News

၃၃ပေါင် အလေးချိန်ရှိ ဧရာမမှိုပွင့်ကြီး တရုတ်နိုင်ငံ၌ ရှာဖွေတွေ့ရှိ

Mushroom

စားသုံး၍ ရနိုင်သော မှုမျိုးစိတ်ပေါင်း ၆၀၀ကျော် ပိုင်ဆိုင်ထားသောကြောင့် မှိုတို့၏ ဘုရင့်နိုင်ငံတော်အဖြစ် ထင်ရှားသည့် တရုတ်နိုင်ငံ ယူနန် ပြည်နယ်၌ အရွယ်အစား အလွန်ကြီးမားသော မှိုမျိုးစိတ်သစ်တစ်ခုကို ထပ်မံ ရှာဖွေတွေ့ရှိခဲ့ကြောင်း ဇူလိုင် ၃၁ရက်နေ့ သတင်းများတွင် ဖော်ပြထားသည်ကို တွေ့ရသည်။ ယင်းမှိုပွင့်ကြီးသည် ထိပ်ပိုင်းအချင်း ၃၇လက်မရှိပြီး အလေးချိန်အားဖြင့် ၃၃ပေါင်ခန့်ရှိကာ အမျိုးအမည်ခွဲခြား သတ်မှတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။ လူစီးကားငယ် တာယာတစ်ခုနီးပါးမျှ အရွယ်အစားကြီးမားသည့် ယင်းမှိုပွင့်ကြီးကို ယူနန်ပြည်နယ်၊ ပုရှောင်မြို့ဒေသခံများက ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး စားသုံးရန် သင့်မသင့် မသိရသေးဟု ဆိုသည်။ တရုတ်နိုင်ငံ၏ မှိုထုတ်လုပ်မှု လုပ်ငန်း တန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ရှိပြီး ၂၀၀၅ခုနှစ်အတွင်း မှိုတင်ပို့ရောင်းချမှုမှာ အမေရိကန် ဒေါ်လာ ၄၄သန်းအထိ ရရှိခဲ့သည်ဟု သိရသည်။ ရုက္ခမျိုးစိတ်တွင် မပါသော မှိုများသည် သတ္တဝါမျိုးစိတ်တွင်လည်း မပါဝင်ဘဲ သီးခြား သက်ရှိအုပ်စု တစ်မျိုးဖြစ်ပြီး ကိုယ်ပိုင် ဗီဇပိုးများဖြင့် မျိုးပေါက်ပွားလေ့ရှိသည်။

မှိုမျိုးစိတ်အများအပြားသည် အဆိပ်အတောက် ဖြစ်တတ်သည့် သဘာဝရှိသော်လည်း အချို့မှိုမျိုးစိတ်များမှ တွေ့ရသော ဟယ်လူစင်နိုဂျင်ဒြပ်ပေါင်းသည် စိတ်ရောဂါအမျိုးမျိုး ကုသရာတွင် အထောက်အကူပေးနိုင်မည်ဟု သိပ္ပံပညာရှင်များက မျှော်လင့်ထားသည်ဟု ဆိုသည်။ မြန်မာ့ဓလေ့တွင် သဘောကျ နှစ်ခြိုက်စရာကိစ္စ တစ်ခုခု တွေ့ကြုံရသည်ဖြစ်စေ၊ ကိုယ်လိုချင်သော အရာ တစ်ခုခု ရရှိလာ၍ ဖြစ်စေ၊ မိမိမျက်နှာတွင် ပေါ်လွင်နေသော ခံစားမှုကို “မှိုရတဲ့မျက်နှာ”ဟု ခိုင်းနှိုင်းပြောဆိုလေ့ရှိသည်။ မှိုရတာက သည်လောက် ပျော်စရာကောင်းသည်လား။ “တစ်နှစ် တစ်ခါ ပေါ်ထွက်လာ ငါသာမင်းလောင်း ထီးဖြူဆောင်း”ဟူ၍ စကားထာဝှက်သည့်အတိုင်း၊ ယခုကာလကဲ့သို့ မွေးမြူရေး မှိုများ မပေါ်ခင်က တစ်နှစ်မှ တစ်ခါသာ စားရသည့် အမျိုးအစား ဖြစ်သည်။ မှိုရတဲ့မျက်နှာဟု ပြောရလောက်အောင် ဆီပြန်ပဲချက်ချက်၊ စွပ်ပြုတ်ပဲ လုပ်လုပ်၊ အရသာကလည်း ကောင်းသည်။ သို့ရာတွင် အဆိပ်အတောက် ဖြစ်တတ်သဖြင့် မစားရသည့် မစားသင့်သည့် မှိုအမျိုးအစားလည်း များစွာရှိနေရာ ခွဲခြားသိရှိနိုင်ရန်လည်း အထူး လိုအပ်ပေသည်။
Ref: Live Science

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *