မြန်မာနိုင်ငံရှိ လူ၁၀၀တွင် ငါးဦးမှ ၁၂ဦးသည် စိတ်ကျရောဂါ ဖြစ်ပွားပြီး ၄င်းတို့အနက် ငါးရာခိုင်နှုန်းခန့်သာ စနစ်တကျ ဆေးကုသမှုကို ခံယူကြကြောင်း သိရသည်။ စိတ်ကျရောဂါ ဖြစ်ပွားသူများ စနစ်တကျ ရောဂါကုသမှု ခံယူမှုနည်းခြင်းမှာ စိတ်ကျရောဂါဖြစ်မှန်းမသိခြင်းနှင့် ဖြစ်မှန်းသိသော်လည်း စိတ်ရောဂါဟု ယူဆကာ လူသိမခံလိုသောကြောင့် ဆရာ၀န်များထံ သွားရန် ၀န်လေးနေကြခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။
“ဒီနေရာမှာ ပြောချင်တာက စိတ်ရောဂါဟာ ရူးခြင်းမဟုတ်ဘူး။ ပုံမှန်လူတိုင်း စိတ်ညစ်၊ စိတ်ကျဖြစ်ဖူးသူတွေ ချည်းပဲ။ စိတ်ကျရောဂါဆိုတာက ပုံမှန်စိတ်ကျတာထက် နက်နက်ရှိုင်းရှိုင်း ပိုကျတာပဲရှိတယ်။ လူတိုင်းဖြစ်နိုင်တယ်”ဟု ဆေးတက္ကသိုလ် (၁)ရန်ကုန် စိတ်ကျန်းမာပညာဌာန၊ ဌာနမှူး ပါမောက္ခ ဒေါက်တာ၀င်းအောင်မြင့်က ပြောသည်။
စိတ်ကျရောဂါ ဖြစ်ပွားသူများအနေဖြင့် စနစ်တကျ ဆေးကုသမှု ခံယူပါက လူ၁၀၀တွင် ၇၀၊ ၈၀ခန့်သည် တစ်လအတွင်း လူကောင်း ပြန်ဖြစ်လာနိုင်ပြီး ၂၀၊ ၃၀ခန့်မှာမူ ထို့ထက်ပို၍ အချိန်ယူကုသရန် လိုအပ်ကြောင်း သိရသည်။
“စိတ်ကျန်းမာရေး စီမံချက်အနေနဲ့ကလည်း မြို့နယ်အဆင့်နဲ့ ကျေးလက်ကျန်းမာရေး ဌာနမှာရှိတဲ့ ၀န်ထမ်းတွေကို သင်တန်းပေးနေပေမယ့် ခက်တာက ရောဂါဖြစ်တဲ့သူတွေက လာမကုကြတာ”ဟု ၄င်းက ဆက်လက်ပြောပြသည်။
ယခုအခါ မြန်မာနိုင်ငံအရပ်ရပ်တွင် ကိုယ့်ကိုယ်ကို သတ်သေမှုနှုန်း များပြားလာသည့်ကို နေ့စဉ်သတင်းစားများတွင် ရက်ခြားဆိုသလို တွေ့နေရသည်။ ကြိုးဆွဲချ သတ်သေသူက အများစု ဖြစ်သည်။ တစ်ချို့တစ်လေကတော့ တိုက်ပေါ်မှ ခုန်ချတာတို့ ပိုးသတ်ဆေး သောက်တာတို့ ဖြစ်ကြသည်။ စား၀တ်နေရေး မပြေလည်ခြင်း၊ မိသားစု အိမ်ထောင်ရေး အဆင်မပြေခြင်းတို့က အခြေခံ အကြောင်းရင်းများ ဖြစ်လိမ့်မည်။ တချို့ကလည်း စိတ်ရောဂါအခံရှိသူတွေ ဖြစ်ကြသည်။ မနုဿတဘာေဝါ၊ ဒုလ္လဘော၊ လူ့ဘ၀ဟူသည် ရခဲလှပါသည်။
မိမိကိုယ်ကို စိတ်ကျေ၀ဒနာ ခံစားနေရပြီဟု ထင်လျှင် တတ်ကျွမ်းနားလည်သည့် စိတ်ရောဂါ အထူးကု ဆရာ၀န်ကြီးများနှင့် ပြသတိုင်ပင် ကုသသင့်ပါသည်။ မိသားစု ပတ်၀န်းကျင် အသိုင်းအ၀ိုင်းကလည်း ဂရုတစိုက် စောင့်ကြည့်ပေးဖို့ လိုအပ်ပါသည်။ သို့မှသာလျှင် မလိုလားအပ်သော ကိုယ့်ကိုယ်ကို သတ်သေမှုများလည်း နည်းပါးသွားလိမ့်မည်ဟု ထင်မြင်မိပါသည်။
စိုးရိမ္စရာအေျခအေနပါ