News

ရေပိုင်နက် အငြင်းပွားမှုနှင့် ကုန်သွယ်ရေး ကိစ္စများ လွှမ်းမိုးမည့် အရှေ့အာရှ ထိပ်သီး စတင်

ရေပိုင်နက် အငြင်းပွားမှု ပြဿနာ ဖြေရှင်းနိုင်ရေးနှင့် ဒေသတွင်း လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက် ရရှိရေးအတွက် ဆွေးနွေးမည့် အရှေ့အာရှထပ်သီး အစည်းအဝေးကို ရေနံကြွယ်ဝသော ဘရူနိုင်းနိုင်ငံတွင် အောက်တိုဘာ ၉ရက်မှ စတင်၍ နှစ်ရက်ကြာ ကျင်းပမည် ဖြစ်သည်။ အမေရိကန် သမ္မတ ဘာရတ်အိုဘားမား မတတ်ရောက်နိုင်သော ယင်းဆွေးနွေးပွဲတွင် တရုတ်က ၎င်း၏ သံတမန်ရေး နည်ဗျူဟာများကို ပြသမည် ဖြစ်သည်။

ယင်းဆွေးနွေးပွဲတွင် အာဆီယံနိုင်ငံများ၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့ ပါဝင်မည် ဖြစ်သည်ဟု သိရသည်။ ဆွေးနွေးပွဲသို့ မိမိမတက်ရောက်နိုင်သဖြင့် အာရှတွင် အမေရိကန်အခန်းကဏ္ဍကို ထိခိုက်မည် မဟုတ်ဟု အိုဘားမားက အောက်တိုဘာ ၈ရက်တွင် ပြောကြားခဲ့ပြီး ဆွေးနွေးပွဲတွင် မိမိမရှိသည့် အတွက် တရုတ်က ပျော်ရွင်နေမည်ဟု ပြောကြားခဲ့သည်။ ထို့အတွက်ကြောင့် တောင်တရုတ်ရေပိုင်နက်တစ်ခုလုံးနီးပါးကို ပိုင်ဆိုင်သည်ဟု ပေကျင်းက ထုတ်ပြန်ထားချိန်တွင် ဝါရှင်တန်က အာရှမဟာမိတ်များဘက်မှ ထောက်ခံကြောင်း ပြသနိုင်ရန် အိုဘားမားအစား တက်ရောက်မည့် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ကြိုးပမ်းရမည် ဖြစ်သည်။

တရုတ်သည် ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်း တို့နှင့် ရေပိုင်နက် အငြင်းပွားမှုများ ဖြစ်နေသည်။ သို့သော် ပြီးခဲ့သော နှစ်တွင် အာဆီယံ အလှည့်ကျ ဥက္ကဌရာထူးကို ကမ္ဘေဒီးယားက ရယူခဲ့ချိန်တွင် ယင်းရေပိုင်နက် အငြင်းပွားမှု ပြဿနာနှင့် ပတ်သက်၍ အာဆီယံ ၁၀နိုင်ငံစလုံး ပါဝင်သော သဘောတူညီချက်ကို မထုတ်ပြန်နိုင်ခဲ့ပေ။ ထိုအချိန်က ဆွေးနွေးပွဲတွင် ရေပိုင်နက်အငြင်းပွားမှု ပြဿနာအတွက် တရုတ်နှင့် ဖိလစ်ပိုင်တို့ အကြား အချေအတင် ပြောဆိုမှု ဖြစ်ပွားခဲ့သည်။

အောက်တိုဘာ ၁၀ရက်နေ့တွင် နိုင်ငံ၁၈နိုင်ငံ ပါဝင်လာသည့် အရှေ့အာရှ ထိပ်သီးတွင် ယင်းရေပိုင်နက်ပြဿနာကို ဦးစားပေး ဆွေးနွေးရန် ကြိုးပမ်းမှုများကို လက်သင့်ခံမည်မဟုတ်ဟု ဆွေးနွေးပွဲမစတင်မီ တရုတ်က အချက်ပြခဲ့သည်။ ပြည်ပနိုင်ငံများ ပါဝင်လာပါက ဒေသတွင်းရှိ နိုင်ငံအချင်းချင်းကြား အပြန်အလှန် သဘောတူညီမှုနှင့် ယုံကြည်မှု တည်ဆောက်ရန် ကူညီပေးနိုင်မည် မဟုတ်ဟု တရုတ်ဒုတိယနိုင်ငံခြားရေး ဝန်ကြီး လျူကျန်မင်က အောက်တိုဘာ ၇ရက်နေ့တွင် ပြောကြားခဲ့သည်။

အောက်တိုဘာ ၉ရက် ဆွေးနွေးပွဲတွင် အရှေ့တောင်အာရှ နိုင်ငံများသည် ဒေသတွင်း တစ်ခုတည်းသော ဈေးကွက်တစ်ခု ဖြစ်ပေါ်လာရေး ကိစ္စကို ဆွေးနွေးသွားမည်ဟု ဆိုသည်။ လူသန်း ၆၀၀ရှိသော အာဆီယံ သည် ၂၀၁၅ခုနှစ် အရောက်တွင် ဘုံဈေးကွက်တစ်ခု ထူထောင်နိုင်ရန် ရည်ရွယ်ထားသော်လည်း ဖြစ်နိုင်ဖွယ်မရှိဟု သံသယများ မြင့်တက်လာနေကြောင်း သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *