Opinion

၂၀၁၄ ကို မျှော်တွေးကြည့်ခြင်း

နှစ်တစ်နှစ်ဟောင်းလို့ နှစ်သစ်တစ်ခုကိုပြောင်းခဲ့ပြန်ပြီ။ ဒီဇင်ဘာလမွေးတဲ့ ကိုဘအေးအတွက် အသက်တစ်နှစ်ပိုကြီးသွားပြန်ပြီပေါ့။ ၂၀၁၄ ကိုပေါင်းရင် ၇ ဂဏန်းရတဲ့အတွက် ၇ ဂဏန်းသမား ကိုဘအေးအဖို့ ကံကောင်းခြင်းတွေပဲလာမလား။ အငြိမ်းစားတစ်ယောက်ဖြစ်တဲ့ ကိုယ့်အတွက် မျှော်လင့် စရာတွေကတော့ သိပ်မရှိတော့ပါဘူး။ အောင်ဘာလေဆု သိန်း ၁၅၀ဝ ဆုကြီးပေါက်ရင်ပေါက် (ဟဲဟဲ ၁၅၀ဝ ထက်တော့မလျှော့ဘူး)၊ ဒါမှမဟုတ် အခုအခြေခံလစာဥပဒေထွက်ဖို့ လုပ်နေတာဆိုတော့ ပင်စင် လစာတွေထပ်တိုးရင်တိုး ဒါပဲရှိပါတယ်။ နိုင်ငံတော်အတွက်လည်း နိုင်ငံဝန်ထမ်းအဖြစ်နဲ့ (၃၈)နှစ်လောက် လုပ်ခဲ့တာဆိုတော့ နောက်ထပ်ဘာလုပ်ပေးနိုင်ဦးမလဲ။ နိုင်ငံတော်က ပြဌာန်းတဲ့ ဥပဒေစည်းမျဉ်းစည်းကမ်း တွေကို လိုက်နာနေထိုင်သွားရုံပဲပေါ့။ ဒါပေမယ့် လိုအပ်ရင်တော့ ကိုယ်စွမ်းနိုင်တဲ့ဘက်က ဆောင်ရွက်ပေး သွားဖို့ အသင့်ရှိပါတယ်။ ဒါက ကိုဘအေးအနေနဲ့ ပုဂ္ဂလဓိဌာန်ပြောတာပါ။

ဒီစာရေးရင်းနဲ့ ကိုဘအေးတို့ပင်စင်သမားတွေအတွက် သတင်းကောင်းတစ်ခုကို ၈-၁-၂၀၁၄ နေ့ထုတ် သတင်းစာတွေမှာ ဖတ်လိုက်ရပါတယ်။ လာမည့်ဘဏ္ဍာနှစ်တွင် အစိုးရဝန်ထမ်းများ၏ ပင်စင် လစာငွေအား ကျပ်နှစ်သောင်းတိုးမြှင့်ရန် လျာထားကြောင်း နိုင်ငံတော်သမ္မတ ပြောကြားဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ ဇန်နဝါရီလ (၇)ရက်က နေပြည်တော် နိုင်ငံတော်သမ္မတအိမ်တော်ရှိ ပြည်ထောင်စုအစိုးရ အဖွဲ့ အစည်းအဝေးခန်းမမှာပြုလုပ်တဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘဏ္ဍာရေးကော်မရှင် (၁/၂၀၁၄)အစည်းအဝေးမှာ နိဂုံးချုပ်အမှာစကားပြောကြားစဉ် လာမည့်ဘဏ္ဍာရေးနှစ် အရ/အသုံးခန့် မှန်းခြေ ငွေစာရင်းမှာ နိုင်ငံဝန်ထမ်းတွေရဲ့ လစာငွေကို ကျပ်နှစ်သောင်းတိုးမြှင့်ပေးဖို့နဲ့ ပင်စင်လစာ ဆုကြေးများကိုလည်း အချိုးကျတိုးမြှင့်ပေးဖို့ လျာထားတယ်လို့ နိုင်ငံတော်သမ္မတဦးသိန်းစိန် က ထည့်သွင်းပြောကြားခဲ့တာလို့ဆိုပါတယ်။ ဝန်ထမ်းများရဲ့လစာနဲ့ ထောက်ပံ့ကြေးကိစ္စနဲ့ပတ်သက်ပြီး တိုင်းပြည်ရဲ့စီးပွားရေးအခြေအနေ၊ ရငွေနဲ့ သုံးစွဲရမယ့်ငွေ ဘတ်ဂျက်အခြေအနေများပေါ် တွက်ချက်ပြီး အခါအားလျော်စွာ တိုးမြှင့်ထောက်ပံ့ပေးသွားမယ်လို့ ပြောကြားထားပြီးဖြစ်တဲ့အတွက် နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေအခြေအနေ၊ ငွေကြေးဖောင်းပွမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်နိုင်မှုအလားအလာ၊ ဖြစ်ပေါ် ရိုက်ခတ် လာနိုင်တဲ့ အကျိုးသက်ရောက်မှုတွေကို စဉ်းစားသုံးသပ်တွက်ချက်ပြီး အခုလို လစာငွေတိုးပေးဖို့ ဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။ ဒီလိုဆိုတော့ ကိုဘအေးတို့လို ပင်စင်စားတွေအပါအဝင် အစိုးရဝန်ထမ်း တွေအတွက် မင်္ဂလာနှစ်သစ်လို့ဆိုရမှာပေါ့နော်။ ဒါကတော့ အစိုးရဝန်ထမ်းတွေအနေနဲ့ပေါ့။

နိုင်ငံတစ်ခုလုံးအနေနဲ့ ခြုံပြီးပြောရရင်တော့ ၂၀၁၄ ခုနှစ်ဟာ ကောင်းမယ့်နှစ်လား၊ ဆိုးလာမယ့် နှစ်လားဆိုတာတော့ အမျိုးမျိုးဝေဖန်သုံးသပ်ပြောကြားနေကြတာတွေ့ရပါတယ်။ နှစ်သစ်တစ်နှစ်ဟာ နှစ်ဟောင်းရဲ့ ကောင်းမွေဆိုးမွေကို ခံရတာပဲမဟုတ်လား။ ဒီတော့ ၂၀၁၄ မှာ ကောင်းမယ်ပြောတဲ့လူ လည်းရှိတယ်။ ဆိုးမယ်ပြောတဲ့လူလည်းရှိတယ်။ အီလည်လည်နဲ့ ထူးမခြားနား နှစ်တစ်နှစ်ပဲ ဖြစ်မယ်လို့ သုံးသပ်တဲ့လူတွေလည်းရှိရဲ့၊ ဗေဒင်ဆရာတွေအနေနဲ့ကတော့ ၂၀၁၄ ခုနှစ်ဟာ သဘာဝဘေးအန္တရာယ် နဲ့ အစိုးရအဖွဲ့ အကြီးအကဲတွေ ရာထူးအပြောင်းအလဲဖြစ်နိုင်မှု ပိုပြီးများပြားမယ်လို့ ဟောကိန်းထုတ်ထား ပါတယ်။ ၂၉-၁၂-၂၀၁၃ ခုနှစ်ရက်နေ့ထုတ် စံတော်ချိန်မှာ မြန်မာ့ နက္ခတ္တဗေဒပညာရှင် ဦးဇေယျာမိုး (ဝေဒဗိမာန်)က ဟောကိန်းထုတ်ထားတာဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်ဟာ နက္ခတ္တဗေဒကိန်းဂဏန်းအရ ဗုဒ္ဓဟူးနာမ်စားတဲ့အတွက် ဗုဒ္ဓဟူးနာမ်ဖြစ်တဲ့ ရ၊ ယ၊ လ၊ ဝ များ ထူးထူးခြားခြား ဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင် တယ်လို့ဆိုတယ်။

ဒါ့ကြောင့် ရေဘေး၊ လေဘေးစတဲ့ ရာသီဥတုဘေးအန္တရာယ်တွေ ကျရောက်နိုင်တယ်။ လူထု အုံကြွမှုအများဆုံးဖြစ်နိုင်တယ်။ လူမှုကျင့်ဝတ်မဖောက်ပြန်တဲ့လူတွေ ကြီးပွားမယ့်ကာလဖြစ်မယ်။ လိမ်လည်ပြောဆိုတဲ့သူတွေ ပေါများမယ်။ ယာဉ်အန္တရာယ်ဘေး ပိုမိုကြုံတွေ့ရမယ်။ နိုင်ငံရေးနဲ့ဆက်နွယ် သူတွေ ကိုယ်တိုင်ပါဝင်သူဖြစ်ပြီး စကားပြောမှားထားသူများ အကြီးအကျယ်ဒုက္ခ ရောက်မယ်။ ရွှေဈေး နဲ့ လျှပ်စစ်ပစ္စည်းတွေ ၊ ဖုန်းတွေဈေးကျမယ့်နှစ်ဖြစ်မယ်လို့ဟောထားပါတယ်။ (စောစောက သတင်းအရ အစိုးရဝန်ထမ်းတွေ လစာတိုးမယ်ဆိုတာ ဗုဒ္ဓဟူးနာမ်စားတဲ့ ထူးခြားဖြစ်စဉ်လို့ ပြောရမှာပေါ့နော်)

တစ်ခါ ၂-၁-၂၀၁၄ နေ့ထုတ် စံတော်ချိန် နေ့စဉ်သတင်းစာမှာ ဆရာဇေယျာမိုး (ဝေဒဗိမာန်)က ပဲ ဖော်ပြထားတဲ့ အကြောင်းအရာတစ်ခုကလည်း စိတ်ဝင်းစားဖို့ကောင်းနေပါတယ်။ ၂၀၁၄ ခုနှစ်နဲ့ ၁၉၄၇ ခုနှစ်တို့ဟာ ပြက္ခဒိန်ချင်းတူနေတယ်ဆိုတဲ့ အကြောင်းပါ။ အဲဒီအတွက် မြန်မာ့နိုင်ငံရေးအပြောင်း အလဲများရှိခဲ့တဲ့ ၁၉၄၇ ခုနှစ်လိုပဲ ၂၀၁၄ ခုနှစ်ဟာလည်း နိုင်ငံရေးအပြောင်းအလဲတွေဖြစ်ပေါ်လာနိုင်မလား ဆိုပြီး ပြောနေကြတာပါ။ မြန်မာ့ရိုးရာ မဟာဘုတ်ဗေဒင်ပညာရပ်အရတော့ မတူညီဘူးလို့ဆိုပါတယ်။ နက္ခတ်ဗေဒင်ပညာရပ်အရ မြန်မာသက္ကရာဇ် ၁၃၀၈ ခု၊ ပြာသိုလဆန်း(၁၀)ရက်၊ ခရစ်နှစ် ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ၊ (၁)ရက်၊ ဗုဒ္ဓဟူးနေ့ နံနက် ဝးဝ၀ နာရီ အချိန် ရန်ကုန်မြို့ရဲ့ ဇာတာခွင်နဲ့ မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ်၊ ပြာသိုလဆန်း(၁)ရက်၊ ခရစ်နှစ် ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်၊ ဗုဒ္ဓဟူးနေ့ နံနက် ဝးဝ၀ နာရီအချိန် ရန်ကုန်မြို့ရဲ့ ဇာတာခွင်တို့ကို ဆရာက ယှဉ်ပြီးတွက်ပြထားပါတယ်။

ဘယ်လိုလဲဆိုတော့ ၁၉၄၇ ခုနှစ်ရဲ့ ဇာတာခွင်မှာ နိုင်ငံတော်အကြီးအကဲများနှင့် သက်ဆိုင်တဲ့ တနင်္ဂနွေဂြိုဟ်ဟာ ပူးတွဲဂြိုဟ် အားနည်းနေတဲ့ ဝန်ကြီးဂြိုဟ်ဖြစ်တဲ့ ဗုဒ္ဓဟူးဂြိုဟ်နဲ့ ပူးနေပြီး လက်နက် အတိုက်အခံနဲ့ သွေးထွက်သံယိုဖြစ်စေတဲ့ ပါပဖြစ်တဲ့ အင်္ဂါဂြိုဟ်နဲ့ပူးနေမှု ၊ (၁၀)တန့် (ကမ္မ)ဘာဝကိုပါ မြင်နေတာကြောင့် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရပြီး ပြည်သူအပေါင်း စိတ်ဆင်းရဲသောကများ ဖြစ်ခဲ့ ရကြောင်း၊ ၂၀၁၄ ရဲ့ ဇာတာခွင်မှာတော့ တနင်္ဂနွေဂြိုဟ်ဟာ အားနည်းနေတဲ့ ဝန်ကြီးဂြိုဟ်ဖြစ်တဲ့ ဗုဒ္ဓဟူး ဂြိုဟ်ရယ်၊ အောင်မြင်ကျော်ကြားခြင်းနဲ့သက်ဆိုင်တဲ့ တနင်္လာဂြိုဟ်ရယ်တို့နဲ့ပူးနေပြီး လက်နက်အတိုက်အခံ နဲ့ သွေးထွက်သံယိုဖြစ်စေတဲ့ အင်္ဂါဂြိုဟ်က အထူးမြင်ထားခြင်းကြောင့်လည်းကောင်း၊ ရာဟုဂြိုဟ်နဲ့ပူးနေတဲ့  စနေဂြိုဟ်က အထူးမြင်ထားခြင်းကြောင့်လည်းကောင်း၊ နိုင်ငံတော်အကြီးအကဲများနှင့် ဝန်ကြီးများအား အတိုက်အခံပြုလုပ်ခြင်းခံရနိုင်ကြောင်း၊ အနောက်နိုင်ငံများရဲ့ ဖိအားပေးမှုတွေ ခံရနိုင်ကြောင်း ၊ လက်နက် ကိုင်အဖွဲ့အစည်းများကြောင့် ဂုဏ်သိက္ခာကျဆင်းရတာတွေဖြစ်လာနိုင်ကြောင်း ပြောထားပါတယ်။ အထူးသဖြင့်တော့ ၂၀၁၄ ခုနှစ်၊ မတ်လ၊ (၂)ရက် ၊ တနင်္ဂနွေနေ့မှ မေလ (၂၀)ရက်အင်္ဂါနေ့အတွင်း အင်္ဂါဂြိုဟ် နောက်ပြန်သွားနေတဲ့အတွက် နိုင်ငံတော်အကြီးအကဲတွေ ဘေးကြပ်နံကြပ်ဖြစ်နေရနိုင်တဲ့ အချိန်ကာလ တွေဖြစ်နေတယ်လို့ဆိုပါတယ်။

ဒါပေမယ့် အတိသုခဂြိုဟ်ကြီးဖြစ်တဲ့ ကြာသပတေးဂြိုဟ်ကြီးက မြင်နေခြင်းကြောင့် အဲဒီ အခက် အခဲတွေကို မကြာခင်ပြေလည်သွားအောင် ဖြေရှင်းပေးနိုင်လိမ့်မယ်လို့လည်းပြောပါတယ်။ ကြာသပတေး ဂြိုဟ်ကြီး ကရကဋ်ရာသီကို ပြောင်းမယ့် ခရစ်နှစ် ၂၀၁၄ ခုနှစ်၊ ဇွန်လ (၉)ရက်၊ ကြာသပတေးနေ့ကျော် ရင် နိုင်ငံတော်အကြီးအကဲများအနေနဲ့ ရာထူးမှနှုတ်ထွက်တာ ၊ ကျန်းမာရေးညံ့ဖျင်းတာတို့ဖြစ်ရလိမ့်မယ် လို့လည်း ဟောပြထားပါတယ်။ ဂြိုဟ်စီးဂြိုဟ်နင်းတွေတော့ ကိုဘအေးလည်းနားမလည်ပါ။ ဂြိုဟ်သွား ဂြိုဟ်လာတွေကြောင့် ဘာတွေဖြစ်လာနိုင်တယ်ဆိုတာကို လိပ်ပတ်လည်အောင် အကျဉ်းမျှ ပြန်လည်ဖော် ပြရခြင်းဖြစ်ပါတယ်။

တကယ်တော့ ကုန်ဆုံးခဲ့တဲ့ ၂၀၁၃ ခုနှစ် တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံမှာ အလှည့် အပြောင်းအချိုးအကွေ့တွေ များစွာပေါ်ပေါက်ခဲ့တာတွေ့ရပါတယ်။ လူမျိုးရေး၊ ဘာသာရေးကို အခြေခံ တဲ့ ပရိပက္ခတွေ၊ အကြမ်းဖက်မှုတွေ၊ နိုင်ငံအနှံ့ဗုံးပေါက်ကွဲမှုတွေ၊ မြေယာသိမ်းဆည်းမှုတွေနဲ့ပတ်သက်တဲ့ ဆန္ဒပြပွဲတွေစတဲ့ ထိတ်လန့်တုန်လှုပ်ဖွယ် အဖြစ်အပျက်တွေကို ကြုံတွေ့ခဲ့ရသလိုပဲ၊ လွှတ်တော်ထဲမှာ နိုင်ငံအတွက် အရေးကြီးတဲ့အဆိုတွေကို အောင်မြင်စွာဆွေးနွေးဆုံးဖြတ်နိုင်ခဲ့တာ၊ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရာထူးကို လွှဲပြောင်းရယူနိုင်ခဲ့တာ၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့တာတွေဟာ ဝမ်းမြောက်ဂုဏ်ယူဖွယ်ရာ ဖြစ်ခဲ့ရပါတယ်။

ဒါပေမယ့် ၂၀၁၃ ခုနှစ်တုန်းက အသံကျယ်ကျယ်လောင်လောင်ထွက်ခဲ့ပြီး အပြီးအပြတ် အဆုံးသတ်နိုင်ခြင်းမရှိခဲ့သေးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေး ပွဲကိစ္စတွေနဲ့ ၊ အခြားကိစ္စများစွာကို ၂၀၁၄ ခုနှစ်မှာ အသေအချာရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရှေ့လာမယ့် ၂၀၁၅ ခုနှစ်ဟာလည်း မြန်မာနိုင်ငံမှာအထွေထွေ ရွေးကောက်ပွဲ ကျင်းပဖို့ရှိနေတဲ့အတွက် ၂၀၁၄ ခုနှစ်ဟာ ရွေးကောက်ပွဲအကြို မဲဆွယ်စည်းရုံးရေးကာလတစ်ခုလို့ဆိုနိုင်ပါတယ်။ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ပတ်သတ်ပြီး ၂၀၁၃ ခုနှစ်မှာ မပြီးပြတ်ခဲ့တဲ့ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အပစ်အခတ် ရပ်စဲရေးလုပ်ငန်းစဉ်များဟာ ၂၀၁၄ ခုနှစ်အတွက် အရေးကြီးတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်နေပြီး ဒီပြဿနာကို ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ဖြေရှင်းမှုမပြုနိုင်ပါက တိုင်းပြည်အတွက် အန္တရာယ်ရှိနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကဆိုပါတယ်။

နောက်တစ်ခုက ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စ၊ နဂိုကတည်းကမှ လွှတ်တော် ထဲမှာ တပ်မတော်သားကိုယ်စားလှယ် ၂၅ရာခိုင်နှုန်း ပါဝင်နေတဲ့ကိစ္စမကျေလည်တာ၊ အဲဒါတွေပြင်ဖို့ ပြီးတော့သမ္မတဖြစ်နိုင်ခွင့်အရည်အချင်းသတ်မှတ်ချက်၊ ၅၉(စ)ဆိုတာ ဒါကိုလည်းပြင်ချင်ကြတယ်။ နောက်ပြီးတိုင်းရင်းသားတွေရဲ့အခွင့်အရေး တွေနဲ့ပတ်သတ်တဲ့ပြဌာန်းချက်တွေကိုလည်း ပြင်ချင်တယ်။ အခြေခံဥပဒေပြင်ဆင်တဲ့ကိစ္စမှာ အဆိုးဘက်ကို ဦးတည်သွားနိုင်တဲ့ အချက်(၂)ချက်ရှိတယ်လို့ဆိုတယ်။ တစ်ခုက အခြေခံဥပဒေပြင်ချင်တဲ့ လူတွေရဲ့ တောင်းဆိုမှုတွေဟာ လက်တွေ့ဖြစ်နိုင်ခြေထက် ပိုသွားရင် တိုင်းပြည်မှာ ထိပ်တိုက်တွေ့မှုတွေ မငြိမ်မသက်မှုတွေဖြစ်သွားနိုင်တယ်ဆိုတာရယ်၊ နောက်တစ်ခုက တာဝန်ရှိသူတွေဘက်က အခြေခံဥပဒေပြင်မယ်လို့ စဖွင့်ပေးပြီး ဘာမှဟုတ်တိပတ်တိမလုပ်သေးဘူး။ ဝါးတားတားပဲ လုပ်သွားမယ်ဆိုရင် လူထုရဲ့ ဒေါသအုံကြွမှုတွေ ကြုံရနိုင်တယ်ဆိုတာပါ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကိစ္စဟာလည်း ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံအတွက် ကြီးမားတဲ့ စိန်ခေါ်မှုကြီးတစ်ရပ် ပါပဲ။

ခုပဲကြည့်လေ ဇန်နဝါရီ(၂)ရက်ကပြောကြားတဲ့ နိုင်ငံတော်သမ္မတရဲ့ ရေဒီယိုမိန့်ခွန်းမှာ လူတိုင်းကို သမ္မတဖြစ်ခွင့်ပေးသင့်ကြောင်း၊ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို မထိပါးစေရန် အကာအကွယ်ပေးနိုင် မယ့်မူများရှိရန်လိုအပ်ကြောင်း ၊ ပြောကြားခဲ့တဲ့အပေါ် မီဒီယာများက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်ကို မေးမြန်းရာမှာ “ဟိုလိုလို ဒီလိုုလို ပြောတာကို လုံးဝမကြိုက်ဘူး၊ ခပ်ရှင်းရှင်းဘဲပြောတာကြိုက်တယ်။ ဖွဲ့စည်းပုံအခြေခံဥပေဒပြင်ဆင်တာကို ထောက်ခံတာလား၊ မထောက်ခံတာလား၊ အဲဒီအဖြေကို ပေးလိုက်ပါ”လို့ ပြောတာတွေ့လိုက်ရပါတယ်။ ဇန်နဝါရီ(၂)ရက်က လွှတ်တော်ရုံးခွဲ(ရန်ကုန်)မှာပြုလုပ်တဲ့ တရားဥပဒေစိုးမိုးရေး ညှိနှိုင်းဆွေးနွေးပွဲအပြီး မီဒီယာတွေကို ပြောလိုက်တာပါ။ ဒါဟာ ဒေါ်စုက သမ္မတကြီးကို ပေါ်တင်ချဲလိုက်တာပါပဲ။

နိုင်ငံတော်သမ္မတကြီးရဲ့သဘောထားကတော့ မြန်မာနိုင်ငံသား တိုင်းရင်းသားဘယ်သူမဆို မြန်မာနိုင်ငံကို နိုင်ငံရေးအရ ဦးဆောင်နိုင်ခွင့်ကို ကန့်သတ်တားမြစ်တာမျိုး မဖြစ်စေလိုတဲ့ နိုင်ငံရေး စေတနာရှိသလို တစ်ဖက်ကလည်း မိမိတို့အမျိုးသားအကျိုးစီးပွားနဲ့ ၊ မိမိတို့နိုင်ငံရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို မထိပါးစေမယ့် သင့်တင့်လျောက်ပတ်တဲ့ အကာအကွယ်ပေးနိုင်တဲ့ အခြေခံမူများ ရှိရန်လည်းလိုလားကြောင်း ပြောသွားပါတယ်။ တဆက်တည်းမှာပဲ သမ္မတကြီးက “ကျွန်တော့်အနေနဲ့ သမ္မတတာဝန်ယူသည့်နေ့မှစပြီး တာဝန်ကိုရှောင်လွှဲလိုတဲ့ လုပ်ဆောင်မှုမျိုးမရှိခဲ့သလို၊ လက်ရှိ နိုင်ငံရေးအခြေအနေက ခွင့်ပြုတဲ့အတိုင်းအတာအရ ဖြစ်သင့်ဖြစ်ထိုက်သည့် နိုင်ငံရေးဆန္ဒများနှင့် လက်တွေ့ဖြစ် နိုင်သည့်ကိစ္စရပ်များ အစဉ်ပေါင်းစပ်ပြီး သဟဇာတဖြစ်ဖြစ် ဆောင်ရွက်ခဲ့ပါတယ်၊ အထူးပြောကြားလိုသည့် ကိစ္စရပ်ကတော့ ဖြစ်သင့်ဖြစ်ထိုက်သည့် နိုင်ငံရေးဆန္ဒများကို လက်ရှိနိုင်ငံရေးအခြေအနေက ဖြည့်ဆည်း ပေးနိုင်သည်ထက် ပိုမိုမျှော်မှန်းဆောင်ရွက်ပါက နိုင်ငံရေးအကျပ်အတည်းတစ်ခုဖြစ်ပေါ်ပြီး လက်တွေ့ ဖြစ်နိုင်ခြေရှိသည့် အခွင့်အလမ်းများပင် ဆုံးရှုံးသွားနိုင်သည်ကို သတိချပ်ပြီး ဉာဏ်အမြော်အမြင်ရှိသော နိုင်ငံရေးရွေးချယ်မှုများ ပြုလုပ်ကြရန်၊ တိုက်တွန်းပြောကြားလိုပါတယ်” လို့ ပြောကြားသွားတာ ဖြစ်ပါတယ်။

ကိုဘအေးတို့အနေနဲ့တော့ စောစောကပြောခဲ့သလို ထိပ်တိုက်တွေ့မှုတွေ၊ မငြိမ်မသက်မှုတွေ မဖြစ်စေလိုပါ။ တိုင်းပြည်ကို အဘက်ဘက်က အေးချမ်းစေချင်ပါပြီ၊ မှန်မှန်ကန်ကန် မျှမျှတတနဲ့ နှစ်ဦးနှစ်ဖက် ညှိနှိုင်းအဖြေရှာတဲ့နည်းနဲ့ ပြဿနာတွေကို ပြေလည်စေချင်ပါပြီ။ ၂၀၁၄ ကို အေးအေး ငြိမ်းငြိမ်းနဲ့ သွားချင်ပါတယ်။ ပြီးတော့ ၂၀၁၄ မှာ အာဆီယံဥက္ကဋ္ဌ ရာထူးတာဝန်ကိုယူရမှာဖြစ်တဲ့အတွက် ပဋိပက္ခတွေ ၊ အကြမ်းဖက်မှုတွေ ၊ မတည်ငြိမ်မှုတွေနဲ့၊  နိုင်ငံရဲ့ ဂုဏ်သိက္ခာကိုလည်း မကျဆင်းစေချင် ပါ။ နောက်တစ်ခုက မြေယာသိမ်းဆည်းမှုတွေနဲ့ပတ်သက်ပြီး ဆန္ဒပြမှုတွေဟာ တစ်နိုင်ငံလုံးမှာ ကြီးထွား လာနေတဲ့အပေါ် ၂၀၁၄ ခုနှစ်အတွင်း ဖြေရှင်းပေးနိုင်ဦး မလားဆိုတာ မရေရာ မသေချာသေးပါဘူး။ ၂၀၁၄ မှာ တိုင်းပြည်တည်ငြိမ်မှုမရှိရင် ၂၀၁၅ မှာ ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲဟာလည်း အေးအေးချမ်းချမ်းပြုလုပ်နိုင်ပါ့မလား။

နိုင်ငံတော်သမ္မတကြီးကတော့ မိမိတို့အစိုးရအဖွဲ့ဟာ အချိန်အကန့်အသတ်နဲ့ တိုင်းပြည်တာဝန် ယူရတာဖြစ်တဲ့အတွက် အစိုးရအဖွဲ့ရဲ့ သက်တမ်း လ(၃၀)ကျော်အတွင်း ဆောင်ရွက်ခဲ့တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုများဟာ သမိုင်းမှာကျန်ရစ်နေပြီဖြစ်ကြောင်း အောင်မြင်မှုများကို လက်ချိုးရေတွက်၍ ပြနိုင်သလို၊ အခက်အခဲများ၊ အတားအဆီးများ စိန်ခေါ်မှုများစွာ ကြုံတွေ့ခဲ့ရကြောင်း အချိန်အကန့်အသတ်နဲ့ တိုင်းပြည်ကို  တာဝန်ယူဆောင်ရွက်နေရတာဖြစ်တဲ့အတွက် တိုင်းပြည်အတွက် ဒေသအလိုက် ဆောင်ရွက်စရာတွေ များစွာရှိနေသော်လည်း ကျန်ရှိနေတဲ့ (၂၄)လတာကာလအတွင်း လုပ်ငန်း(၂)ခုကို စဉ်းစားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ အချိန်တိုအတွင်း ပြည်သူတွေ မြန်မြန်ဆန်ဆန် တိုက်ရိုက်အကျိုး ခံစားရမယ့် ဦးစားပေးလုပ်ငန်းတစ်ခုကို ဆောင်ရွက်ရင်း တိုင်းပြည်ရေရှည်ဖွံ့ဖြိုးတိုးတက် ရေး  လုပ်ငန်းတွေကိုလည်း အုတ်မြစ်ချရမှာဖြစ်ကြောင်း ပဉ္စမအကြိမ်မြောက် စီမံကိန်း ကော်မရှင် အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ လက်ရှိအစိုးရအနေနဲ့တော့ သမိုင်းမှာ နာမည်ကောင်းလေးနဲ့ ကျန်ရစ်အောင်တော့ ကျန်ရှိတဲ့သက်တမ်းမှာ ကြိုးစားသွားမယ်လို့ ယုံကြည် ပါတယ်။

ဒီလိုဆိုတော့ ၂၀၁၄ မှာ ပြည်သူတွေအတွက် မျှော်လင့်ချက်လေးရှိလာပြန်တယ်ပေါ့။ ဘာပဲဖြစ်ဖြစ် အမြဲတမ်းပဲ အကောင်းမြင်ရမှာမဟုတ်သလို၊ အရာရာကိုလည်း အဆိုးမြင်နဲ့ မကြည့်သင့်ပါ။ မျှမျှတတ တွေး၊ မျှမျှတတလုပ်ဆိုသလို အားလုံးညှိညှိနှိုင်းနှိုင်းဆောင်ရွက်ကြရင်တော့ ၂၀၁၄ခုနှစ်ဟာ အမိမြန်မာ နိုင်ငံတော်ကြီးအတွက် အေးချမ်းသာယာတဲ့ နှစ်တစ်နှစ်အဖြစ် ဆောင်ကြဉ်းပေးနိုင်ကြလိမ့်မယ်လို့ မျှော်လင့် နေရကြောင်းပါ။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *