထိ ရောက်ရှိခဲ့သူအချို့လည်း ရှိကြောင်း သိရသည်။ ပြင်ဦးလွင်မှ နာမည်ကျော် ပွဲကောက်ရေတံခွန်သည် အဆင့်လေးဆင့်သာ ရှိကြောင်း သိရပြီး ယင်းဒေသများကို လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် လုပ်ပေးပြီး နယ်မြေအေးချမ်းပါက ခရီးသွားများ အထူးနှစ်ခြိုက်စွာ သွားရောက်လည်ပတ်ကြမည် ဖြစ်သည်။

“ဒီနေရာကို နောက်ပိုင်းမှာ နယ်မြေအေးချမ်းပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် လုပ်ပေးလိုက်ရင် နိုင်ငံခြားသား ခရီးသွားတွေရော၊ ပြည်တွင်း ခရီးသွားတွေပါ အထူးနှစ်ခြိုက်လည်ပတ်ကြလိမ့်မယ်”ဟု နိုင်ငံခြား လမ်းညွှန်တစ်ဦးက ပြောသည်။ ဆဒုံးရေတံခွန်သည် အဆင့် ခုနစ်ဆင့်ပါရှိသော ရေတံခွန်တစ်ခုဖြစ်ပြီး အေးချမ်းသော တောင်ကျရေများ ၂၄နာရီစလုံး စီးဆင်းနေပြီး ယခုအချိန်အထိ ၎င်းရေတံခွန်အကြောင်းသည် မည်သူမျှ တွင်တွင်ကျယ်ကျယ် မသိရှိရသေးကြောင်း သိရသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *