News

GSM လိုင်း ၄သန်း ဒီနှစ်အတွင်း ချထားပေးနိုင်ရန် လျာထား

ယခုနှစ်အတွင်း GSM ဖုန်းလိုင်း စုစုပေါင်း ၄သန်းချထားပေးနိုင်ရန် လျာထားကြောင်း၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်ဟု သိရသည်။ “လက်ရှိ GSM ဖုန်းတွေက MEC CDMA 800MHz ဖုန်းတွေချထားပြီး နောက်ပိုင်းပဲပေးရသေးတယ်။ စုစုပေါင်း နှစ်သိန်းပဲ ရှိပါသေးတယ်”ဟု ၎င်းတာဝန်ရှိသူက ပြောကြားသည်။

GSM ဖုန်းလိုင်း ၄သန်းချထားပေးသည့် လျာထားချက်ကို အကောင်အထည်ဖော်နေဆဲဖြစ်ပြီး ပြည့်မီမမီဆိုသည်ကို ပြောပြရန် စောသေးကြောင်း ဆက်လက်ပြောကြားသည်။ “GSM စီမံကိန်းက ဒီနှစ်အတွက် မတ်လအထိ အကျုံးဝင်မှာ ဖြစ်ပါတယ်”ဟု ဆိုသည်။ ယခုနှစ် ဇူလိုင်လ ၂၅ရက်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဖုန်းခေါ်ဆိုခ ၃၀၀ကျပ် ကြိုတင်သွင်းထားသော CDMA 800 MHz (MEC Tel) မိုုဘိုင်းဖုန်းလိုင်း တစ်သိန်းခွဲနှင့် GSMမိုဘိုင်းဖုန်းလိုင်း နှစ်သိန်း၊ စုစုပေါင်း သုံးသိန်းခွဲကို Sim Card တစ်ခုလျှင် ကျပ် ၁၅၀၀နှုန်းဖြင့် ရောင်းချပေးခဲ့သည်။

ယခုလအတွက် ချထားပေးမည့် GSM ဖုန်းလိုင်းအရေအတွက်ကို လက်ရှိ အချိန်အထိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။ မြန်မာနိုင်ငံ အစိုးရအနေဖြင့် နိုင်ငံတော်၏ ဆက်သွယ်ရေးနှင့် အိုင်စီတီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယင်းကဏ္ဍအတွင်းရှိ ပြည်တွင်းပြည်ပမှ ဝန်ဆောင်မှုပေးသူများအား ယှဉ်ပြိုင်မှုပြုစေခြင်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် မူဝါဒချမှတ်ထားကြောင်း၊ ၎င်းမူဝါဒ၏ အဓိက ရည်မှန်းချက်မှာ တယ်လီဖုန်း သိပ်သည်းဆကို ၂၀၁၅-၂၀၁၆တွင် ၇၅ရာခိုင်နှုန်းမှ ၈၀ရာခိုင်နှုန်းသို့ မြှင့်တင်နိုင်ရန်၊ ဆက်သွယ်ရေး ဝန်ဆောင်မှုများကို အများပြည်သူမှ သက်သာသည့် နှုန်းထားဖြင့် ရရှိနိုင်စေရန်နှင့် စိတ်ကြိုက်ရွေးချယ် အသုံးပြုနိုင်ရန် ဖြစ်သည်ဟု Tele Communication Operator တင်ဒါစိစစ်ရွေးချယ်ရေး ကော်မတီက ကြေညာချက်တစ်ရပ်တွင် ဖော်ပြခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံတစ်ဝှမ်း ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများအတွက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအား ပြောင်းလဲမည့် အများပိုင် ကုမ္ပဏီရတနာပုံ တယ်လီပို့နှင့်အတူ ပြည်ပအော်ပရေတာနှစ်ခုတို့က ဝန်ဆောင်မှု ပေးနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *